Related Posts Plugin for WordPress, Blogger...

Thursday, January 16, 2014

မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာရန်ကုန် မော်တော်ယာဉ်ကုမ္ပဏီပိုင် ကားအဟောင်းဂိုဒေါင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား




မြန်မာရန်ကုန် မော်တော်ယာဉ် ကုမ္ပဏီကား အဟောင်းဂိုဒေါင်အား မီးငြိမ်းသတ်နေစဉ်


မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာရန်ကုန် မော်တော်ယာဉ်ကုမ္ပဏီပိုင် ကားအဟောင်းနှင့် ပစ္စည်းအဟောင်းများ ထားရှိသော ဂိုဒေါင်ခြံဝင်းအတွင်း ဇန်န၀ါရီ ၁၅ ရက် ညနေ ၃ နာရီခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါဂိုဒေါင်မှာ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ကာယရပ်ကွက် ၆ လမ်း လူနေရပ်ကွက်အတွင်း တည်ရှိပြီး ညနေ ၄ နာရီထိ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

“မီးလောင်မှု အကြောင်းအရင်းကတော့ ဆီတိုင်ကီ အဟောင်းတွေမှာရှိတဲ့ ဆီလက်ကျန်တွေ အပြင်ကို ယိုဆိမ့်ပြီး ပြင်ပမှာရှိတဲ့ တာယာအဟောင်းတွေနဲ့ ထိတွေ့ရာကနေ အပူလွန်ကဲပြီး စတင်လောင်ကျွမ်းတယ်လို့ သိရပါတယ်” ဟု မြောက်ဥက္ကလာပဇုန် နယ်မီးသတ်ဦးစီးအရာရှိ ဦးအေးကျော်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ဂိုဒေါင်အနီးတွင် ပြောကြားခဲ့သည်။

မီးလောင်မှုကို မီးသတ်ယာဉ် ၂၅ စီး၊ ကွပ်ကဲယာဉ်နှစ်စီး၊ လူနာတင်ယာဉ်ငါးစီး၊ မီးသတ်အင်အား ၁၀၀ ခန့်တို့ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ ရေဖျန်းနေစဉ်အတွင်း ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဂိုဒေါင်နှင့် ကပ်လျက်ခြံဝင်းတွင် နေထိုင်သော အိမ်ရှင်တစ်ဦးက “မီးစလောင်တဲ့ အချိန်မှာ ကျွန်မတို့က အိမ်မှာမရှိဘူး။ မီးလုံးကြီးတွေ တက်လာတာမြင်တော့မှ အိမ်ကိုပြန်ရောက်တယ်။ မီးလောင်နေတဲ့ ကားအဟောင်းတွေကြားကနေ အုန်းဆိုပြီး ထပေါက်တဲ့ အသံတွေက ကြောက်ဖို့ကောင်းတယ်။ ဒီလိုကားဂိုဒေါင်ဆောက်ထားပြီး ရေစင်တစ်ခုတောင် ဆောက်ထားတာမရှိဘူး” ဟု ပြောကြားခဲ့သည်။

မြန်မာရန်ကုန် မော်တော်ယာဉ်ကုမ္ပဏီသည် ရွှေပြည်သာမြို့နယ်တွင် တည်ရှိပြီး ကားအဟောင်းနှင့် ကားပစ္စည်း အဟောင်းများကိုသာ ထားရှိခြင်းဖြစ်ကာ ဆီတိုင်ကီ ပေပါအဟောင်း ခုနစ်လုံးခန့်ရှိကြောင်း ဂိုဒေါင်စောင့်က တာဝန်ရှိသူများ မေးမြန်းစဉ် ဖြေကြားခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U