Related Posts Plugin for WordPress, Blogger...

Sunday, August 25, 2013

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌတို့ အပြန်အလှန် တရားစွဲ



ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော် (ဆုဗီဒီယိုထုတ်လုပ်ရေး) ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သြဂုတ်လ ၉ ရက်နေ့တွင် တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ၎င်းသည် အမှတ် ၁၆၊ ဝင်္ကဘာလမ်း၊ ငါးထပ်ကြီးအနောက်ရပ်ကွက် ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ရုံးခန်းကို ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ကျူးကျော် ဝင်ရောက်ကာ ဆက်လက်သုံးစွဲနေသဖြင့် အရေးယူပေးပါရန် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းက ဗဟန်းမြို့နယ် ရဲစခန်းသို့ သြဂုတ်လ ၂၃ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း ကာယကံရှင်များက ပြောကြားသည်။

ယင်းသို့ တိုင်တန်းမှုအပေါ် ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော်က“သူ့ဘက်က ကျွန်မကို ကြိုက်တဲ့ ပုဒ်မနဲ့ တရားစွဲလို့ရပါတယ်။ ကျွန်မဘက်ကလည်းသူ့ကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌအဖြစ်က မတရား ထုတ်ပယ်မှု၊ ကျွန်မရဲ့ဂုဏ်သိက္ခာ ကျဆင်းအောင် မဟုတ် တမ်းတရား စာသားတွေနဲ့ ရုပ်ရှင်အစည်းအရုံး ဝက်ဘ်ဆိုက်မှာ စာတွေဖြန့်ဝေမှု၊ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မဆောင်ရွက်နိုင်အောင် ရုံးခန်းကို ပိတ်ဆို့ထားမှုတွေနဲ့ သြဂုတ်လ ၁၃ ရက်ကစပြီး တရားစွဲဖို့ လုပ်ထားပါတယ်။ သူနဲ့ကျွန်မ တရားရုံးမှာ တွေ့ကြတာပေါ့” ဟု သူ၏သဘောထားကို ဖွင့်ဟသည်။

ယင်းသို့ အပြန်အလှန် တရားစွဲဆိုမှုများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး ကိစ္စများသာဖြစ်ပြီး မိမိတို့နှင့် မသက်ဆိုင်ကြောင်း၊ အနုပညာလောက ကောင်းကျိုးအတွက် လုပ်ကြသည့်ကိစ္စဆိုလျှင်မူ မှန်သည့်ဘက်က ထောက်ခံသွားမည် ဖြစ်ကြောင်း သရုပ်ဆောင် ဦးသူရ (ခ) ဇာဂနာက မှတ်ချက် ပြုသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် ဗီဒီယိုအခြေခံအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝင်းကြည်တို့ကို နုတ်ထွက်ပေးရန်အတွက် ဗီဒီယို ထုတ်လုပ်သူများ၊ ငှားရမ်းရေး လုပ်ငန်းရှင်များနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်၊ တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ဗီဒီယိုအခြေခံအဖွဲ့တို့မှ တာဝန်ရှိသူအချို့နှင့် သရုပ်ဆောင်မင်းဇော် စသည်ဖြင့် လူဦးရေ ၅၀ ကျော်က သြဂုတ်လ ၂၄ ရက် နံနက် ၁၁ နာရီတွင် မဟာဗန္ဓုလပန်းခြံ အနောက်ဘက်၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲနှင့် ပတ်သက်၍ “ဆန္ဒပြတာကို ကျွန်တော်မကန့်ကွက်ဘူး။ ကျွန်တော်တို့လည်း ၈၈ တုန်းက ဆန္ဒပြခဲ့ဖူးတာပဲ။ ဒါပေမဲ့ ဆန္ဒပြတဲ့ စကားတွေကို အွန်လိုင်းက နားထောင်ကြည့်ရသလောက်တော့ သူတို့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေကို ရှေ့တန်းတင်ပြီး ပြောနေကြတယ်။ အနုပညာ တလောကလုံးကိုလည်း ကိုယ်စားပြုတယ်လို့ မထင်ဘူး။ ဆန္ဒပြရတဲ့ အကြောင်းအရင်းက ဘာလဲဆိုတာ မရှင်းလင်းဘူး။ ဆန္ဒပြတာကို အစိုးရက တရားဝင်ခွင့်ပြုထားတယ် ဆိုပေမယ့် ဒီနေ့ သူတို့ရဲ့လုပ်ရပ်က လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်အတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြတဲ့ လူတွေရဲ့မျက်နှာကို သဲနဲ့ပက်လိုက်သလို၊ မစင်နဲ့ပက်လိုက်သလို ခံစားရတယ်” ဟု ဦးသူရ (ခ) ဇာဂနာက ဆိုသည်။


0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U