Related Posts Plugin for WordPress, Blogger...

Friday, December 13, 2013

ကမ္ဘာကျော် ဦးပိန်တံတားကြီး၏ ကြံ့ခိုင်မှုမှာ နောင်သုံးနှစ်ကျော်လျှင် အန္တရာယ် ရှိသည့် အနေအထားသို့ ရောက်ရှိလာနိုင်



မန္တလေးမြို့ အထင်ကရ နေရာတစ်ခု နှင့် ပြည်ပ ခရီးသွားများ လာရောက်မှု များသော ကမ္ဘာကျော် ဦးပိန်တံတား ကြီး၏ ကြံ့ခိုင်မှုမှာ နောင်သုံးနှစ် ကျော်လျှင် အန္တရာယ် ရှိလာနိုင်သည့် အနေအထား သို့ ရောက်ရှိ လာနိုင်သည်ဟု ရှေးဟောင်း သုတေသန နှင့် စာကြည့်တိုက် များ ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးဇော်ဟန်ဦး ထံမှ သိရသည်။

" ကြံ့ခိုင်မှု အတွက် အကြီးစား ပြင်ဆင်မှု တွေကို ပြုလုပ်ခြင်းတော့ တစ်ချိန် တစ်ခါမျှ မရှိခဲ့ပါဘူး ၊ အဲဒီ အတွက် ပြင်ဆင်ဖို့ လိုအပ်ပါတယ် ၊ လတ်တလော အခြေအနေ ကတော့ အန္တရာယ် အဆင့် မရောက်သေး ပါဘူး ၊ နောင်သုံးနှစ် လောက်ကြာရင် တော့ အန္တရာယ် ရှိလာ နိုင်ပါတယ် .... " ဟု ၄င်းက ပြောပြသည်။

ပြင်ဆင်မှု လိုအပ်ချက် အပေါ် မူတည်ကာ လိုက်လံ ပြုပြင်ခြင်း မပြုလုပ် နိုင်သော်လည်း အသေးစား ပြင်ဆင်မှုများ ပြုလုပ်ရန် အတွက် ၀န်ထမ်း တစ်ဦးကို ခန့်ထားကြောင်း ၊ လိုအပ်သော အသေးစား ပြင်ဆင်မှု များကို ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း နှင့် လာရောက် လေ့လာသူများ ၊ ပတ်ဝန်းကျင် လူထုကြောင့် ပျက်စီးမှု မဖြစ်စေရန် အတွက်လည်း ပိုစတာများ ၊ သတိပေး တားမြစ်သည့် ဆိုင်းဘုတ်များ ကို လူမြင်သာသော နေရာများတွင် ထားရှိကြောင်း သိရသည်။

အကြီးစား ပြင်ဆင်မှု ပြုလုပ်ရန် အတွက် ငွေကြေး ကုန်ကျမှု များမည် ဖြစ်သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိ သူများကို တင်ပြထားကြောင်း ၊ လေ့လာရန် လာရောက်သော သူများထံမှ ရရှိသော ငွေဖြင့် ပြင်ဆင်မှု ပြုလုပ် သွားနိုင်ရန်လည်း တင်ပြ ထားကြောင်း သိရသည်။

ပြည်ပ ခရီးသွားများကို မန္တလေး ၊ အင်းဝ ၊ အမရပူရ သုံးမြို့နယ် သို့ လှည့်လည် ကြည့်ရှုခွင့် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှုန်း ကောက်ခံ ဆောင်ရွက်လျက် ရှိကြောင်း ၊ တစ်နေ့လျှင် နိုင်ငံခြားသား ဦးရေ ၇၀၀ ၀န်းကျင် ၀င်ရောက်မှု ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ပြင်ဆင်မှု များကို ဌာနဆိုင်ရာ မှ ပြင်ဆင်မှု မလုပ်ဆောင် နိုင်သဖြင့် လူမှု ကူညီရေး အဖွဲ့အစည်းများ ၊ သက်ဆိုင်ရာ နယ်မြေများရှိ ပြည်သူများ ၊ ရှေးဟောင်း အမွေအနှစ် မြတ်နိုးသူများ စုပေါင်းကာ ပြင်ဆင်မှု များကို ပြုလုပ်ပါက လျင်မြန်စွာ ပြင်ဆင်မှု များကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ၊ ထိုကဲ့သို့သော လုပ်ဆောင်ချက် လုပ်ဆောင်သူ များကို ဌာနအနေဖြင့် ကူညီမှုများ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U