Related Posts Plugin for WordPress, Blogger...

Sunday, June 30, 2013

TIME မဂ္ဂဇင်းအား သာသနာရေးဝန်ကြီးဌာနမှ ကန့်ကွက်ရခြင်း အကြောင်းအရင်း

မျိုးမင်းထွန်း- ဧရာဝတီတိုင်း ( မြစ်မခ)

ဇူလိုင်လ(၁)ရက်နေ့ထုတ် TIMEမဂ္ဂဇင်း အတွဲ(၁၈၂)အမှတ်(၁)၌ ဆရာတော်ဦးဝီရသူအား မျက်နှာဖုံး တင်၍“THE FACE OF B
UDDHIS TERROR”ခေါင်းစဉ်ဖြင့်When the Buddhist go bad (ဗုဒ္ဓဘာသာ ၀င်တွေ ဆိုးသွမ်းလာသောအခါ) ဆောင်းပါးဖော်ပြခဲ့ခြင်းအပေါ်
သာသနာရေးဝန်ကြီးဌာနမှကန့်ကွက်ကြောင်း သဘောထားကြေငြာချက်ထုတ်ပြန်သည်။

 “မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေက လူမျိုးရေးဘာသာရေးကို အခြေခံပြီးဖြစ်ပွားခဲ့တာ မဟုတ် ပါဘူး၊ ပဠိပက္ခဖြစ်ပွါးရာဒေသတွေမှာ အစ္စလာမ်ဘာသာဝင်တွေကို ဘုန်းတော်ကြီးကျောင်းတွေမှာ ကယ်ဆယ် စောင့်ရှောက်ခဲ့တာတွေကို ကြည့်ရင် သိနိုင်ပါတယ်၊ ကျွန်တော်တို့ သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးကိုယ်တိုင်လည်း ဖြစ်စဉ်ဖြစ်ပွားနေချိန်တွေမှာ   တောင်လူထုအကြားသွားလာပြီး ပဠိပက္ခတွေပြေငြိမ်း အောင် ကြိုးစားခဲ့တာတွေကို ဒီဆောင်းပါးဖော်ပြခဲ့တဲ့ တိုင်းမ်းမဂ္ဂဇင်းနဲ့ဆောင်းပါးရှင်တို့က မျက်ကွယ်ပြုခဲ့တာပါ”ဟု သဘောထားကြေငြာချက်ထုတ်ပြန်ခဲ့ရခြင်းနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

သဘောထားကြေငြာချက်တွင်လည်း မြန်မာနိုင်ငံသားအများစု ကိုးကွယ်ကာ ကမ္ဘာကလည်း မွန်မြတ် သိမ်မွေ့ပြီး ငြိမ်းချမ်းသောဘာသာအဖြစ် သတ်မှတ်ထားသည့်ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓသားတော်ရဟန်း သံဃာတော်များအား ဘာသာရေးအစွန်းရောက် အကြမ်းဖက်ဝါဒီများအဖြစ် ဆောင်းပါး၌ စွပ်စွဲထားကြောင်း၊ ငါးပါးသီလကို အခြေခံ ပြီး ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားကာသတ္တ၀ါများအပေါ် မေတ္တာအရင်းခံစိတ်ဖြင့် ဆက်ဆံသော ဗုဒ္ဓဘာသာဝင်များကို ဟောပြောသွန်သင်ကာ ရတနာသုံးပါးတွင် တစ်ပါးပါဝင်သော ရဟန်းသံဃာတော်များ အား ယခုကဲ့သို့ တဖက်သတ်စွပ်စွဲပုတ်ခတ်ခြင်းသည် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ အကြား အထင်အမြင်လွဲမှားကာ ပဠိပက္ခများ ပိုမိုဖြစ်ပွားလာစေရန် လှုံ့ဆော်ရေးသားထားခြင်းသာ ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့နောက် ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပွားနေသော ဘာသာရေးအစွန်းရောက်မှုများနှင့်အကြမ်းဖက်မှုများအား လက်ခံနိုင်ခြင်းမရှိသလို အပြင်းအထန်ကန့်ကွက်ရှုံချနေသောဗုဒ္ဓဘာသာနှင့် အကြမ်းဖက်ဝါဒ စကားလုံး နှစ်ရပ်ကို ယှဉ်တွဲဖော်ပြခြင်းသည် ဆီလျှော်မှုမရှိဘဲဘာသာဝင်များ၏ ဂုဏ်သိက္ခာကို ထိပါးပုတ်ခတ်ရာ ရောက်သည့်အတွက် ဗုဒ္ဓဘာသာဝင်များအနေဖြင့် စိတ်ထိခိုက်ဖွယ်ရာဖြစ်ပြီးငြိမ်းချမ်းရေးကိုရှေးရှုပြီး အကြမ်းဖက်မှုကို ရှေးရှုခြင်း မရှိသောဗုဒ္ဓဟောကြားခဲ့မည်သည့် တရားတော်တွင်မှ အခြားယုံကြည်သူများကို ထိခိုက်နစ်နာအောင် ပုတ်ခတ်ပြောဆိုထားခြင်းမရှိဟုလည်း ဖော်ပြပါရှိသည်။

