Related Posts Plugin for WordPress, Blogger...
Showing posts with label လိင်တူဆက်ဆံရေး. Show all posts
Showing posts with label လိင်တူဆက်ဆံရေး. Show all posts

Wednesday, January 1, 2014

ဘေးကင်းတဲ့ ဖိုမဆက်ဆံရေး




၁၉၈၀ပြည့်လွန်နှစ်များမှာ အေအိုင်ဒီအက်(စ်)ရောဂါဆိုး စတင်ပြန့်ပွားလာခဲ့ပြီးတဲ့နောက် “ဘေးကင်းတဲ့ လိင်ဆက်ဆံမှု” (Safe Sex)ကို စတင်ပြီး ဆော်ဩ မြှင့်တင်ခဲ့ကြပါတယ်။ သို့ပေမယ့် ဘေးကင်းတဲ့ လိင်ဆက်ဆံမှု နည်းစနစ်များကို လိုက်နာကျင့်သုံးခြင်းကြောင့် အေအိုင်ဒီအက်(စ်)ရောဂါ ကိုသာမကဘဲ တခြားတခြားသော လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
ဘေးကင်းတဲ့ လိင်ဆက်ဆံမှုဟာ ဆင်ခြင်ဉာဏ်အရ လိုက်နာ ကျင့်သုံးအပ်တဲ့ အချက်တစ်ချက်ဖြစ်သလို လိင်မှုရေးရာ လှုပ်ရှားဆောင်ရွက်မှုအမျိုးမျိုးအပေါ်မှာ ပါဝင်နေတတ်မြဲ ဘေးအန္တရာယ်ပေါင်းစုံကို နားလည်သိရှိထားတဲ့အပေါ်မှာလည်း အများကြီး မူတည်လို့နေပါတယ်။

အန္တရာယ်အလွန်ကြီးသော လိင်မှုရေးရာ ဆောင်ရွက်ချက်များ

  • တမင်္ဂလာဖြစ်စေ၊ မတော်တဆဖြစ်စေ သွေးထွက်လာစေနိုင်တဲ့ ဘယ်လို လိင်မှုရေးရာ ဆောင်ရွက်ချက်မျိုးမဆို
  • ကွန်ဒုံးမသုံးဘဲ ဓမ္မတာမဟုတ်သောနည်းဖြင့် လိင်ဆက်ဆံခြင်း
  • ကွန်ဒုံးမသုံးဘဲ ဓမ္မတာအတိုင်း လိင်ဆက်ဆံခြင်း
  • လက်ချောင်းများကို စအိုထဲသို့ ထိုးသွင်းခြင်း

အန္တရာယ်အတန်အသင့်ကြီးသော လိင်မှုရေးရာ ဆောင်ရွက်ချက်များ

  • ကွန်ဒုံးသုံးပြီး ဓမ္မတာမဟုတ်သောနည်းဖြင့် လိင်ဆက်ဆံခြင်း
  • ကွန်ဒုံးသုံးပြီး ဓမ္မတာအတိုင်း လိင်ဆက်ဆံခြင်း
  • အမျိုးသားက လေချိုသွေးခြင်း (cunnilingus)
  • အမျိုးသမီးက လေချိုသွေးခြင်း (fellatio) (အထူးသဖြင့် အမျိုးသား ဇာတ်သိမ်းသည်အထိ လေချိုသွေးခြင်း)
  • စအိုဝကို လေချိုသွေးခြင်း
  • ကျင်ငယ်စွန့်ခြင်းပါဝင်သည့် မည်သည့် လိင်မှုရေးရာ ဆောင်ရွက်ချက်မဆို
  • အနမ်းစို နမ်းခြင်း

အန္တရာယ် သိပ်မကြီးသော လိင်မှုရေးရာ ဆောင်ရွက်ချက်များ

  • (cunnilingus နှင့် fellatio မပါဘဲ) အခြားနည်းဖြင့် အပြန်အလှန် အာသာဖြေပေးခြင်း
  • အနမ်းခြောက် နမ်းခြင်း

