Related Posts Plugin for WordPress, Blogger...

Sunday, August 11, 2013

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ရေနံချောင်းပြန်ပို့မည်


အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့နယ် အ.ထ.က (၁) ကျောင်းမှ ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပါဠိဘာသာ လက်ရေးမူစာအုပ်ကို စက်တင်ဘာလအတွင်း အဆိုပါကျောင်းသို့ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် (၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်းက ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်းက သြဂုတ်လ ၉ ရက်နေ့တွင် ရေနံချောင်းမြို့နယ် အ.ထ.က (၁) ကျောင်း အကျိုးတော်ဆောင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောကြားသွားခြင်း ဖြစ်သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်အဆင့် သိမ်းဆည်းရန် ယူဆောင်ခြင်းဖြစ်ပြီး ရေနံချောင်းမြို့ခံများက ကန့်ကွက်လျက် ရှိသောကြောင့် ယင်းသို့ ပြန်လည်ပေးအပ်ခြင်း ဖြစ်ကြောင်း ဦးအောင်ငြိမ်းက ရှင်းပြသည်။

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ပြန်လည် ပေးအပ်ခြင်းကို ကြိုဆိုကြောင်း၊ ၂၀၁၅ တွင် ကျင်းပမည့် ရေနံချောင်း အ.ထ.က (၁) နှစ်တစ်ရာပြည့်ပွဲတွင် ဗိုလ်ချုပ် လက်ရေးမူစာအုပ်သည် ရေနံချောင်းမြို့တွင်သာ ရှိနေသင့်ကြောင်း အသက် ၃၀ အရွယ် အ.ထ.က (၁) ကျောင်းသားဟောင်းတစ်ဦးက ဆိုသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင်လ၁၉ ရက်နေ့တွင် ယူဆောင်သွားခြင်းဖြစ်ပြီး ရေရှည် ထိန်းသိမ်းနိုင်ရန် နိုင်ငံတော်ပိုင်အဖြစ် ထားရှိသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဗိုလ်ချုပ် လက်ရေးမူစာအုပ်ကို ၁၉၆၂ ခုနှစ်တွင် စာရေးဆရာကြီး ရေနံမြေ ဦးဘဖေက အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီး ဦးကြည်စိန်ထံသို့ လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ရေနံချောင်းမြို့ အ.ထ.က (၁) တွင် နှစ်ပေါင်း ၅၀ ကျော်ကြာ ထိန်းသိမ်းထားခြင်း ဖြစ်သည်။

LC၊ ဟိန်းသွင်ထက်
The Voice Weekly

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U