Related Posts Plugin for WordPress, Blogger...

Saturday, August 31, 2013

မြန်မာနိုင်ငံသားအပါအ၀င် အလုပ်သမား ၂၀၀ ကျော် မလေးရှားအစိုးရ ဖမ်းဆီး




မလေးရှားအစိုးရက တရားမ၀င်နေထိုင်သော နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးလျှက်ရှိရာ မြန်မာနိုင်ငံ သား အပါအ၀င် နိုင်ငံခြားသား အလုပ်သမား နှစ်ရာကျော် ဖမ်းဆီးပြီး စတင် စစ်ဆေးနေပြီ ဖြစ်သည်။

မလေးရှားအစိုးရက စက်တင်ဘာ ၂ ရက်တွင် စတင် ဖမ်းဆီးမည်ဟု အစောပိုင်းက ကြေညာထားသော် လည်း သြဂုတ် ၂၆ ရက်ကတည်းက စတင် ဖမ်းဆီးနေခြင်းဖြစ်ပြီး ယမန်နေ့ကအထိ ဖမ်းဆီးနေဆဲဖြစ်ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောကြသည်။

“ပီနန်းမှာတော့ စဖမ်းနေပြီခင်ဗျ။ မနေ့ထိ အယောက်နှစ်ရာလောက် ဖမ်းထားတယ်လို့ တီဗွီမှာ ကြေညာတယ်။ မြန်မာနိုင်ငံသား ဘယ်နှစ်ယောက်ပါတယ်ဆိုတာ မသိသေးဘူး”ဟု ကွာလာလမ်ပူမြို့နေ မလေးရှားရောက် မြန်မာ အလုပ်သမားများကို ကူညီပေးနေသူ ကိုအောင်ကြီးက ဆိုသည်။

အကယ်၍ ဖမ်းဆီးမိပါက တရားမ၀င်နေတယ်ဆိုရင် ကြိမ်ဒဏ်တစ်ချက်မှ သုံးချက်ထိ ရိုက်ခွင့်ရှိသည်ဟု မလေးရှား အစိုးရက ကြေညာထားသည်။

ထို့ပြင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းလွန် အလုပ်သမားများသည် ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ပြီး၊ တရားမ၀င် နေထိုင်သူများ မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်ကာ UNHCR လက်မှတ် ကိုင်ဆောင်သူများကို UNHCR က ထိန်းသိမ်းရေးစခန်းမှ ပြန်လည် ရွေးထုတ်ကြရကြောင်း မလေးရှား မွန်ဒုက္ခသည်စခန်း ကော်မတီဝင် နိုင်ဥက္ကာက ဆိုသည်။

လွတ်လပ်ရေးနေ့ မတိုင်မီနေ့၊ လွတ်လပ်ရေးနေ့အပြီးတွင် အခွန်မဆောင်သူ၊ တရားမ၀င် နေထိုင်သူနှင့် UNHCR လက်မှတ်ကိုင်ဆောင်သူ နိုင်ငံခြားသားများကို ယခင်နှစ်များကလည်း ယခုကဲ့သို့ ဖမ်းဆီးလေ့ရှိ ပြီး ယခုနှစ်တွင်မူ ကြိမ်ဒဏ်ပေးဖွယ် ရှိနေသည်။

အစိုးရက ဖမ်းဆီးမှုများကြောင့် ယခုကဲ့သို့ စီမံချက်ကာလများတွင် တရားမ၀င် နေထိုင်သူများသည် မြို့နှင့် အလှမ်းကွာသည့် တောတောင်များတွင် ပုန်းအောင်း နေထိုင်ကြလေ့ရှိသည်ဟု နိုင်ဥက္ကာက ပြောသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ခြောက်သိန်းဝန်းကျင်ရှိသည့်အနက် တရားမ၀င်နေထိုင်သူ ငါးသိန်းဝန်းကျင် ရှိကြောင်း Burma Campaign Malaysia က ထုတ်ပြန်ထားသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U