အန္တရာယ် လုံးဝ မရှိသော လိင်မှုရေးရာ ဆောင်ရွက်ချက်များ

  • မျိုးဆက်ပွားအင်္ဂါ မပါသော နှိပ်နယ်မှု
  • တစ်ကိုယ်ရေ အာသာဖြေခြင်း

ကွန်ဒုံး အသုံးပြုခြင်း

လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါကို ကာကွယ်တိုက်ဖျက်ရာမှာ အဓိက အကျဆုံး လက်နက်ကိရိယာအနေနဲ့  အခုအခါမှာ ကွန်ဒုံးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။ ဒါမှမဟုတ်လည်း ကွန်ဒုံးကို အသုံးပြုဖို့ ကျန်းမာရေးဝန်ထမ်းအသီးသီး၊ အဖွဲ့အစည်းအသီးသီးက ဆော်ဩနေကြပါပြီ။ ကွန်ဒုံးဟာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ရာခိုင်နှုန်းပြည့် ကာကွယ်ပေးနိုင်တယ်လို့ အပြတ်အသား အာမခံပေးလို့ မရသည့်တိုင် ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို သိသိသာသာကြီး လျော့ပါးသွားစေနိုင်တာလည်း အမှန်ပါပဲ။
အသုံးပြုနေဆဲမှာ ကွန်ဒုံး စုတ်ပြတ် ပေါက်ပြဲသွားခြင်း မရှိရင်ဖြစ်စေ၊ အသုံးပြုပြီးနောက် စနစ်တကျ ဖယ်ရှားစွန့်ပစ်ရင်ဖြစ်စေ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါအတော်များများကို ကောင်းကောင်းကြီး ကာကွယ်ပေးနိုင်တယ်လို့တော့ ပြောနိုင်ပါလိမ့်မယ်။ အထူးသဖြင့် အေအိုင်ဒီအက်(စ်) နဲ့ ကာလသားရောဂါလို အသက်ကို ရန်ရှာနိုင်တဲ့ ရောဂါဆိုးမျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ကွန်ဒုံးသုံးတဲ့အခါ…
  1. ဓမ္မတာအတိုင်းဖြစ်စေ၊ ဓမ္မတာမဟုတ်သော နည်းဖြင့် ဖြစ်စေ၊ လေချို သွေးမယ်ဆိုရင်ဖြစ်စေ အဲဒါတွေ မလုပ်ခင်မှာ ကွန်ဒုံးကို ဝတ်ဆင်ရပါမယ်။ အဲလို ဝတ်ဆင်ချိန်မှာ ငယ်ပါက အပြည့်အဝ တင်းမာနေဖို့ လိုအပ်ပါတယ်။
  2. ကွန်ဒုံး ထိပ်က ခေါင်းလေးထဲမှာ လေမခိုအောင် အဲဒီ့ ထိပ်ပိုင်းလေးကို လက်ချောင်းတွေနဲ့ ဖိညှစ်ပြီးတဲ့နောက် ကွန်ဒုံးအလိပ်လေးကို ငယ်ပါတစ်လျှောက် ငယ်ပါကို ပြည့်ပြည့်ဝ၀ အုပ်မိတဲ့အထိ ဖြည်ယူရပါမယ်။  ကွန်ဒုံးကို အတင်း ဆွဲမဆန့်ရပါဘူး။ စုတ်ပြဲသွားနိုင်လို့ပါ။
  3. ဖယ်ရှားတဲ့အခါမှာ ကွန်ဒုံးရဲ့ အရင်းကို ကိုင်ထားမှသာ ကွန်ဒုံးထဲမှာ ရောက်နေတဲ့ ဖိုမျိုးရည်များ မဖိတ်မစင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ကွန်ဒုံးတစ်ခုကို တစ်ကြိမ်သာ အသုံးပြုသင့်ပါတယ်။

အစပျိုးခြင်း

“လမ်းခေါ် ဗျော်မှည့် (ပျော်မှည့်)”ဆိုတာမျိုးက လူနည်းစုတချို့အတွက် ကျေနပ်စရာကောင်းနေတတ်ပေမယ့် လူအများစုအတွက်တော့ တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားရာကနေ ချစ်ခင်စုံမက် နှစ်သက် မြတ်နိုးမှုရှိမှ အဖိုနဲ့ အမကြားမှာ သာယာမှုအပေါင်းနဲ့ ပြည့်စုံတာလို့ ခံစားနားလည်ထားကြပါတယ်။ အဲဒီ့ ချစ်ခင်နှစ်သက် စုံမက်တယ်ဆိုတဲ့ နေရာမှာလည်း တစ်ဖက်သားကို ရင်းနှီးကျွမ်းဝင်မှုဆိုတာ ပါပါတယ်။ ချစ်တင်းနှောခြင်းဟာ ကမ်းကုန်အောင် ရင်းနှီးကျွမ်းဝင်သွားစေနိုင်တဲ့ အပြုအမူပါပဲ။
အဲ… သို့ပေမယ့် တစ်ဖက်သားကို ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီး သိလာနိုင်ဖို့အတွက် ကိုယ့်ဘက်ကလည်း ဘာကိုမှ မခြွင်းမချန် တစ်ကွက်မှ မကျန်စေဘဲ ပွင့်လင်းဖို့ လိုအပ်ပြန်တယ်။ အထူးသဖြင့် တစ်ယောက်နဲ့ တစ်ယောက် ကမ်းကုန်အောင် ကျွမ်းဝင်ရင်းနှီးစေတဲ့ ချစ်တင်းနှောခြင်း အမှုကို ပြုကြရာမှာ ကိုယ့်ဘက်က မပွင့်လင်းရင် ဘယ်လိုမှ သာယာကြည်နူးစရာလည်း မကောင်း၊ ကျေနပ်စရာလည်း မကောင်းနိုင်တော့ဘဲ စိတ်ပျက်စရာကြီးသာ ဖြစ်နေတော့မှာပါ။
