Related Posts Plugin for WordPress, Blogger...

Tuesday, October 8, 2013

သီတဂူ ဆရာတော်ကြီး သံတွဲမြို့သို့ ရောက်ရှိစဉ် ဒေသခံများ ဒေါသစိတ်လျှော့ကြရန် တရားဟောကြားပြီး ယနေ့တွင် အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံမည်



သံတွဲမြို့နယ်ခန်းမတွင် သီတဂူ ဆရာတော်ကြီးက တရားဟောပြောနေစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

သံတွဲမြို့တွင် နေထိုင်နေကြသည့် ပြည်သူများ ဒေါသစိတ် လျှော့ကြရန် သီတဂူ ဆရာတော်ကြီးက သံတွဲမြို့သို့ ရောက်ရှိလာပြီး တရားဟောကြား ခဲ့ကြောင်း သိရသည်။ သီတဂူ ဆရာတော်ကြီးသည် အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက လေယာဉ်ဖြင့် သံတွဲမြို့သို့ ရောက်ရှိလာပြီး မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် သံတွဲမြို့နယ်ခန်းမ၌ တရားဟောပြောခဲ့ကြောင်း သိရသည်။

တရားပွဲတွင် သီတဂူဆရာတော်က လာရောက်တရားနာ သူများကို မှားတာတွေရှိရင် အားလုံးပြုပြင်ကြရန်၊ ဒေါသစိတ်များ လျှော့ကြရန်၊ ဒေါသမထွက်ကြရန်၊ မေတ္တာထားကြရန်၊ စိတ်ဆိုးမှုများကို ထိန်းချုပ်ကြရန်၊ မုန်းတီးခြင်းများကို ထိန်းချုပ်ကြရန်နှင့် ကောလဟလများကို မယုံကြရန်ကိုလည်း ထည့်သွင်း ဟောကြားခဲ့သည်။

တရားပွဲတွင် သီတဂူ ဆရာတော်ကြီးက ''ဒေါသတွေ လျှော့ကြပါလို့ လာပြောတာပါ။ ကြည့်ပုံရှုပုံ တွေလည်း ပြောင်းကြပါ။ ဒေါသနဲ့ မကြည့်ကြနဲ့။ ဒေါသမထွက်ကြနဲ့၊ မေတ္တာထားကြ၊ စိတ်ဆိုးတာတွေကို ထိန်းသိမ်းကြပါ။ မုန်းတီးခြင်းကိုလည်း ထိန်းကြပါ။ အားလုံး ချမ်းသာစွာ အိပ်စက်နိုင်ပါစေလို့ ဆုတောင်းတယ်'' ဟု မိန့်ကြားခဲ့သည်။

သီတဂူ ဆရာတော်ကြီး ဟောကြားမှု အပြီးတွင် သီတဂူဆရာတော်နှင့်အတူ ရန်ကုန်မှ ပါလာသည့် အစ္စလာမ်ဘာသာဝင် ဦးအေးလွင် (အစ္စလာမ့်ဗိမာန်)က တရားနာ ပရိသတ်အား မေတ္တာထားကြရန်၊ သွေးထိုးလှုံ့ဆော် မှုများကို နားမ၀င်ရန် ပြောကြားခဲ့ပြီး ဖြစ်ပျက်ခဲ့သည်များကို သင်ပုန်းချေကြရန် တောင်းပန်ကြောင်း ပြောကြားခဲ့သည်။

သီတဂူ ဆရာတော်ကြီး၏ တရားပွဲမှာ ညနေ ၅ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ သီတဂူ ဆရာတော်ကြီးသည် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင်လည်း သံတွဲမြို့နယ်တွင် အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

ထိုစဉ်က ဖြစ်ပွားသော သံတွဲပဋိပက္ခ ဖြစ်စဉ်ကြောင့် အိမ်ခြေ ၁၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၄၈၇ ဦးမှာ အိုးအိမ် မရှိသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း သံတွဲခရိုင် သတင်းနှင့် ပြန်ကြားရေး ပညာပေး ဆပ်ကော်မတီမှ သိရသည်။

မီးလောင်ဆုံးရှုံးမှု အများဆုံး ဖြစ်ပေါ် ခဲ့သည့် ကျေးရွာမှာ နတ်မော်ကျေးရွာအုပ်စုရှိ သဗြုချိုင် ကျေးရွာဖြစ်ပြီး အိမ်ခြေ ၅၂ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

သံတွဲပဋိပက္ခ ဖြစ်စဉ်ကြောင့် မီးလောင် ဆုံးရှုံးရာတွင် ဗလီသုံးလုံးနှင့် ဆီဂိုဒေါင် တစ်ခုတို့ ပါဝင်ကြောင်း သိရသည်။ သံတွဲ ပဋိပက္ခဖြစ်စဉ်တွင် လူငါးဦး သေဆုံးခဲ့ပြီး သံတွဲဆေးရုံတွင် လေးဦးတက်ရောက် ကုသနေရပြီး လူတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ အောက်တိုဘာ ၆ ရက်အထိ သံတွဲ ပဋိပက္ခနှင့် ပတ်သက်ပြီး လူ ၅၆ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U