ထို့ပြင် နိုင်ငံတွင်း ဖြစ်ပွါးခဲ့သော ပဠိပက္ခဖြစ်စဉ်များသည် လူမျိုးရေးဘာသာရေးကို အခြေခဲ့ပြီးဖြစ်ပွါးခဲ့ခြင်း မဟုတ်ဘဲ သာမာန်လူမှုရေးပြဿနာများမှတဆင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်များတွင်လည်း ဘုန်းတော်ကြီးများမှ အစ္စလာမ်ဘာသာဝင်များ၏အသက်ကို ကာကွယ်ပေးခြင်း မီးလောင်မှုများအား လိုက်လံ ငြိမ်းသတ်ပေးခြင်းတို့အပြင် မီးရှို့မှုများ ထပ်မံမဖြစ်ပွါးအောင် တားဆီးပေးခြင်း၊ ဘုန်းတော်ကြီး   ကျောင်းများတွင် အစ္စလာမ်ဘာသာဝင်အများစုပါဝင်သည့် ဒုက္ခရောက်နေသူများကို ကူညီ ကယ်ဆယ်ပေးခဲ့ကြောင်း၊ သာသနာရေးဝန်ကြီးဌာန အနေဖြင့် ဘာသာဝင် များအကြားငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးတို့အတွက်   ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

သာသနာရေးဝန်ကြီးဌာန၏မူဝါဒ(၇)ရပ်တွင်လည်း နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော နိုင်ငံသားတိုင်း လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ပြုရန်နှင့် ဘာသာအချင်းချင်းချစ်ခင်ရင်းနှီးစွာနေထိုင်ရန်စသော အချက်များအား ထည့်သွင်းအကောင်အထည်ဖော်နေကြောင်း၊ ၀န်ကြီးဌာနမှတာဝန်ရှိသူများအနေဖြင့်လည်း   ဖြစ်စဉ်များဖြစ်ပွါးရာနေရာများသို့ ကိုယ်တိုင်သွားရောက်ကာ ပဠိပက္ခပြေငြိမ်းအောင်ကူညီ ဆောင်ရွက်ပေးခဲ့မှု များအား မျက်ကွယ်ပြုကာ မဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့်အတွက် များစွာစိတ်မကောင်ဖြစ်ရကြောင်း၊ တိုင်းမ် မဂ္ဂဇင်းမှ ရေးသားဖော်ပြချက်များသည်ဖြင့် ပြည်ထောင်စုအစိုးရ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း စဉ်များအား ကိုထိခိုက်စေနိုင်သည့်အပြင် နှစ်ဘက်ဘာသာဝင်များအကြား သံသယနှင့်အာဃာတတရားများ ပိုမိုတိုးပွားလာကာ မလိုအပ်သောဘာသာရေးပဠိပက္ခများဖြစ်ပေါ်လာနိုင်သည့်အတွက် သာသနာရေး ၀န်ကြီးဌာန အနေဖြင့် အဆိုပါဆောင်းပါးဖော်ပြခဲ့သည့် တိုင်းမ်မဂ္ဂဇင်းနှင့်ဆောင်းပါးရှင်ဟန်နာဘိခ်ျတို့အား အလေးအနက်ထား ကန့်ကွက်ကြောင်းကြေငြာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဇွန်လ(၂၇)ရက်နေ့က ရန်ကုန်မြို့၊အင်းစိန်ရွာမကျောင်း၌ ကျင်းပသောအမျိုးဘာသာသာသနာစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် အပြည်ပြည်ဆိုင်ရာကမ္ဘာဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော်ဒေါက်တာသျှင်ဥာဏိသရ ကလည်း တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြမှုနှင့်ပတ်သက်၍ ယခုကဲ့သို့မိန့်ကြားသည်။

