Related Posts Plugin for WordPress, Blogger...

Saturday, November 23, 2013

ဧရာဝတီမြစ်တစ်လျှောက် ကမ်းပြိုကိုးနေရာ ကျပ်သန်း ၁၄၀၀ ကျော် အသုံးပြုပြင်မည်

ဧရာဝတီမြစ်ရေ တိုက်စားပြီး နှစ်စဉ် ကမ်းပြိုကျနေသောနေရာ ကိုးနေရာတွင် ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၁၄၀၆ သန်း အကုန်အကျခံကာ ငါးလအတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေနဲ့ ကမ်းပြို ကာကွယ်ရေး လုပ်ငန်းတွေ လုပ်မှာပါ။ အခုလောလောဆယ်တော့ တင်ဒါ ခေါ်ထားပါတယ်။ ဒီဇင်ဘာလောက်မှ ပုံကြမ်း ရေးဆွဲတာတွေ လုပ်ပြီး မြစ် အတွင်း ထဲမှာ ရေအနည်းဆုံးလ ဖြစ်တဲ့ မတ်လအတွင်းမှာ အပြီးလုပ်ကိုင် ဆောင်ရွက်ပါ့ မယ်” ဟု မန္တလေးတိုင်းဒေသကြီး ရေ အရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အဆိုပါ ရန်ပုံငွေကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မီးဘေးနှင့် သဘာဝ ဘေးအန္တရယ် ကာကွယ်ရေး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေထဲမှ ကျပ်သန်းပေါင်း ၁၄၀၆ သန်း ခွင့်ပြုပေးခဲ့ပြီး အဆိုပါ ခွင့်ပြုငွေထဲမှ ဧရာဝတီ မြစ်ရေ

တိုးချိန်တွင် ရေတိုက်စားပြီး နှစ်စဉ် ကမ်းပါး ပြိုနေသည့် နေရာများ ဖြစ်သည့် စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ငါန်းဇွန်မြို့နယ်တို့ အတွင်းရှိ နေရာကိုးနေရာကို ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။
“ရေထိန်းနံရံတွေ ဆောက်တာက ကောင်းတာပေါ့။ ယက္ခဒီပဘက်မှာ နံရံဆောက်မယ်ဆိုရင် ကျွန်တော်တို့ဘက်မှာ လာပြီး မထိခိုက်ဘူး ဆိုရင်တော့ ဆောက်သင့်တယ်။ ယက္ခဒီပဘက်မှာ ဆောက်ပြီး ကျွန်တော်တို့ ဘက်မှာ လာပြီး ထိခိုက်တယ် ဆိုရင်တော့ ကျွန်တော်တို့က မဆောက်စေ ချင်ဘူး” ဟု ငါန်းဇွန်မြို့နယ် ငါးမြာကြီးကျေးရွာ ဒေသခံ ဦးချမ်းမင်းက ဆိုသည်။

ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်မည့် နေရာများမှာ စဥ့်ကူးမြို့နယ် အတွင်းရှိ ဆည်သည် ကျေးရွာတွင် ၁၄၀၀ မီတာ၊ ထီးကုန်း သာယာဝတီ ကျေးရွာတွင် ၇၅၀ မီတာ၊ ဟင်္သာမကျေးရွာတွင် ၇၅၀ မီတာ၊ မတ္တရာမြို့နယ် သဖန်းဒေါင့် ကျေးရွာတွင် ၅၀၀ မီတာ၊ ပုသိမ်ကြီးမြို့နယ် ညောင်ပင်သာရွာတွင် ၇၅၀ မီတာ၊ ငါးဇွန် မြို့နယ် ယက္ခဒီပ ကျေးရွာတွင် ၁၅၀၀ မီတာ၊ မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာတွင် ၁၅၀၀ မီတာ၊ စားကြူး အလယ်ရွာတွင် ၃၀ မီတာ၊ လင့်ကြီး (မြောက်) ကျေးရွာတွင် ၆၀၀ မီတာတို့တွင် ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများကို မတ်လအတွင်း အပြီးဆောင်ရွက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူက ပြောသည်။

Sayar Chan

http://sayarchan.blogspot.com/ 

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U