အောက်တိုဘာ ၁၂ ရက်က တောင်ဒဂုံမြို့နယ်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ဟောပြောပွဲ မြင်ကွင်း
ဒီနိုင်ငံမှာ နေထိုင်တဲ့ ပြည်သူတွေခမျာ ဘာလုပ်လုပ် အစိုးရ ခွင့်ပြုမှ လုပ်လို့ရပါတယ်။ မိမိသဘော၊ မိမိစိတ်ကြိုက် လုပ်ခွင့်လေး တစ်စွန်းတစ်စကို မနေ့တစ်နေ့ကမှ အနံ့လေးရရုံ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီလိုရွေးခွင့် ရနေသူတွေကလည်း ငွေကြေးတော်တော် တောင့်တင်းပါမှ၊ အထက်ကို တော်တော်ပေါက်ရောက်ပါမှ၊ သြဇာ၊ အာဏာ၊ ပါဝါ၊ ရာထူး ရှိပါမှ။
သာမန်ပြည်သူကတော့ အာဏာရှိ အစိုးရ လျှောက်ခိုင်းတဲ့ လမ်းအတိုင်း လိုက်လျှောက်ရုံပါပဲ။ သာမန်အားဖြင့် ဦးနှောက်မသုံးရလေတော့ ပြည်သူတွေ ချာလာပါတယ်။ ကြာလာတော့ ပြည်သူတွေလည်း အပိုးကျိုးနေပါပြီ။ သူတို့လုပ်လို့ အပိုးကျိုးနေပြန်တော့လည်း ပြည်သူတွေ အပိုးကျိုးနေပြီလို့ ဝေဖန်ပြစ်တင် ခံရပြန်ပါတယ်။
ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘာအခမ်းအနားရှိလို့ တစ်အိမ်တစ်ယောက် လာကြပါလို့ ရပ်ကွက်ထဲ၊ ကျေးရွာထဲ လိုက်အော်တာနဲ့ တစ်အိမ်တစ်ယောက် ငေါက်ခနဲထပြီး ဘာအခမ်းအနားမှန်း မသိဘဲနဲ့ သွားရောက်ခဲ့ရတာ နှစ်ပေါင်းကြာခဲ့ပေါ့။ လက်ခုပ်တီးပေးခဲ့ရတာ တော်တော်နာခဲ့ပါပြီ။ ခေါင်းကဆံပင်တွေလည်း တော်တော်ဖွာခဲ့ပါပြီ။ ခေါင်းညိတ်ရလွန်းလို့ ပြည်သူတွေလည်း တော်တော်ချာခဲ့ပါပြီ။ ဘုမသိ၊ ဘမသိ ဘယ်လိုမျိုး ပုဂ္ဂိုလ်က ဘာမိန့်ခွန်းတွေ ခြွေနေမှန်း မသိပေမယ့် လက်ကသူများ လက်ခုပ်တီး လိုက်တီးလိုက်တာပါပဲ။ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာအပ်ပါသည်ဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ ဖင်အောက်က ခင်းထားတဲ့ သတင်းစာကို ကောက်ယူပြီး ပြန်လိုက်ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါတယ်။ တစ်ခါတလေ ကောက်ညှင်းပေါင်းတို့၊ ပဲပလာတာတို့ ဝေပေးရင်လည်း ဟုတ်ကဲ့... ရသမျှစားပြီး ပြန်လိုက်ကြတာပါပဲ။
ဗဟိုဦးစီးစနစ် (Centralization)
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ တက်လာချိန်မှစ၍ ဗဟိုဦးစီးစနစ် Centralization ခြေကုပ်ရယူ တည်မြဲလာတာ အခုထိ ရှိနေတုန်းလို့ပဲ ဆိုရပါမယ်။ ဘာကိစ္စပဲဖြစ်ဖြစ် အထက်ကို တင်ပြနေရတုန်းပါ။ အထက်က ချပေးမှ လုပ်တတ်တဲ့ အခိုင်းခံဘ၀ကို ကျေနပ်မိန်းမော နေကြပါပြီ။
ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းမှာ မြန်မာ့အသံ၊ မြန်မာ့ရုပ်မြင်သံကြား၊ MRTV-4, Myanmar International, Channel-7 စတဲ့ Channel တွေဟာ ဗဟိုဦးစီးက ချုပ်ကိုင်တဲ့ ပြန်ကြားရေး ၀န်ကြီးဌာနအောက်က ဖြစ်ပါတယ်။
တစ်ခါက ပရီးမီးယားလိဂ် ဘောလုံးပွဲတို့၊ အာဆီယံ ဘောလုံးပြိုင်ပွဲတို့ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသပါတယ်။ ဘောလုံးပွဲ စတင်ပြသချိန်က ည ၇ နာရီပါ။ ထိုစဉ်က Channel တွေက များများစားစား မရှိသေးတာကြောင့် မြန်မာ့ရုပ်မြင်သံကြား တစ်ခုတည်းကိုပဲ အားကိုးကြည့်ကြ ရတာပါ။ ဘောလုံးပွဲက ဇာတ်ရှိန်တက်နေပါပြီ။ မန်ယူပရိသတ်ကလည်း မရိုးမရွ။ ချယ်လ်ဆီးပရိသတ်ကလည်း မရိုးမရွ။ ဒီအချိန်မှာ မြန်မာ့ရုပ်မြင်သံကြား ပရိသတ်များ မင်္ဂလာပါရှင် အခုအချိန်ကစပြီး ပြည်တွင်းသတင်းများကို ကြေညာပါမယ်ရှင်။ သတင်းခေါင်းစဉ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ...။
ပရိသတ်တွေ ဆက်ကြည့်ရမလား၊ မြန်မာ့ရုပ်မြင်သံကြားက ဘောလုံးပွဲ ဆက်ပြမှာလား၊ မပြတော့ဘူးလား။ ပရိသတ်တွေကို ဘာမှဂရုမစိုက်ဘဲ ဘာမှကြိုတင် အသိမပေးဘဲ ဗဟိုဦးစီးရဲ့ ထုံးစံအတိုင်း သူတို့တင်ပြချင်တာ ပြလိုက်တာပါပဲ။
ဒီလို အခြေအနေမျိုးမှာ အနုပညာရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်အတွက် တီဗွီဖန်သားပြင်ပေါ်မှာ ကိုယ့်မျက်နှာမြင်ရဖို့ ပါဝင်သရုပ်ဆောင်ခွင့်ရဖို့ အစိုးရနဲ့ အလွမ်းသင့်ရပါတယ်။ အစိုးရက မနှစ်သက်တဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်နေလို့ မရပါဘူး။ နောက်ဆုံး သရုပ်ဆောင်လိုသူက အစိုးရအလိုကျ ပေါ်လစီလို ဇာတ်ကားမျိုး၊ သီချင်းမျိုးမှာ ၀င်ရောက်သီဆိုပေး။ သရုပ်ဆောင်ပေး ရပါတယ်။
တီဗွီကြည့်ချင်လို့ဖြစ်ဖြစ်၊ ဇာတ်လမ်းတွေ ကြည့်ချင်လို့ဖြစ်ဖြစ် ကြိုက်တဲ့အချိန် ကြည့်လို့မရပါဘူး။ အစိုးရရဲ့ ၀န်ကြီးဌာန တစ်ခုဖြစ်တဲ့ လျှပ်စစ်ဝန်ကြီးဌာနက ခွင့်ပြုထားချိန်မှသာ ကြည့်လို့ရပါတယ်။ အစိုးရရဲ့ လွှမ်းမိုးမှုဟာ အိမ်ထဲထိ ရောက်ပါတယ်။ မီးပျက်ပြီဆို ဘယ်သူ့မှလည်း တိုင်လို့မရပါ။ တီဗီလည်း မကြည့်နဲ့၊ ထမင်းလည်း ချက်မစားနဲ့၊ မီးပူလည်း မတိုက်နဲ့၊ မှောင်ထဲမှာ ငုတ်တုတ်မေ့နေ၊ ဘာမှစောဒက မတက်နဲ့။
