Related Posts Plugin for WordPress, Blogger...

Friday, November 8, 2013

ကြည်ညိုဖွယ်ရာနှင့် လေ့လာစရာများ ပြည့်လျှမ်းနေသည့် ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူ

Photo: ကြည်ညိုဖွယ်ရာနှင့် လေ့လာစရာများ ပြည့်လျှမ်းနေသည့် ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူ

လင်းကြည်လင်း

''ပြင်ဦးလွင်ကို ရောက်လျှင် ပွဲကောက် ရေတံခွန်၊ ဓာတ်တော်ချိုင့်၊ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်၊ အမျိုးသား ကန်တော်ကြီး ဥယျာဉ်၊ ပိတ်ချင်းမြောင်၊ မဟာ အံ့ထူးကံသာနှင့် နှီးဘုရားတို့ကို ရောက်အောင် သွားပြီး ဖူးမြော် လေ့လာခဲ့နော်'' လို့ အိမ်သူသက်ထား အမှာတော် ပါးလိုက်သည်ကိုတော့ မေ့၍ မဖြစ်။ ပထမဆုံး အနေဖြင့် ပိတ်ချင်းမြောင်ကို စတင် သွားရန် တူညီသော ဆုံးဖြတ်ချက်ဖြင့် ပြင်ဦးလွင်ကို ဖြတ်၍ မန္တလေး- လားရှိုး လမ်းအတိုင်း ခရီးဆက် လာခဲ့သည်။

ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူသည် ပြင်ဦးလွင်မြို့၏ အရှေ့ဘက် ၁၂ မိုင်ခန့် အကွာတွင် တည်ရှိသည်။ မန္တလေး- လားရှိုး လမ်းမှ အတွင်းဘက်သို့ နှစ်မိုင် နီးပါးခန့် ဝင်ရသည်။ ယာဉ်ရပ်နား စခန်းမှ သိဒ္ဓိမင်္ဂလာ တံတားကို ဖြတ်၍ လိုဏ်ဂူတော်သို့ လမ်းလျှောက် သွားကြသည်။ ဈေးတန်း တစ်လျှောက်တွင် စားသောက် ဆိုင်များ၊ဒေသ ထွက်ကုန် အရောင်းဆိုင်များ၊ အမှတ်တရ အထိမ်းအမှတ် ပစ္စည်း အရောင်းဆိုင် များကို တွေ့ရသည်။ လိုဏ်ဂူ အဝင်ဝတွင် ရေကစားသူများ၊ ဓာတ်ပုံရိုက်သူ များကလည်း ပျားပန်းခပ်မျှ စည်ကား လှသည်။ လိုဏ်ဂူတော် အပြင်ဘက်ရှိ စိတ္တသုခ ဓမ္မာရုံ အနီးရှိ နဂါးရုံ ဘုရားနှင့် နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို ဦးစွာ ဖူးမြော်ရသည်။ လိုဏ်ဂူ နံရံများရှိ ကျောက်ခက် ပန်းဆွဲများက ထူးခြား လှပသည့် ရုက္ခဗေဒ ဝိသေသ များကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ အံ့သြဘနန်းဖြင့် ချီးမွမ်း လေ့လာနေကြသည်ကို တွေ့ရသည်။ လိုဏ်ဂူတော် အတွင်းရှိ သဘာဝ အလျောက် နေရာအနှံ့မှ မြေအောက် ရေထွက် စိမ့်စမ်းများကြောင့် ဖြစ်နေသော စမ်းချောင်းသည် တစ်နှစ်ပတ်လုံး စီးဆင်းနေသည် ဖြစ်၍ ထူးခြားသည့် ဒေသန္တရ သဘာဝ ဝိသေသများကို တွေ့ရှိခဲ့ရသည်။

ထိုသို့ ထူးခြားလှသည့် သဘာဝ ဝိသေသများနှင့် ပြည့်စုံသော ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူတော် ကြီးနှင့် ပတ်သက်သည့် ရာဇဝင် သမိုင်းကြောင်းများ အပါအဝင် အချက်အလက်များနှင့် ဒေသ ပတ်ဝန်းကျင် ဆိုင်ရာ အချက် အလက်များကို သိလိုစိတ်ဖြင့် ဂေါပက အဖွဲ့ဝင် တစ်ဦးထံ မေးမြန်း ဖြစ်ခဲ့သည်။

လိုဏ်ဂူ၏ အရှည်သည် ပေပေါင်း ၁၆ဝဝ ကျော် ရှိသည်။ အမြင့်ဆုံး နေရာသည် ပေ ၄ဝ ခန့် ရှိပြီး အနိမ့်ဆုံး နေရာသည် ငါးပေခန့်၊ အကျယ်ဆုံး နေရာသည် ပေ ၃ဝ ခန့်နှင့် အကျဉ်းဆုံး နေရာသည် လေးပေခန့် ရှိသည်။ သဘာဝ ထုံးကျောက်လိုဏ်ဂူဟု သိရသည်။ လိုဏ်ဂူတော်ကြီးသည် ပြတ်ရွေ့ကြောကြီးမှ တစ်ဆင့် ဖြစ်ပေါ်လာသည့် ကျောက်ဂူကြီး ဖြစ်ပြီး ရှေးနှစ် သန်းပေါင်းများစွာ ကတည်းက ဖြစ်တည် လာသည်ဟု သိပ္ပံ ပညာရှင်များက မှတ်ချက် ပြုထားကြောင်း သိရသည်။

ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူနှင့် ပတ်သက်၍ ဒေသဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေ များကို ပြောကြားရာတွင် ယင်းဂူသည် တောင်ပတ်လည် ဝိုင်းပြီး ဒယ်အိုးသဏ္ဌာန် မြေအနေအထား ရှိသည်။ ရေလမ်းတောင်၊ ဝါးမျှင်တောင်၊ တောင်ချောင်းတောင်ဟူ၍ တောင်သုံးလုံးဖြင့် ဝန်းရံထားသည်။ ပိတ်ချင်းမြောင်၊ ဝက်လူးမြောင်၊ တရော်မြောင် ဟူ၍ မြောင်သုံးမြောင် ရှိကြောင်းနှင့် သုံးဆင့် ရေတံခွန်၊ ငါးတွင်းကြီး ရေတံခွန်၊ ရေသရောက် ရေတံခွန် စသည်ဖြင့် ရေတံခွန် သုံးခုလည်း ၎င်းဂူ ပတ်ဝန်းကျင်တွင် ရှိသည်ဟု သိရသည်။ ထို့အပြင် ဂဲလောင်းချောင်း၊ ပိတ်ချင်းချောင်း၊ ငုတ်တွင်းချောင်း စသည့် ချောင်း သုံးချောင်း၊ ငါးတွင်းကြီး၊ ငါးတွင်းလေး၊ စနိတ်တွင်း ဟူ၍ တွင်းသုံးတွင်း၊ ပိတ်ချင်းဂူ၊ နှစ်ထပ်ဂူ၊ ကျားပါးစပ်ဂူ စသည့် ဂူသုံးဂူ၊ နတ်ကမ်းပါးချောက်၊ ကျိုက်ထီးရိုးချောက်၊ ရေသရောက်ချောက် စသည့် ချောက်သုံးချောက် တို့လည်း အဆိုပါဂူ၏ ပတ်ဝန်းကျင်တွင် လေ့လာနိုင်ကြောင်း ရှင်းပြ ခဲ့သဖြင့် လေ့လာထိုက်သည့် ဒေသ ဆိုင်ရာ အချက် အလက်များစွာ ရရှိခဲ့သည်။

မဟာနန္ဒမူ လိုဏ်ဂူတော်၏ နောက်ခံ ရာဇဝင်သမိုင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် မြတ်စွာ ဘုရားရှင်သည် ဝေလ္လဗေဝ တောင်တော်ခေါ် ပြင်ဦးလွင် ဒေသသို့ ဒေသစာရီ ကြွချီတော် မူလာစဉ် ယင်းတောင်တော် အနီးတွင် တောင်ယာ လုပ်ကိုင်သူ စိန္တာပါလ လုလင်မှ သစ်သီးဆွမ်းများ ကပ်လှူခဲ့ရာ ဘုရားရှင်က ဤဒေသသည် နောင်တွင် သာသနာတော် ပွင့်လန်းလာမည့် နေရာဖြစ်မည်ဟု ဗျာဒိတ် ပေးတော် မူခဲ့သည်။ ဗျာဒိတ်တော်တွင် ပါသည့်အတိုင်း ''ချောင်းချောက် ဂူမြောင် သုံးတွင်းတောင် သုံးအောင် ရေတံခွန် ကံတူထွဋ်ခေါင် ပိတ်ချင်းမြောင် အောင်မြေ နတ်လမ်းညွှန်'' ဆိုသည့် အတိုင်း တောင်သုံးတောင်၊ မြောင်သုံးမြောင်၊ ချောင်းသုံးချောင်း၊ ဂူသုံးဂူ၊ တွင်းသုံးတွင်း၊ ချောက်သုံးချောက်နှင့် ရေတံခွန် သုံးခုတို့ ကောင်းခြင်း လက္ခဏာ ပြည့်စုံစွာ တည်ရှိရာ ထိုဒေသကို စိန္တာပါလ လုလင်မှ စတင် ရှာဖွေတွေ့ရှိခဲ့သည်။

နောက်ပိုင်းတွင် သူတော်စင်များ၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ တရားကျင့်ကြံ အားထုတ်သည့် နေရာ မြတ်လည်း ဖြစ်သည်ဟု သိရသည်။ ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူသည် ပြည်တွင်း ဘုရားဖူးများ သာမက ပြည်ပ ခရီးသွားများ၏ စိတ်အာရုံကို ဆွဲဆောင် ဖမ်းစားနိုင်သည့် နေရာလည်း ဖြစ်၍ တောတောင် စိမ့်စိမ်း တောပန်းများဖြင့် သာယာစီးမျော လွမ်းမောဖွယ် ကောင်းလှသည့် ထိုနေရာသည် ကြည်ညိုဖွယ်ရာ လေ့လာစရာ များဖြင့် ပြည့်လျှမ်း နေသဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများ လေ့လာ မှတ်သား ကြည်ညိုသဒ္ဓါ ပွားနိုင်ရန် ခရီးသွားရင်း ရေးသား လိုက်ရပါသည်။ ။

အေးချမ်းမွန် Credit To >မြ၀တီ<Thanks
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

0 comments:

Post a Comment

Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U