အဖိုနဲ့ အမကြားမှာသာ မဟုတ်ပါဘူး။ လူနဲ့ လူချင်း ပေါင်းသင်း ဆက်ဆံကြရာမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နားလည် သိရှိမှုနဲ့ ပွင့်လင်းမှု မရှိရင် ဘယ်ဆက်ဆံရေးမှ ရေရှည်မခံနိုင်ပါဘူး။
ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်လိုတဲ့ အဖိုနဲ့ အမတို့ကြားမှာ ဆိုရင်တော့ ဟိုးအစကတည်းက အမှန်တွေ အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောထားနိုင်မှ တန်ကာကျပါမယ်။ အထင်သေးသွားမှာ စိုးလို့  ဖုံးထား၊ ကွယ်ထား၊ ဝှက်ထားတာတွေ၊ သိချင်၊ တတ်ချင်ယောင်ဆောင်တာမျိုးတွေဟာ ရေရှည်မှာ အကြီးအကျယ် ဒုက္ခပေးနိုင်တဲ့အချက်ကို မမေ့အပ်ဘူး။ အဲသလို အမှန်ကို ဖုံးဖိထားသမျှအားလုံးဟာ အဖိုနဲ့ အမ တို့ကို တစ်ယောက်နဲ့တစ်ယောက် ရင်းနှီး ကျွမ်းဝင်လာအောင် ဆောင်ရွက်ပေးနိုင်စွမ်းမရှိရုံသာမက တစ်ယောက်နဲ့ တစ်ယောက် သာလို့ သာလို့ ဝေးသွားစေတတ်ပါတယ်။
ချစ်ခင်နေကြတဲ့ ဆက်ဆံရေးတစ်ရပ်မှာ တစ်ဖက်သား စိတ်ချမ်းသာအောင်၊ ဒါမှမဟုတ် ကိုယ့်ကို အထင်ကြီးလာအောင် ဘာမဟုတ်တာလေးအတွက်ပဲဖြစ်ဖြစ် လိမ်ညာ ဖုံးဖိထားခြင်းဟာ တစ်ဖက်သားကို စော်ကားရာရောက်သလို ဆက်ဆံရေးကိုလည်း တစ်မုဟုတ်ချင်း ပျက်စီးသွားစေနိုင်တယ်။ တစ်ဖက်ကလည်း ရိုးသား ဖြောင့်မတ်ခြင်းကြောင့် အဲဒီ့ အဖိုနဲ့ အကြားက တပ်မက်မှု အရှိန်အဟုန်ကိုတောင် ပိုလို့ နှိုးဆွပေးစေနိုင်တာကို မမေ့သင့်ဘူး။ အမှန်တရားဟာ ကမ္ဘာ့အကောင်းဆုံး ကာမအားတိုးဆေးကြီးတစ်ဖုံလို့တောင် အလွန်အကျူး ပြောလိုက်ချင်ပါတယ်။
လူတိုင်းလူတိုင်းဟာ ခံစားချက်အရရော နှလုံးသားရေးရာအရပါ အားနည်းချက်တွေ၊ ပျော့ကွက်တွေ ရှိကြသူချည်းပါ။ သည်တော့ ချစ်တင်းနှောဖို့ စိတ်ကူးလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့ ပျော့ကွက်တွေ၊ အားနည်းချက်တွေကြောင့် စိုးရိမ်ကြောင့်ကြနေတဲ့အကြောင်း အရင်ဆုံး ပြောချလိုက်သင့်ပါတယ်။ သည်နေရာမှာ မမေ့သင့်တဲ့အချက်က ချစ်တင်းနှောတယ်ဆိုတာဟာ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ပြီးမှ ဆောင်ရွက်ကြရမြဲကိစ္စတစ်ရပ်ဖြစ်သလို ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဆန္ဒကို ချိုးနှိမ် မရလို့ ပြုဖြစ်ကြတဲ့ လူ့ကိစ္စလည်းပဲဖြစ်တယ်ဆိုတာကိုပါပဲ။ အဲဒါကြောင့် ကိုယ့်ဘက်က မထိန်းနိုင် မသိမ်းနိုင်နဲ့ နွားသိုးကျိုးပြတ်တွေ လျှောက်လုပ်စရာ ဘာအကြောင်းမှ မရှိပါဘူး။
တွေ့ကရာ ညစ်ညမ်းရုပ်ရှင်တွေ၊ စာပေတွေထဲကလို အဖိုနဲ့အမတို့ဟာ စတွေ့ကတည်းက လိင်မှုကိစ္စကိုပဲ အသားပေးနေကြသူများ မဟုတ်ပါဘူး။ ချစ်တင်းနှောတယ်လို့ ဆိုကတည်းက ထွေးပွေ့တာ၊ ထိတို့တာ၊ ခံစားတာ၊ နှိုးဆွတာ၊ ယုံကြည်တာ၊ စကားတွေပြောကြတာ၊ တစ်ယောက် ပြောတာကို နောက်တစ်ယောက်က နားထောင်တာစတဲ့ အချက်များ အားလုံးကလည်း သည်လိင်မှုကိစ္စထဲမှာ အဓိက အခန်းကဏ္ဍက ရောယှက် ပါဝင်နေပါတယ်။