ကျောင်းဆိုတာလည်း ခွဲတမ်းပေးတဲ့ကျောင်းပဲ တက်ရတာပါ။ ကျောင်းအုပ်ကြီးတို့၊ မြို့နယ်ကောင်စီ ဥက္ကဋ္ဌတို့နဲ့ ပိုင်ရင်၊ ငွေကြေးတတ်နိုင်ရင် ကြိုက်တဲ့ကျောင်း တက်ပေရော့။ ဆေးရုံလည်း သူ့နယ်မြေနဲ့ သက်ဆိုင်တဲ့ ဆေးရုံသွားရတာပါ။ ဓာတ်ဆီထုတ်လည်း ဆီစာအုပ်နဲ့ သတ်မှတ်ထားတဲ့ ဓာတ်ဆီဆိုင်မှာ ကားကိုဆီထည့်ရတာပါ။
ပြည်သူတွေ ဆန်၊ ဆီ၊ ဆား ၀ယ်ဖို့ ဆီစာအုပ်နဲ့ သက်ဆိုင်တဲ့ သမ၀ါယမ ဆိုင်တွေမှာ ၀ယ်ခဲ့ရတာ မမေ့ဘူး ထင်ပါတယ်။ ဆန်ခြင်တဲ့ ပြည်တောင်းမပြည့်လို့ ဆီခွက်အလေးမမှန်လို့၊ ရောင်းတဲ့သူက ပြေပြေပြစ်ပြစ် မဆက်ဆံလို့ ဘယ်သူ့မှ တိုင်စရာ မရှိပါဘူး။
သာရေး၊ နာရေးရှိလို့ သူများအိမ် သွားအိပ်ရင်လည်း လွတ်လွတ်လပ်လပ် မအိပ်ရပါဘူး။ မှတ်ပုံတင် မမေ့မလျော့ ယူသွားရမယ်။ ပြီးတော့ ဧည့်စာရင်း တိုင်ရမယ်။ အခုထိ ဧည့်စာရင်းတိုင်တဲ့ အုပ်ချုပ်မှုက ရပ်ကွက်အချို့မှာ ရှိနေဆဲပါ။
ရထားစီးလည်း ကိုယ်ရောက်ချင်တဲ့အချိန် ရောက်အောင် မှန်းဆတွက်ချက်ပြီး စီးလို့မရပါဘူး။ ရထား သူထွက်ချင်တဲ့အချိန် ထွက်မယ်။ စက်ခေါင်းပျက်နေလို့ဆိုပြီး နောက်ထွက်မယ့် ရထားနဲ့ နှစ်စင်းကို တစ်စင်းပေါင်းထွက်ရင် ထွက်တတ်ပါတယ်။
လမ်းသွားရင်လည်း သတိလေးနဲ့ သွားရပါတယ်။ ကားလမ်းကူးတာက မျဉ်းကျားကကူးကူး၊ မျဉ်းကျားမရှိတဲ့ နေရာကကူးကူး ကားရှင်းချိန် ကြည့်ကူးရတာပါ။ မျဉ်းကျားက လမ်းကူးလို့ ဘယ်ကားမှ ရပ်မပေးပါဘူး။ ရပ်ပေးအောင်လည်း ဘယ်ယာဉ်ထိန်းရဲကမှ တာဝန်မယူ ပေးပါဘူး။ ကားရပ်မပေးဘဲ နေမှတော့ မထူးတဲ့အတူတူ ကားရှင်းတဲ့နေရာက လမ်းကူးလိုက်ပါတယ်။ ချက်ချင်းပဲ နောက်ကပခုံးလာပုတ်ပြီး ကားပေါ်ဆွဲခေါ်သွားသူကတော့ မျဉ်းကျားမှာ တာဝန်မယူဘဲ လမ်းထောင့်ကွယ်ရာ တစ်နေရာက စောင့်နေတဲ့ ယာဉ်ထိန်းရဲကြီးပဲ ဖြစ်ပါတယ်။ သူ့တာဝန်က လူဖမ်းရေးလား။ လူကိုကူညီရေးလား။ May I Help You ဆိုပဲ။