“"မွတ်ဆလင်၊ ခရစ်ယာန်၊ TIME ဘာပြောပြော သည်းခံခွင့်လွှတ်ကြပါ။ သည်းခံခွင့်လွှတ်ခြင်းက ရည်ရွယ် ချက်တွေ အောင်မြင်ဖို့ အခြေခံ အုတ်မြစ်ဖြစ်တာကြောင့် ဗုဒ္ဓရဲ့ သားတပည့် သံဃာတော်များအနေနဲ့ သည်းခံတော်မူကြပါ။ ခွင့်လွှတ်တော်မှုကြပါ" ဟု ဆရာတော်က အဆိုပါ အခမ်းအနား၌ အကြိမ်ကြိမ် မိန့်ကြားခဲ့သည်။

ငြိမ်းချမ်းရေးကို လုပ်ဆောင်နေသည့် ဘာသာ၊ ငြိမ်းချမ်းရေးကို လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များကို တိုင်းမဂ္ဂဇင်းက 'ဗုဒ္ဓဘာသာ သွေးဆူနေကြပြီ' ဟု ဖော်ပြခဲ့ကြောင်း ဒေါက်တာ အရှင်ဥာဏိဿရက ထပ်မံ မိန့်ကြားခဲ့သည်။

အဆိုပါဆောင်းပါးအတွက် ဆောင်းပါးရှင်ဟန်နာဘိခ်ျအားလည်း ကာယကံရှင်ဖြစ်သူ ဆရာတော်ဦးဝီရသူ မှလည်း ပို့ခဲ့ပြီးဝေဖန်ဆွေးနွေးမှုများကို လက်ခံကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေ စိုက်တိုင်းမ်မဂ္ဂဇင်းကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ Daniel Kile က ယခုကဲ့သို့ ပြောကြားခဲ့သည်။

“တိုင်းမ်၏ အပြည်ပြည်ဆိုင်ရာ မျက်နှာဖုံး ဆောင်းပါးသည် ဗုဒ္ဓဘာသာနှင့် ဆက်စပ်နေသော အစွန်းရောက် လှုပ်ရှားမှုတစ်ခု မြန်မာပြည်တွင် ရှိနေကြောင်း ပြဆိုသည့် တွေးစရာကောင်းသော ကောင်းမွန်သည့် သတင်းပေးပို့ချက်တခု ဖြစ်သည်။ ဤသို့ အရေးပါသည့် ဆောင်းပါးက တင်ပြခြင်းကြောင့်   ဆွေးနွေးငြင်းခုံမှု ဖြစ်သည်ကို တိုင်းမ်မဂ္ဂဇင်းက ကျေနပ်မိ သည်”ဟု ထိုင်းနိုင်ငံအခြေစိုက် သတင်းဋ္ဌာနတစ်ခုသို့ ပြန်လည် ဖြေကြားထားသည်။

တိုင်းမ်မဂ္ဂဇင်းမှဆောင်းပါးရှင် ဟန်နာဘိခ်ျ၏ အဆိုပါဆောင်းပါးကို ပြည်တွင်းမီဒီယာအများနှင့် ပါတီအချို့မှ ကန့်ကွက်ခဲ့ကြပြီး ဇွန်လ(၂၇)ရက်နေ့က သံဃာတော်အပါး(၁၅၀၀)ကျော်တတ်ရောက်ခဲ့သော ရန်ကုန် အင်းစိန်ရွာမကျောင်းတွင် ကျင်းပသည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးသြ၀ါဒခံယူပွဲမှ ထုတ်ပြန် ကြေငြာခဲ့သောအချက်(၅)ချက်၌လည်း ကန့်ကွက်ရှုံ့ချကြောင်း အချက်တစ်ချက်ပါဝင် ထုတ်ပြန် ကြေငြာသည်။

နိုင်ငံတော်သမ္မတရုံးမှလည်း ဆောင်းပါးကိုကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး၊ သမ္မတဦးသိန်းစိန် ဖွဲ့စည်းပေးထားသောဘာသာရေး၊လူမျိုးရေးပဠိပက္ခတားဆီးရေးအရေးပေါ်ကာလစီမံခန့်ခွဲရေးကော်မတီမှ လည်း ဆောင်းပါးဖော်ပြခဲ့သော ဇူလိုင်လ(၁)ရက်နေ့ထုတ်တိုင်းမ်မဂ္ဂဇင်းအား မတည်ငြိမ်မှုများထပ်မံ မဖြစ်ပွား စေရန်အတွက် ပြည်တွင်းတွင်ဖြန့်ချိခွင့်ပိတ်ပင်ခဲ့ပြီးနောက် သာသနာရေးဝန်ကြီးဌာနမှ အပိုဒ်(၈)ပိုဒ် ပါဝင်သော ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းနှင့်ဆောင်းပါးရှင်ဟန်နာဘိခ်ျတို့အား အလေးအနက် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်သည်။

MyitMaKha Media Group ဆီမှကူးယူဖော်ပြပါသည်။

Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U