ယောကျာ်းတွေ သတိထားသင့်တဲ့အချက်များ

  • ကိုယ့်ရဲ့အသွင်အပြင်နဲ့ သန့်ရှင်းမှုကို အထူးဂရုစိုက်သင့်ပါတယ်။ မုတ်ဆိတ် ကျင်စွယ် မရိတ်မပယ်ဘဲ၊ ရေမချိုးဘဲ ဘယ်တော့မှ ချစ်တင်းနှောဖို့ မကြိုးစားပါနဲ့။
  • ကျကျနနလေး ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။ အမျိုးသမီးတိုင်းလိုလိုဟာ သူတို့ကို ဂရုစိုက်တာ၊ ကြင်နာတာ၊ အလေးပေးတာကို ကြိုက်တတ်ကြပါတယ်။ ပန်းစည်းလှလှလေးတစ်စည်းပဲ ဖြစ်ဖြစ်၊ ဖယောင်းတိုင်မီးရောင်လေးနဲ့ ကဗျာဆန်ဆန် ညစာစားပြီးတော့ပဲဖြစ်ဖြစ် ကြိုတင် ချိန်းချက် တွေ့ဆုံတာ၊ စကားစမြည်ပြောတာမျိုးဟာ ဂရုစိုက်တာ၊ အလေးပေးတာကို ပြသရာရောက်စေတတ်ပါတယ်။ ခင်ဗျားဟာကလည်း ဇယားရှုပ်လိုက်တာဗျာလို့ မပြောစေချင်ဘူးနော်။ လူဆိုတာ သူသူကိုယ်ကိုယ် ဂရုအစိုက်ခံချင်၊ အရေးပေးခံချင်တဲ့သူချည်းသာမို့ ကိုယ့်ချစ်သူကိုလည်း တစ်နည်းနည်းနဲ့ ဂရုစိုက်ပြတာမျိုးဟာ မင်္ဂလာရှိပါသဗျာ။ ပန်းစည်းဖိုး၊ ညစာဖိုး မတတ်နိုင်ဘူးဆိုရင်တောင် ခရေပန်းလေးတစ်ကုံးပဲဖြစ်ဖြစ်၊ သူ ကြိုက်တတ်တဲ့ စားစရာလေးတစ်ခုနဲ့ဖြစ်ဖြစ် ကြည်နူးစရာကောင်းအောင် ဖန်တီးလို့ ရတာကိုလည်း မမေ့စေချင်ဘူးဗျို့။
  • ကိုယ့်ချစ်သူရဲ့ အသွင်အပြင်၊ သူ့ကိုယ်နံ့မွှေးပျံ့မှုကို ချီးကျူးပေးသင့်ပါတယ်။ လက်ကလေးကို ကိုင်၊ မြတ်နိုးစုံမက်စွာ ဖွဖွနမ်းတာမျိုးလည်း အင်မတန် လုပ်သင့်တဲ့အလုပ်ပါ။ တစ်ဆက်တည်းမှာပဲ သူနဲ့ မျက်လုံးချင်း ဆုံဖြစ်အောင်၊ ပြုံးနေဖြစ်အောင်လည်း ကြိုးစားရပါဦးမယ်။
  • သူ့အပေါ်မှာ အာရုံစိုက်ဖို့လည်း လိုသဗျ၊ နော။ အိမ်မှာပဲဖြစ်ဖြစ်၊ သူနဲ့ကိုယ်နဲ့ ပွဲလမ်းသဘင်တစ်ခုတည်းမှာ ရောက်နေချိန်မှာပဲဖြစ်ဖြစ် သူ့ကို ဂရုတစိုက် ရှိနေရပါလိမ့်မယ်။ အိမ်မှာမို့ ကိုယ် သဘောကျတဲ့ ဘောလုံးပွဲကို မဲပြီး ကြည့်ကာ သူ့ကို လစ်လျူရှုထားတာမျိုး၊ ပွဲလမ်းသဘင်မှာလည်း သူငယ်ချင်းတွေနဲ့ တွေ့ပြီး သူ့ကို မေ့ထားကာ သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကျနေတာမျိုးတွေဟာ အဲဒီ့ နောက်ပိုင်း ချစ်တင်းနှောဖို့အတွက်ကျ အခက်တွေ့နေစေနိုင်တဲ့ အာရုံမစိုက်နိုင်မှုမျိုးတွေပါပဲ။
  • ချစ်တင်းနှောတော့မယ့်အဆင့်ကို ရောက်လာချိန်မှာတော့ သူ့ရဲ့ ဆန္ဒတွေကို အလေးအနက် ဂရုစိုက်သင့်ပါတယ်။ ပြီးရင် အပျိုးကာလကို အတတ်နိုင်ဆုံး အကြာမြင့်ဆုံး အချိန်ယူဖြတ်သန်းရပါလိမ့်မယ်။ ဆိုလိုတာက နောက်ပိုင်းဇာတ်ကို တန်းမကဘဲ ကရောင်းရိုက်တာ၊ ပတ်ဆင့်တာ၊ နတ်ပင့်တာစတဲ့ အဆင့်များအတွက် အချိန်များများ ယူသင့်လှပါသဗျား။
  • ကိုယ့်ဘက်က ဇာတ်သိမ်းကိုရောက်သွားပြီးတဲ့နောက် ချက်ချင်း အိပ်မောကျမသွားအောင်လည်း ကြိုးစားတော်မူပါခင်ဗျ။ ဇာတ်သိမ်းကို ရောက်ပြီးတဲ့နောက်လည်း သူနဲ့ ခနတဖြုတ် စကားလေး ပြောရင်း ထွေးပွေ့ထားတာမျိုးကို လုပ်သင့်လှပါတယ်။

လိင်တူချ​င်း တပ်မက်​မှု​နှ​င့် စပ်လျဉ်း၍






“လောကအလှ” အင်တာနက် မဂ္ဂဇင်း စာမျက်နှာက “လိင်တူချင်းတပ်မက်မှု”နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မေးမြန်းခဲ့ဖူးပါတယ်။ အဲဒါကို http://lawka-ahla.com/news.php?item.1167 မှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။ အဲဒါလေးကို သူ့စာမျက်နှာကပဲ ကူးယူပြီး ကျွန်တော့် ပရိသတ်အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

မေး
။   ။အမျိုးသားတစ်ဦးက သူ့ကိုယ်သူ လိင်တူချင်းကို နှစ်သက်တဲ့သူဆိုတာကို အသက်ငယ်စဉ်မှာ တင်သိနိုင်သလား ဆရာ။  အသက်ငယ်စဉ်မှာကတည်းက ကိုယ့်ကိုယ်ကို သိနိုင်တာပဲ။ သက်လတ်ပိုင်းအရွယ်ကျမှ လိုင်းပြောင်းသွားတာမျိုးဆိုတာ ဖြစ်နိုင်ပါသလား။