အစ္စရေးနိုင်ငံ ဟိုင်ဖာ မြို့လယ်ကောင်မှာ လမ်းဖြတ်ကူးမလို့ လုပ်နေတဲ့ ကြောင်တောင်တောင် ကျွန်တော့်ကို အစ္စရေးရဲက လူကူးမျဉ်းကျား နေရာကို ခေါ်သွားပြတယ်။ လူကူးမျဉ်းကျားက ဖြတ်တော့ဟုတ်ပါ့။ ကားတွေက ရပ်ပေးတယ်။ အံ့သြစရာပဲ။
ဖွဲ့စည်းပုံက လွတ်လပ်ခွင့် ဘယ်လောက်ပေးထားလဲ
ဒီလို ရွေးစရာ မရှိ။ ဗဟိုဦးစီး အုပ်ချုပ်မှု ပုံစံက မကင်းသေးခင်ချိန်မှာ ဗဟိုက ညွှန်ကြားတဲ့အတိုင်း ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံကို ထောက်ခံမဲ ပေးလိုက်ရတာ ဘာဆန်းသလဲ။
ဒါဆို အဲဒီ ဖွဲ့စည်းပုံကရော ရွေးချယ်စရာတွေ ဘယ်လောက်ပေးထားသလဲ။ ဗဟိုဦးစီးစနစ် အုပ်ချုပ်ပုံတွေ ဘယ်လောက်ထည့်သွင်း ထားသလဲ။ ပြည်သူတစ်ဦးချင်းစီရဲ့အရေးပါမှုကို ဘယ်လောက်အသိအမှတ် ပြုပေးထားသလဲ။
ပြည်သူ့အခန်းကဏ္ဍထက် ဘယ်သူ့အခန်း ကဏ္ဍတွေက ပိုမိုလွှမ်းမိုး နေသလဲ။ ပြည်သူနဲ့ အေးအတူ ပူအမျှ တစ်သားတည်း နေရမယ့်ဟာ ဘာဖြစ်လို့ ပြည်သူနဲ့ မတူသလို မတန်သလို သီးသန့်ဥပဒေ ပုဒ်မတွေနဲ့ ခွဲခြားထားရတာလဲ။
တိုင်းရင်းသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ ထာဝရပြည်ထောင်စု ဖြစ်တည်ရေးဆိုတဲ့ အရေးအကြီးဆုံး Issue တွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ဘယ်လောက်ပါဝင် နေသလဲ။
ပြောင်းလဲပါပြီ။ ပြောင်းလဲပါပြီ။ ပြော,ပြောနေကြတဲ့ ခေါင်းဆောင်ကြီးတွေ၊ အမှန်တကယ် ပြောင်းလဲအောင် စိတ်ရောကိုယ်ပါ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်နေပြီလား။
အရင်က ဆီစာအုပ်နဲ့ သတ်မှတ်ထားခဲ့တဲ့ ခွဲတမ်းကျ သမ၀ါယမဆိုင်မှာ ၀ယ်မစားရင်တောင် ငတ်အောင်လုပ်ထားတဲ့ ထွက်ပေါက်မရှိ တစ်ဖက်ဖွင့် တစ်ဖတ်ပိတ် ဆလင်ဒါပုလင်းလို ၀င်လမ်းတစ်ခုတည်း ကျုံးသွင်းပြီးမှ အနိုင်ကျင့် သဘောတူ ခံခဲ့ရတဲ့ ဘ၀မျိုး မခံစားချင်တော့ ပါဘူး။
လက်ရှိမျက်မှောက် ကာလမှာ လူရိုသေ၊ ရှင်ရိုသေ ပါတီကြီးတွေ ပေါ်ပေါက်လာပြီ။ ပြည်သူကြည်ညိုတဲ့ ခေါင်းဆောင်ကြီးတွေလည်း ပြည်သူ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်နေကြပါပြီ။
ဒီမိုကရေစီဆိုတဲ့ အရသာလေးကိုလည်း အမြည်းစားဖူး ကြပါပြီ။ နိုင်ငံတော် အကြီးအကဲများဖြစ်တဲ့ သမ္မတကြီး၊ လွှတ်တော် အသီးသီးရဲ့ ဥက္ကဋ္ဌများကလည်း အမြင်ကျယ်ကျယ် ကြည့်တတ်ပါပြီ။ တပ်မတော် ဆိုတာကလည်း တကယ်တမ်း စေ့စေ့တွေးကြည့်ရင် ပြည်သူထဲက ပြည်သူဆိုတာ ဘာငြင်းစရာ ရှိမှာလဲ။ အကြောင်းရှိ ပြည်သူနဲ့ တစ်သားတည်း ရှိနေမှာပါ။
