Related Posts Plugin for WordPress, Blogger...

Thursday, January 16, 2014

ပြည်သူ ၇၀၀၀၀၀ ခန့် အကျိုးခံစားရမည့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး အစီအစဉ်ကို ဟောင်ကောင်အုပ်ချုပ်ရေးမှူးကြေညာ




ဇန်န၀ါရီ ၁၅ ရက်တွင် ဟောင်ကောင်ရှိ အစိုးရအဆောက်အအုံ အပြင်ဘက်၌ ဆန္ဒပြနေသော အစိုးရဆန့်ကျင် ဆန္ဒပြသူများ (Photo:AFP)


အစိုးရအဖွဲ့အပေါ် လူထု၏ စိတ်ပျက်ဒေါသထွက်ခြင်း မြင့်တက်မှု ကြုံနေရချိန်၌ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ဇန်န၀ါရီ ၁၅ ရက်တွင် ပြောကြားခဲ့သော ၎င်း၏ဒုတိယမြောက် မူဝါဒရေးရာမိန့်ခွန်း၌ ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်းကို တိုက်ဖျက်မည့် အစီအစဉ်များ ထည့်သွင်းကြေညာခဲ့သည်။

အလုပ်လုပ်သော ဆင်းရဲသားလူတန်းစားကို ကူညီမည့် ဟောင်ကောင်ဒေါ်လာ သုံးဘီလျံ (အမေရိကန်ဒေါ်လာသန်း ၃၉၀) ရှိ လူမှုကူညီရေး အစီအစဉ်ကို ဟောင်ကောင်အုပ်ချုပ်ရေးမှူး လျန်ချင်ယင်က ကြေညာခဲ့ခြင်းဖြစ်သည်။ ၀င်ငွေနိမ့်သော အလုပ်သမားလူတန်းစား မိသားစုများအတွက် အစိုးရ၏ အရှုံးခံစိုက်ထုတ် ရောင်းချမှုပမာဏ မြှင့်တင်မှုပါဝင်သည့် အဆိုပါအစီအစဉ်သည် လူ ၇၀၀၀၀၀ ခန့်ကို အကျိုးကျေးဇူးခံစားခွင့် ရစေမည်ဟု သိရသည်။

လူဦးရေ ခုနစ်သန်းနေထိုင်သော ဟောင်ကောင်တွင် ပထမဆုံးအကြိမ် ဆင်းရဲမွဲတေမှု တိုင်းတာသည့် အစီအစဉ်ကို ပြီးခဲ့သောစက်တင်ဘာတွင် စတင်ခဲ့ပြီးနောက် ဟောင်ကောင်တွင် နေထိုင်သူအားလုံး၏ ရာခိုင်နှုန်း ၂၀ နီးပါးသည် ဆင်းရဲမွဲတေနေကြောင်း တွေ့ရှိခဲ့သည်။

၂၀၁၂ ခုနှစ် ဇူလိုင်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးရာထူးကို လျန်က စတင်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီနည်းကျသော ပြုပြင်ပြောင်းလဲမှုကင်းမဲ့ခြင်း၊ လူနေအိမ်ရာ ရှားပါးခြင်းတို့ အပါအ၀င် လူနေမှုဆိုင်ရာ ပြဿနာများကြောင့် ပြည်သူများ၏ မကျေနပ်မှု မြင့်တက်နေသည်။ ပြည်သူများကို လူနေအိမ်ရာ တိုးမြှင့်နေရာ ချထားပေးနိုင်ရေးအတွက် အစိုးရက အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု လျန်ကကတိပြုခဲ့သည်။

လျန်က မိန့်ခွန်းမပြောကြားမီ အစိုးရဌာနချုပ် အပြင်ဘက်တွင် လူဒါဇင်နှင့်ချီ ဆန္ဒပြခဲ့ကြပြီး အချို့က လိပ်ခွံနှင့်လျန်ပုံကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြကာ “လိပ်တစ်ကောင်လို ပုန်းမနေနဲ့လျန်” ဟု အော်ဟစ်ခဲ့ကြသည်။ လျန်ကမိန့်ခွန်းပြောနေစဉ် နှောင့်ယှက်သော အမတ်တစ်ဦးဖြစ်သူ လျန်ဝတ်ဟန်မှာ မောင်းထုတ်ခံရကြောင်း သိရသည်။

တရုတ်က ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သည်ဟု ဟောင်ကောင်ပြည်သူ အများအပြားက ဒေါသထွက်နေချိန်တွင် ပေကျင်းထောက်ခံသူများ လွှမ်းမိုးထားသော အဖွဲ့ဝင် ၁၂၀၀ ပါသည့် ရွေးကောက်ပွဲကော်မတီက လျန်ကိုဟောင်ကောင်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U