အတ္တကျော်
 ။   ။ ကျွန်တော့်ဆီမှာ ကလေးရပြီး၊ ကလေးတော်တော် အရွယ်ရောက်ပြီးမှ အဲဒီ့လိုင်းကို အပြီး ပြောင်းသွားပြီး သူ့ကိုယ်သူ စက်ဆုပ်နေသူရဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာရှိပါတယ်။ အလားတူ စာတွေလည်း ရှိနေတဲ့အပြင် တစ်နေ့က Burnet Institute မှာ Sexuality အကြောင်း ဟောပြောတော့  တက်လာတဲ့ မေးခွန်းတွေထဲမှာ အိမ်ထောင်သည် ဖြစ်ပြီးမှ သည်လိုတွေ လိုင်းပြောင်းကုန်ကြတာ ဘာ့ကြောင့်လဲ ဆိုတဲ့ မေးခွန်းက ငေါငေါကြီး တက်လာပါတယ်။ လိုင်းပြောင်းတာ မဟုတ်ဘူး၊ အပုန်းတွေ ပွင့်လာတာလို့သာ ကျွန်တော် ဖြေခဲ့ပါတယ်။ (အဆိုပါ ဟောပြောချက်ကို Talking about sexualityတွင် နားဆင်နိုင်ပါသည်။) လောကကြီးဟာ တချို့တွေ တွေးသလောက် မဖြောင့်ပါဘူး။ အတွင်းစိတ်ထဲမှာ ငုပ်နေတဲ့ ခုခံမှု ယန္တယားရဲ့ အလုပ်လုပ်ပုံကလည်း အလွန် ပွေလီလှပါတယ်။
မေး။   ။ အိမ်ထောင်ပြုပြီးမှ လိုင်းပြောင်းသွားတတ်သူတွေ ရှိတယ်ဆိုရင် အိမ်ထောင်မပြုခင်က သူတို့ကိုယ် သူတို့ မသိနိုင်ဘူးလား ဆရာ။
အတ္တကျော် ။ လိင်တူချင်း တပ်မက်သူက စုစုပေါင်း ၆ မျိုး ရှိပါတယ်။ (၁) အပွင့် (receiver)၊ (၂) အပုန်း (receiver)၊ (၃) ဂလန် (၀ါ) နှစ်ဖက်ချွန် (၀ါ) Bi (both receiver and provider and finds pleasure in both sexes) ၊ (၄) သ…ူငယ် (provider) (၅) Offer (provider) နဲ့ (၆) အခြောက်တို့ ဖြစ်ပါတယ်။ တချို့ ပြောတဲ့ လိုင်းပေါင်းစုံ “မထသ”က အမှတ်စဉ် ၃ ဂလန်နဲ့ ၄၊ ၅ တို့သာဖြစ်ပါတယ်။ ၄ နဲ့ ၅ ကကျတော့ အပုန်းတွေ၊ အပွင့်တွေ၊ ဂလန်တွေဆီက ချူစားနေသူမို့ ပိုပြီး “မထသ”ဖြစ်ဖို့ များတယ်။ အမှတ်စဉ် ၆ က ရှုပ်ထွေးတယ်။ သူက လူက နွဲ့နေ၊ နုနေ၊ အလှကြိုက်နေ၊ သန့်နေတတ်ပေမယ့် လိင်ကိုင်းညွတ်မှု ရှိချင်မှလည်း ရှိမယ်၊ ရှိချင်လည်း ရှိမယ်။ အပုန်းတွေဟာ တစ်ခါတစ်ရံ သူတို့ရင်ထဲက ကိစ္စကို သူတို့ကိုယ်တိုင်တောင် မသိပါဘူး။ နာမည်နဲ့ မပြောကောင်းလို့သာပါ၊ မြန်မာပြည်မှာ အထင်ကရ တစ်ယောက် ရှိဖူးပါတယ်။ သူဟာ အသက် ၃၅ နှစ်လောက်အထိ မိန်းမပွေသူပါ။ သူ့ကိုယ်သူလည်း မသိပါဘူး။ ခုခံမှု ယန္တယားရဲ့ စေ့ဆော်မှုကြောင့် သူဟာ တကယ့် ကျားကျားလျားလျား ယောက်ျားတစ်ယောက်လိုပဲ နေနေခဲ့ပါတယ်။ ဒါပေမယ့် သည်သဘာဝကို နားလည်တဲ့ offer တစ်ယောက်နဲ့ ၃၅ ကျော်မှ တွေ့ပြီး သေသည်အထိ အဲဒီ့ဘ၀ကို ခံယူသွားပါတယ်။ သေခါနီးမှာ သူ့အကြောင်းနဲ့သူ မိန်းမ ယူပြသွားလိုက်ရသေးတယ်ဗျို့။ အဲဒါဟာ ခုခံမှု ယန္တယားရဲ့ ပွေလီပုံပါပဲ ခင်ဗျား။