ရွေးစရာမရှိတဲ့ ပြည်သူ့ဘ၀ကို ရွေးချယ်စရာ ပေးသင့်ပါတယ်။ ဗဟိုကချည်း ချုပ်ကိုင်ထားတဲ့ စနစ်ကနေ ပြည်သူဗဟိုပြု (People Center) Decentralization စနစ်ကို ပြောင်းရပါမယ်။
ပြောင်းရပါမယ်ဆိုတာ နှုတ်ပြောနဲ့ ပြောင်းလို့မရပါဘူး။ မိန့်ခွန်းခြွေရင် ပြည်သူ့သည်းခြေကြိုက် ခံတွင်းလိုက် စကားအနေနဲ့တင် ဟောနေလို့ မရပါဘူး။
လက်တွေ့ကျကျ ပြောင်းရပါမယ်။ လက်တွေ့အကျဆုံး ပြောင်းလဲရမှာက ရွေးချယ်စရာလမ်းတွေ ဖွင့်ပေးနိုင်တဲ့၊ ပြည်သူဗဟိုပြု စနစ်ကို အမှန်တကယ် ကျင့်သုံးမယ့် တပ်မတော်နဲ့ ပြည်သူတစ်သားတည်း ဖြစ်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေမျိုး ပေါ်ထွန်းအောင် ရိုင်းပင်းဆောင်ရွက်ကြမှသာ လက်တွေ့အပြောင်းအလဲ ဖြစ်ထွန်းလာမှာ။
အပြောနဲ့ ပြည်သူ ဗဟိုပြုနေတာထက် စာရွက်ပေါ်မှာ ဥပဒေထဲမှာ၊ ပုဒ်မတွေမှာ နည်းဥပဒေတွေမှာ အမှန်တကယ် ပြည်သူဗဟို ပြုနိုင်တဲ့ ဥပဒေတွေ၊ ပုဒ်မတွေ ပါဝင်နေရမှာပါ။ ဒီမိုကရေစီ စာလုံးတွေ ထည့်ရေးထားရုံနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောသလို ပဒေသာပင်ဆိုတာက မြေကချက်ချင်း ထပေါက်တာမျိုး မဟုတ်ပါဘူး။ ရုန်းနိုင်မှ ကြိုးစားနိုင်မှ ဖြစ်လာမှာပါ။
ရွေးချယ်ခွင့်ပေးပါ
ပြည်သူတွေ အမှန်တကယ် လိုလားတောင့်တနေတာက လွတ်လပ်စွာ ရွေးချယ်ခွင့်ပါ။ ဘာလုပ်လုပ် အစိုးရကချည်း လမ်းညွှန်၊ အစိုးရကချည်း ချုပ်ကိုင်၊ အစိုးရကချည်း ဥပဒေသတ်မှတ်၊ အစိုးရကချည်း ဥပဒေအရ အသာစီးယူ၊ အစိုးရကချည်း ကြိုတင်အကာအကွယ်ယူ၊ ဒါတွေကို ပြည်သူတွေ ငြီးငွေ့နေပါပြီ။
ပြည်သူကိုယ်တိုင် ပါဝင်ဆောင်ရွက် ရတာမျိုး လုပ်ချင်ကိုင်ချင် ကြပါပြီ။ ပြည်သူ့ဆန္ဒ၊ ပြည်သူ့ဘ၀တွေကိုလည်း နိုင်ငံတော်က သိနားလည် ပေးစေချင်ပါပြီ။ လပေါင်း ၃၀ အုပ်ချုပ်လာတဲ့ လက်ရှိအစိုးရဟာ ပြည်သူဗဟိုပြုဖို့ ကြိုးစားနေတာ ပြည်သူတွေ မြင်တွေ့နေရပါပြီ။ ဒါပေမဲ့ အစိုးရ အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေ ဟန့်တားပိတ်ဆို့မှုတွေကို ကျော်လွန်ဆောင်ရွက်လို့ မရပါဘူး။ ဥပဒေကို လိုက်နာရမှာ ပြည်သူတိုင်းရဲ့ တာဝန်မှန်း ပြည်သူအပါအ၀င် လွှတ်တော်သုံးရပ် တရားစီရင်ရေး၊ အုပ်ချုပ်ရေးအာဏာရ အစိုးရတာဝန်ရှိသူတွေ အားလုံးက သဘောပေါက်ကြပါတယ်။
