Related Posts Plugin for WordPress, Blogger...

Thursday, July 18, 2013

ရာဇာမင်း ခရီးသည်တင်ယာဉ်အား မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါသုံးဦးကို ဖမ်းမိ



ရာဇာမင်း ခရီးသည်တင်ယာဉ်အား မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါသုံးဦးကို အခင်းဖြစ်ပွားပြီး တစ်လကျော် အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သို့သော် ယင်းဖြစ်စဉ်အတွက် ဖမ်းဆီးရန် နှစ်ဦးကျန်ရှိ နေသေးသည့်အပြင် ဓားပြတိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ငွေထည်၊ ရွှေထည် စုစုပေါင်းတန်ဖိုး ကျပ် ၄၄၈၇၀၀၀ အား သိမ်းဆည်းနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့မှ ရန်ကုန်မြို့သို့ ဇွန် ၈ ရက် ညပိုင်းတွင် ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည်တင်ယာဉ်တွင် လိုက်ပါလာသော ခရီးသည်များအနက် ခရီးသည်ငါးဦးမှ မျက်နှာဖုံးစွပ် သေနတ်ကိုင် ဓားပြတိုက်ခဲ့သည့်အပြင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ရဲမှုခင်းစစ်ချက်များအရ သိရသည်။

ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးချိန်အတွင်း အခင်းဖြစ်ပြီး တစ်ရက်အကြာတွင် သထုံမြို့နယ်၊ ညောင်ချောင်းကျေးရွာ အနီးရှိ ရာဘာခြံ လုပ်သားများအား အမည်မသိ လူလေးဦးမှ ခေါ်ယူ၍ လမ်းပြခိုင်းခဲ့ကြောင်း၊ အမည်မသိ လူလေးဦးအနက်မှ ၀င်းဗိုလ်ဆိုသူ ပါဝင်ခဲ့ပြီး ဖားပိုင်ကုန်းကျေးရွာသို့ သွားသည့်လမ်းအတိုင်း လမ်းပြပေးခဲ့ကြောင်း ရဲစစ်ချက်အရ သိရသည်။

ယင်းနောက် စစ်ဆေးရေးအဖွဲ့သည် ၀င်းဗိုလ်၏ ဓာတ်ပုံအား ဆက်စပ်နယ်မြေ ရဲစခန်းများသို့ ပေးပို့ခြင်း၊ အခင်းဖြစ်စဉ်က ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအား ဓာတ်ပုံပြသခြင်း၊ ၀င်းဗိုလ်နေထိုင် သွားလာတတ်သော နေရာများသို့ စုံစမ်းဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၇ ရက်တွင် ၀င်းဗိုလ်မှ ဖုန်းနံပါတ် ၀၈၈၁၄၆၂၅၃၃ မှ သထုံမြို့နယ် စခန်းကြီးကျေးရွာနေ ဒေါ်ရွှေဇင်ရွှေဆိုင်ရှိ အငှားဖုန်းမှတစ်ဆင့် ၎င်းရွာနေ ဒေါ်ခင်အုန်းမြင့်ထံ ဖုန်းဆက်ခဲ့ကြောင်း သတင်းရရှိခဲ့၍ ယင်းဖုန်းနံပါတ်ကို စုံစမ်းရာမှတစ်ဆင့် ၀င်းဗိုလ်မှာ မြ၀တီမြို့နယ်၊ ထိကော်ထောကျေးရွာ အနီးရှိ ၈၁၇ ကျေးရွာတွင် ရှိနေကြောင်း သိခဲ့ရသည်။

ထို့နောက် မြ၀တီခရိုင် ရဲတပ်ဖွဲ့နှင့် နယ်မြေခံ တပ်သားများ၊ နယ်ခြားစောင့်တပ်များမှ ဇူလိုင် ၈ ရက်တွင် ၀င်းဗိုလ်အား ၀ိုင်းဝန်းဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်အား ဖမ်းဆီးခဲ့ပြီးနောက် သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ထို့နောက်ဝင်းဗိုလ်အား စစ်ဆေးရာတွင် ၎င်းကိုယ်တိုင် ဓားပြတိုက်မှုဖြစ်စဉ်တွင် ခေါင်းဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရပြီး ဆက်စပ်ပါဝင်သူ ဇော်ဂိတ်၊ အောင်ထူး၊ မောင်ငယ်တို့အား ဇူလိုင် ၁၃ ရက်တွင် ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ဓားပြတိုက်မှု ဖြစ်စဉ်အား ခေါင်းဆောင်ခဲ့သည့် ၀င်းဗိုလ်ဆိုသူမှာ အလုပ်အကိုင် အတည်တကျ မရှိဘဲ မိန်းမ ၃/၄ ဦး ယူထားကြောင်းနှင့် လွန်ခဲ့သော နှစ်နှစ်ခန့်က ဘုန်းကြီးဝတ်ဖြင့် မြ၀တီဘက်သို့ ထွက်သွားခဲ့ရာမှ ပြန်လာခဲ့သူဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U