မေး။       ။အိမ်နီးချင်းနိုင်ငံတစ်ခုနဲ့ စာရင် မြန်မာပြည်မှာက ဒီလို လိင်တူချင်းနှစ်သက် အတူနေထိုင်သူတွေကို မြင်ရတာ နည်းပါးပါတယ် ဆရာ။  မြန်မာပြည်မှာ လိင်တူချင်းအတူနေထိုင်သူ ပမာဏအင်မတန်နည်းပါးပါတယ်လို့ ယူဆလို့ရပါသလား။
အတ္တကျော် ။   ။ မြင်ရနည်းတာနဲ့ ရှိခြင်း၊ မရှိခြင်းက ဆက်စပ်ရ ခက်မယ် ထင်ပါတယ်။ ဒါတွေက ဘုရားလက်ထက်တော်ကတည်းက ရှိခဲ့တာ ကျမ်းဂန်တွေမှာ အထင်အရှားပဲလေ။ မြန်မာ့လူ့ဘောင်ကလည်း လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့ဘောင်မို့ တခြားလူ့ဘောင်တွေနည်းတူ ရှိနေတာပါ။ တစ်ခုပဲ၊ ပတ်ဝန်းကျင်က မတူသလို မတန်သလို ဆက်ဆံခံရမှာကြောက်၊ ဒါကြီးကို လွဲမှားနေတယ်ဆိုတဲ့“အစွဲမှားကြီး”နဲ့ လွဲနေတာများကြောင့် အပွင့်ထက် အပုန်းက များနေလို့သာ ကျွန်တော်တို့ဆီမှာ အမြင်ရ နည်းချင်သလိုလို ဖြစ်နေတာပါ။
ကျွန်တော်တို့ တခြားတဖက်က ဆင်ခြင်ကြည့်ရအောင်လား။ ပညတ်ချက်တွေ၊ ပတ်ဝန်းကျင် လူအများရဲ့ ငြင်းပယ်မှုတွေကြောင့် အပုန်းတွေ ဖြစ်နေကြတယ်ဆိုတဲ့အချက်က ယုတ္တိတန်လိမ့်မယ် ထင်ပါတယ်။ အဲလို ပုန်းနေခြင်းကြောင့် အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်တွေဟာ အပုန်းတွေရဲ့ သားကောင်တွေ ဖြစ်ကုန်ကြရတယ်၊ ခုနကပြောတဲ့ အတွင်းစိတ်ထဲမှာ ငုပ်နေတဲ့ ခုခံမှု ယန္တယားကြောင့် ဆန့်ကျင်ဘက်လိင်နဲ့ သူတို့ လက်ထပ်ပြီး အိမ်ထောင်ပြုထားကြတယ်။ အဲဒီ အမျိုးသမီးတွေ ဓားစာခံ ဖြစ်ရတယ်၊ တကယ်လို့သာ သူတို့ရဲ့ ခုခံမှု ယန္တယားကြောင့် ကလေးသားမြေး မွေးတဲ့အထိ ဖုံးပြထားပေမယ့် တချိန်မှာ ဆန္ဒအလိုကို မျက်စိမှိတ်လိုက်ရင်း ဖုံးမရ ဖမိရဖြစ်လာတဲ့အခါ အဲဒီ့ ကလေး သားမြေးတွေမှာ အရှက်ကွဲ၊ အကျိုးနည်းကြရပြန်တယ်။အဲလို ဖအေက မွေးလာပြီး လုပ်မိလုပ်ရာ လုပ်ရာက မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် နှစ် ၃၀ ကျော်ကျနေရင်း ထောင်ထဲမှာပဲ တိမ်းပါးသွားသူ တစ်ယောက် အကြောင်း ကြားလိုက်ရတာ မကြာသေးပါဘူး။ ခမျာမယ် သူ့ဖအေ ဘယ်သူဆိုတာ လူကြားထဲ ထုတ်မပြောရဲတဲ့ ဘ၀နဲ့ နေခဲ့ရတာပါ။ မပြောရဲဆို သူ့အဖေက နာမည်ကျော် အပွင့်ကြီး ဖြစ်သွားတာကိုး။
အဲတော့ သူတို့ ဖုံးနေ၊ ပုန်းနေတာဟာ သူတို့ကိုယ်သူတို့သာမက တခြား အပြစ်မဲ့ လူသားတွေကိုပါ ထိခိုက်နေတာ အသေအချာပါ။
သူတို့ကိုသာ ပွင့်လင်းခွင့်ပေးလိုက်မယ်ဆိုရင် သူတို့လည်း ဘယ်ဖုံးနေ ပုန်းနေတော့မလဲ။ အဲဒါဆိုရင် သူတို့ရဲ့ ကြိတ်ပုန်း သားကောင် ဖြစ်ရရှာလေမယ့် ဆယ်ကျော်သက်လေးတွေ၊ ဓားစာခံ ဖြစ်လေမယ့် အမျိုးသမီးတွေနဲ့ လူတော မတိုးရဲမယ့် လူသားတွေ လျော့ပါးသွားနိုင်မလားဆိုတာ စဉ်းစားနေမိပါတယ်။ သည်အတွက် ကျွန်တော်ကတော့ သူတို့ကို ပွင့်လာစေချင်တယ်။ အဲဒါကို “အားပေး အားမြှောက်”လို့ တံဆိပ်ကပ်မယ်ဆိုရင်လည်း ကျွန်တော် ခံလိုက်ပါတော့မယ်။ ကျွန်တော့်စေတနာက သားကောင်တွေနဲ့ ဓားစာခံတွေ မနစ်နာစေချင်တာလေ။ လူတို့ရဲ့ လိင်စိတ်နဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေကို အနည်းအပါး လေ့လာကြည့်မယ်ဆိုရင်တော့ ဒါဟာ သိပ်ကြီးကျယ်လှတဲ့ ပြဿနာ မဟုတ်ပါဘူး။ ညိုညို ကြိုက်တဲ့သူ၊ ဖြူဖြူကြိုက်တဲ့သူ၊ ထောင်ထောင်မောင်းမောင်း ထွားထွား ကြိုင်းကြိုင်း ကြိုက်တဲ့သူ၊ ပိန်ပိန်သွယ်သွယ် ကြိုက်တဲ့သူများနည်းတူ သူတို့သည်လည်း သူတို့ ကြိုက်ချင်ရာ ကြိုက်ကြတာဖြစ်သလို ဘယ်သန် ညာသန်များနည်းတူ အများနဲ့ မတူတဲ့ တစ်ဖက်မှာ သန်နေတာမို့ မူမှန်တယ်လို့သာ ပြောနိုင်ပါလိမ့်မယ်ခင်ဗျား။အိမ်နီးချင်းနိုင်ငံမှာ အပွင့်တွေ နေရာတကာမှာ တစ်နေ့တခြား သိသိသာသာ ပိုများလာတယ်ထင်ရင် တောင်ပြုန်းပွဲကို တစ်ခေါက်လောက် သွားကြည့်လိုက်စေချင်ပါတယ်။ ဘယ်နိုင်ငံက ပိုများလဲဆိုတာ မျက်စိနဲ့ တပ်အပ် မြင်စေချင်လို့ပါ။ တချို့က ပွဲတွေ၊ ပြိုင်ပွဲတွေ၊ အစီအစဉ်တွေ၊ လှုပ်ရှားမှုတွေ လိုတာထက် များနေလို့ အဲဒီ့စိတ် မရှိတဲ့သူက အလကားနေရင်း အဲဒီ့စိတ် ပေါက်ကုန်တာလို့ ထင်ကြတယ်။ သည်စိတ်ဟာ အဲသလို လှုံ့ဆော်ယူလို့ ရတာမျိုး မဟုတ်တဲ့အချက်ကို အင်မတန်မှ သတိထားသင့်ပါတယ်။
အဲဒီ့နိုင်ငံမှာ သိသိသာသာ ပိုများနေတာနဲ့ ပတ်သက်တဲ့ တချို့သူတွေရဲ့ အဆိုကြမ်းတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ် ၃-၄၀ အတွင်းမှာ အဲဒီ့နိုင်ငံသူတွေ ပဋိသန္ဓေတားဆေးများကို ပဲလှော်ဝါးသလို ၀ါးခဲ့ကြတာရဲ့ အကျိုးဆက်လည်း ဖြစ်နိုင်တယ်လို့ ဖတ်ဖူးပါတယ်။ အတည်ပြုလို့ မရတဲ့ အဆိုကြမ်းပါပဲ။
ကျား-မ၊ အသားအရောင်၊ ကိုယ်အင်္ဂါပြည့်စုံမှု-ချို့ယွင်းမှု၊ ကိုးကွယ်ယုံကြည်မှု၊ ဇာတိမျိုးနွယ်၊ အသက်အရွယ်များကြောင့် လူနဲ့ လူချင်း မတူသလို မတန်သလို ဆက်ဆံတာ (discrimination) ကို လက်မခံဘူး၊ ကျားဖြစ်ဖြစ် မဖြစ်ဖြစ်၊ ဘယ် ဇာတိကဖြစ်ဖြစ်၊ ဘာဘာသာပဲ ကိုးကွယ်ကိုးကွယ်၊ ကျိုးကျိုး ကန်းကန်း လူကို လူလိုသာ မြင်ရေးကို ဦးစားပေးချင်တယ် ဆိုကြပါရင် သည်ကိစ္စမှာလည်း လိုတာထက် များတာတွေ၊ နည်းတာတွေ၊ သိသိသာသာ ပိုများတာတွေကို ကြောင့်ကြစိုက်မနေတော့ဘဲ ကိုယ်နဲ့ တန်းတူ လူသားများအဖြစ် ရှုမြင်ပေးသင့်နေပါပြီ။ ဒါဆိုရင်တော့ ကျွန်တော်တို့ နေထိုင်တဲ့ လောကကြီးဟာ သိပ်ကို မင်္ဂလာရှိနေမှာပါခင်ဗျား။
ပုန်းပုန်းပွင့်ပွင့်၊ ဘိုင်၊ ဂလန် ကြိုက်တာဖြစ်၊ သူတို့သည်လည်း ၃၁ ဘုံမှာ ကျင်လည်နေတဲ့ ဝေနေယျသတ္တ၀ါအပေါင်းထဲမှာ ပါဝင်တဲ့ ကျွန်တော်တို့နဲ့ အတူတူ လူသားတွေပဲ မဟုတ်ပါလားခင်ဗျာ။
မေး။     ။ ခုနက ဆရာပြောသွားတာက အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်တွေ၊ ကလေးအရွယ်တွေက အပုန်းတွေရဲ့ သားကောင်ဖြစ်ရတယ်ဆိုတာကို နည်းနည်းလောက် ရှင်းပြပါ ဆရာ။
အတ္တကျော် ။   ။ ဆယ်ကျော်သက်အရွယ် ကြီးကောင်ဝင်စမှာ လိင်ကိစ္စကို စိတ်ဝင်စားတတ်တာ သဘာဝပါ။ သည်အရွယ် သည်အချိန်မှာ ဘာဆို ဘာမှ ကောင်းကောင်းကန်းကန်း မသိသေးဘူး။ သည်အချက်ကို အပုန်းတွေက အခွင့်ကောင်းယူပြီး သူတို့ရဲ့ အာလျကို ဖြည့်ဆည်းပေးမယ့်သူများအဖြစ် စည်းရုံး သိမ်းသွင်းကြပါတယ်။ စည်းရုံးတယ်ဆိုပေမယ့် receiver အဖြစ် စည်းရုံးတာ မဟုတ်ဘဲ သူတို့လိုအင်ကို ဖြည့်ပေးမယ့် provider အဖြစ် စည်းရုံးတတ်တာပါ။ အရွယ်မရောက်သူတွေကို receiver အဖြစ် abuse လုပ်တာကတော့ heterosexual တွေလည်း လုပ်တတ်ကြတယ်။ အမျိုးသမီးတွေလည်း heterosexual acts အတွက် အရွယ်မရောက်သေးသူတွေကို ကျူးလွန်တတ်ကြတယ်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေလည်း သည်ဒဏ်ကို ခံကြရတယ်။ သို့သော် ရှက်လို့၊ ဖုံးဖိထားကြလို့၊ ကြောက်လို့ မပြောကြတာတွေ အများကြီးပါ။ ယောက်ျားများ လွှမ်းမိုးတဲ့ နေရာတွေဖြစ်တဲ့ အကျဉ်းထောင်တွေ၊ တူညီဝတ်စုံဝတ် အဖွဲ့တွေ၊ ဘုန်းကြီးကျောင်းတွေမှာ အဖြစ်များပါတယ်။ သို့သော် ဒါကိုလည်း လူ့ဘောင်ကပါ မသိစိတ်နဲ့ အလိုတူ အလိုပါ လုပ်ပြီး ဖုံးဖိပေးထားသလို ဖြစ်နေတယ်။ဒါနဲ့ ပတ်သက်လာရင် child sex offender တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုပြန်သလို awareness raising လည်း လိုပါတယ်။ အဲဒီ့ မဖွယ်ရာမှုကို ကျူးလွန်သူတွေက ပြင်ပက သူစိမ်းတွေ အင်မတန်မှ နည်းလှပါတယ်။ သုတေသနတွေအရ ကလေးတွေနဲ့ အတူနေပြီး ရင်းနှီးနေကြတဲ့ ဆွေမျိုးသားချင်းတွေ၊ ဆရာ/ဆရာမတွေ ကျူးလွန်တဲ့ အမှုက ရာခိုင်နှုန်းပိုများကြောင်းပါ။