လက်တွေ့ဆောင်ရွက်ကြတဲ့ အခါ ၂၀၀၈ ခုနှစ် အခြေခံဥပဒေရဲ့ အတားအဆီးတွေက ပြည်သူတွေကို အမှန်တကယ် တိုးတက်အောင် မဖြစ်နိုင်တာ တွေ့လာကြရပါတယ်။ ပြည်သူ (နိုင်ငံသား) တစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးဟာ အချိန်မရွေး ဆုံးရှုံးနိုင်တဲ့ ပြဋ္ဌာန်းချက် ဥပဒေတွေဟာ ပြည်သူတွေကို ခြိမ်းခြောက်ထားသလို ခံစားရပါတယ်။ ကိုယ်နဲ့အကျွမ်းတ၀င် နေ့စဉ်ထိတွေ့ နေရမယ့် ဥပဒေက မိမိကို အမှန်တကယ် ကာကွယ်ပေးမယ့် ဥပဒေမျိုးကို ပြည်သူတွေ မျှော်လင့်ပါတယ်။
အခု ပြည်သူအချို့ရဲ့အသံ စတင်ကြားလာ ရပါပြီ။
ကရင်အမျိုးသား အစည်းအရုံးမှ ဦးမန်းငြိမ်းမောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးဟန်ရွှေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးဦး၊ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်ဦးကိုကိုကြီး၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဥာဏ်ဝင်း၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို စသည့်အထင်ကရ ပုဂ္ဂိုလ်တို့ရဲ့ အမြင်မတူသော်လည်း အခြေခံ ဥပဒေကို ပြင်ဆင်သင့်တာကို လက်ခံနေကြပါပြီ။ ပြင်ရင်ကောင်းမယ်ဆိုတာ သဘောပေါက်နေကြပါပြီ။
ဒါကို သိနေပါလျက်၊ မြင်နေပါလျက်၊ ကြားနေပါလျက်၊ မကြားဟန်၊ မသိဟန် ဆောင်မနေပါနဲ့။ နိုင်ငံ့ကောင်းစားရေး ပြည်သူကောင်းစားရေး၊ မိမိကိုယ်တိုင်လည်း ကောင်းစားရေးဖြစ်နေတဲ့ ပြင်ဆင်ရေး ကိစ္စကို အကြံပိုင်ပိုင် ဆွေးနွေးအဖြေရှာဖို့ အချိန်တန်နေပါပြီ။
ဆိုတော့ အခြေခံဥပဒေ မပြင်ဘဲနဲ့ ပြည်သူကို ဘယ်လိုဗဟိုပြုနိုင်မှာလဲ။
ပြည်သူကို ဗဟိုပြုချင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကြရအောင်ပါ။
တိုင်းပြည်နဲ့ ပြည်သူကောင်းစားဖို့ဆို ပြင်သင့်တာကို ပြင်ကြရုံပေါ့။
ပြည်သူကတော့ မိမိကို အကာအကွယ်ပေးမယ့် ပြည်သူ့အကျိုးကို ရှေးရှုတဲ့ ပြည်သူ့ဘက်တော်သား အခြေခံဥပဒေကို မျှော်လင့်စောင့်စား နေကြောင်းပါ။
0 comments:
Post a Comment