Related Posts Plugin for WordPress, Blogger...

Wednesday, July 24, 2013

မန္တလေးတောင်တွင် လုံခြုံရေးကင်မရာများ တပ်ဆင်တော့မည်



24.7.2013

မန္တလေးတောင်ပေါ်ရှိ ဘုရားစေတီများနှင့် သာသနိကအဆောက်အအုံများတွင် CCTV လုံခြုံရေးကင်မရာများ တပ်ဆင်ကာ စောင့်ကြည့်မှုများပြုလုပ်သွားမည်ဟု ထိုတောင်၏ ဂေါပကအဖွဲ့ထံမှ စုံစမ်းရရှိသည်။

“အခုလောလောဆယ် CCTV ကင်မရာရှစ်လုံး တပ်ဆင်သွားမယ်။ အဓိကကတော့ တောင်တက်မောင်း တံဂိတ်စခန်းရယ်၊ ဓာတ်လှေကားအသုံးပြုတဲ့နေရာ၊ စက်လှေကားနေရာ၊ တောင်ပေါ်ဈေးဆိုင်ခန်းနဲ့ယာဉ် အပ်နှံရေးစခန်းအနီးတွေမှာ တပ်ဆင်မယ်” ဟု ဂေါပကဥက္ကဋ္ဌ ဦးသိန်းထွန်းက မဇ္ဈိမကိုပြောသည်။

ထို့ပြင် လုံခြုံရေးကင်မရာများကို အဆိုပါနေရာများအပြင် ထပ်မံတိုးချဲ့ တပ်ဆင်ရန်လည်း အစီအစဉ်ရှိသည်ဟု သူကဆက်ပြောသည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ဇူလိုင် ၂၁ ကကျင်းပသည့် မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဝီရသူ၏ တရားပွဲအနီး လူငါးဦးဒဏ်ရာရစေခဲ့သည့် လက်လုပ်ဗုံးတစ်ခုပေါက်ကွဲပြီးနောက်ပိုင်း မန္တလေး တောင်တွင် ယခုကဲ့သို့ လုံခြုံရေးကင်မရာများ တပ်ဆင်ရန် စီစဉ်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် မန္တလေးတောင်၌ လုံခြုံရေးဝန်ထမ်း ၂၀ ဦးခန့်အပ်ထားပြီး ၎င်းတို့က အဖွဲ့လေးဖွဲ့ခွဲကာ တာဝန်ယူဆောင်ရွက်ကြကြောင်း ဂေါပကအဖွဲ့ကဆိုသည်။

မန္တလေးတောင်တွင် လုံခြုံရေးအတွက် ညကိုးနာရီအထိသာ ဘုရားဖူးများဖူးမြော်ခွင့်ပြုထားပြီး တောင်လုံခြုံရေးအဖွဲ့ဝင်များနှင့် နယ်မြေရဲတပ်ဖွဲ့မှရဲများ ပူးပေါင်းကာ ကားဖြင့် ည ၁၀ နာရီမှစတင်၍ တစ်နာရီခြား တစ်ကြိမ် ကင်းလှည့်နေကြောင်းလည်း ဂေါပကရုံးမှစုံစမ်းသိရှိရသည်။

ထို့ပြင် တောင်ပေါ်ရှိ ဈေးဆိုင်ခန်းများတွင် အရက်မရောင်းချရန် တစ်ပတ်တစ်ကြိမ် ရဲများကစစ်ဆေးလျက်ရှိသည်ဟုလည်း သိရသည်။

Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U