မေး။  ။ စိတ်မှာ လိင်တူနှစ်သက်သူဖြစ်နေပေမယ့် အကြောင်းကြောင်းကြောင့် ပွင့်ပွင့်လင်းလင်း မဖြစ်ရတဲ့အခါ ကာယကံရှင်ကိုယ်တိုင်ကို ဘယ်လိုထိခိုက်နိုင်တာတွေ ရှိနိုင်သလဲဆရာ။
အတ္တကျော် ။   ။ အဖြေက ရှင်းပါတယ်။ ဆာလောင်မွတ်သိပ်နေသူ အစာမစားရဘဲ ငတ်လွန်းမက ငတ်လာတဲ့အခါ ဘယ်လို ဖြစ်လာမလဲ။ သည်လိုပါပဲ။ သိပ်ကို တောင့်တ တပ်မက်တာတစ်ခုကို လူမသိအောင် ဖုံးဖိထားရသူရဲ့ စိတ်အခြေအနေဟာ အကဲဆတ်နေတော့မှာ ဖြစ်ပါတယ်။
မေး ။   ။ လိင်တူချင်းနှစ်သက်တာဟာ စိတ်ရောဂါတစ်ခုပါလား ဆရာ။
အတ္တကျော် ။   ။ မဟုတ်ပါဘူး။ အရင်က စိတ်ပညာစာအုပ်တွေမှာတော့ အဲဒါကို စိတ်ရောဂါစာရင်းမှာ ထည့်ထားခဲ့ကြဖူးတယ်။ ခုနှစ်တော့ မမှတ်မိဘူး၊ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လိင်တူချင်း တပ်မက်မှုကို စိတ်ရောဂါ စာရင်းက တရားဝင် ပယ်ဖျက်ပေးခဲ့တာ နှစ်နဲ့ ချီနေပါပြီ။
မေး ။   ။  တရားသဘောနဲ့ ပြောမယ်ဆိုရင် အတိတ်ကံလို့ ပြောလို့ရပါသလား ဆရာ။
အတ္တကျော် ။   ။ အဲဒါက ကျွန်တော် သိပ်လက်လှမ်းမမီတဲ့ နယ်ပယ်ပါ။ ကျွန်တော့် ဗုဒ္ဓဘာသာ အသိလေး တစ်ထွာတစ်မိုက်နဲ့ဆိုရင်တော့ ဟုတ်ပါတယ်လို့ ဖြေလိုက်ရမယ် ထင်ပါရဲ့
။မေး ။   ။  အခြေအနေတွေကတော့ ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင် ဘာတွေ လိုအပ်ပါမလဲ ဆရာ။
ဆရာအတ္တကျော် ။   ။ Awareness raising, acceptance, non-discrimination ပါပဲ။ အများစု အနေနဲ့ ဒါဟာ ရှောင်လွှဲလို့ မရတဲ့ အရာ၊ ဘုရားဟောခဲ့သလို လူတိုင်း တစ်မျိုးမဟုတ် တစ်မျိုး ရူးနေကြတာမို့ သူတို့ကို မူမမှန်ဘူးလို့ သတ်မှတ်မယ်ဆိုရင် ကိုယ်လည်း မူမမှန်သူဖြစ်တာကို နှစ်နှစ်ကာကာ လက်ခံပြီး သူတို့တွေကို တန်းတူ ရည်တူ လူသားများအဖြစ် ဆက်ဆံပြီး သူတို့ကြိုက်တာ သူတို့ ကြိုက်ခွင့်ပေးလိုက်နိုင်ရင် အကောင်းဆုံးပါပဲ။
စကားစပ်လို့ ပြောရရင် လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က ကျွန်တော့်ကို တစ်ယောက်က မေးဖူးတယ်။ အဲတုန်းက ကျွန်တော့်သားအသက်က ၈နှစ်လောက်ပဲ ရှိသေးတယ်။ သူ့ လိင်စိတ်ကို တိတိကျကျ မသိရသေးတဲ့ အရွယ်ပေါ့။ အဲဒီ့လူက မေးတယ်၊ လိင်တူချင်း စုံမက်သူတွေကို ဘယ်လို သဘောထားလဲတဲ့။ လူတွေလိုပဲ သဘောထားတယ်လို့ ကျွန်တော်ဖြေတော့ သူက သိပ်ဘ၀င်မကျဘူး။ ဒါနဲ့ ဆက်မေးတယ် “ခင်ဗျားသားသာ လိင်တူချင်း တပ်မက်မယ်ဆိုရင် ခင်ဗျား ဘယ်လိုနေမလဲ”တဲ့။ ကျွန်တော် မဆိုင်းမတွပဲ ဖြေလိုက်ပါတယ်။ ဘယ်လိုမှ မနေပါဘူး၊ သူက ကျွန်တော့်သားပဲ။ ကျွန်တော် သဘောမတူတဲ့ မိန်းမနဲ့ အိမ်ထောင်ပြုသလောက်ပဲ ကျွန်တော် ခံစားရမှာပါလို့။
အဲဒီ့အတွေးအမြင်မျိုး မွေးနိုင်ကြမယ်ဆိုရင်တော့ လောကကြီးက နေလို့ ကောင်းနေမှာပါ။ မမေ့သင့်တဲ့အချက် နောက်တစ်ချက်က လိင်တူချင်း စုံမက်သူတွေထဲမှာလည်း သိပ်ကို ထူးချွန် ထက်မြက်သူတွေ ရှိနေတာပါပဲ။ မြန်မာပြည်မှာ အထင်ကရ ရှိဖူးသလို ရှိနေသလို ကမ္ဘာမှာလည်း မနည်းပါဘူး။ အထင်ရှားဆုံးကတော့ အမေရိကန် သမိုင်းရဲ့ ပြောစမှတ်အတွင်ဆုံး သမ္မတကြီး (လင်ကွန်း လင်ကွန်းလို့ မြန်မာတွေ ခေါ်ကြတဲ့) အေဘရာဟင်(မ်) လင်းခန်း(န်)ပါပဲ။
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာ။

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U