Related Posts Plugin for WordPress, Blogger...

Saturday, November 9, 2013

မြ၀တီ နယ်စပ်ဂိတ်မှ နိုဝင်ဘာ ပထမပတ်အတွင်း ခရီးသွား ၃၀၀ ကျော် ၀င်ထွက်




မြ၀တီ နယ်စပ်ဂိတ်မှ ခရီးသွား ၀င်ထွက်မှု များပြားလာပြီး နိုဝင်ဘာ ပထမပတ်တွင် နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသားများ ၃၀၀ ကျော် ၀င်ထွက်ခဲ့ပြီး ယခင်လကထက် ရာခိုင်နှုန်းအားဖြင့် မြင့်တက်လာကြောင်း သိရသည်။

မြ၀တီ နယ်စပ်ဂိတ်မှ ပြန်လည်ထွက်ခွာရန် လာကြသော ကမ္ဘာလှည့် ခရီးသွားများမှာ ဒေါနတောင်ပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် မြ၀တီသို့ ရောက်ချိန်နောက်ကျကာ နယ်စပ်မှ တစ်ဖက်နိုင်ငံသို့ ထွက်ခွာရန် အခက်အခဲများနှင့်လည်း ကြုံနေရကြောင်း သိရသည်။

ခရီးသွား ၀န်ဆောင်မှု လုပ်ငန်းလုပ်သူ တစ်ဦးက "ယာဉ်တန်းအတက်နေ့ပေမယ့် စစ်ကြောင်းယာဉ်တန်း အဆင်းရှိလို့ အောက်ဗိုလ်တဲ (ကော့ကရိတ်) မှာ အချိန်အကြာကြီး စောင့်ခဲ့ရပါတယ်။ တံတားကလည်း ၆ နာရီ ပိတ်တော့ အတော်ကို ကသိကအောက် ဖြစ်ရပါတယ်" ဟု ပြောကြားခဲ့သည်။

ဗြိတိန်၊ အမေရိကန်၊ သြစတြီးယား၊ နယ်သာလန် နိုင်ငံသားများ ပါဝင်သည့် ကမ္ဘာလှည့် ခရီးသွား၂၂ ဦးသည် မူဆယ်နယ်စပ်ဂိတ်မှ ၀င်ရောက်လာပြီး မြန်မာနိုင်ငံအတွင်း ၁၉ ရက် လည်ပတ်ကာ နိုဝင်ဘာ ၈ ရက်တွင် မြ၀တီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်သွားခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၈ ရက်က စင်းလုံးငှား မော်တော်ယာဉ်နှင့် လာရောက်လည်ပတ်သူ ၂၂ ဦး အပါအ၀င် မြ၀တီ နယ်စပ်ဂိတ်မှ ၆၁ ဦး ၀င်ထွက်ခဲ့သည်။

မြ၀တီ နယ်စပ်ပေါက်မှ နိုဝင်ဘာ ၁ ရက်မှ ၈ ရက်အထိ နိုင်ငံခြားသား ၄၂ ဦး ၀င်ရောက်ခဲ့ပြီး ၄၆ ဦး ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ထိုင်းနိုင်ငံသား ၃၂ ဦး ၀င်ရောက်လာခဲ့သလို ပြန်လည်ထွက်ခွာသူ ၁၀၁ ဦးရှိပြီး ယင်းတိုမှာ တန်ခိုးကြီး ဘုရားများအား လာရောက်ဖူးမြော်ရန်၊ စီးပွားရေး လုပ်ငန်းများအား လေ့လာရန်နှင့် သဘာဝတောတောင် ရေမြေရှုခင်း အလှများကို ကြည့်ရှုခံစားရန် ၀င်ရောက်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများ အပါအ၀င် ၃၁၄ ဦး ၀င်ထွက်သွားလာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြ၀တီ နယ်စပ်ဂိတ်အား အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်အဖြစ် ဖွင့်လှစ်လိုက်ပြီးနောက် မြန်မာနိုင်ငံ အတွင်းသို့ ပတ်စ်ပို့နှင့် ဗီဇာဖြင့် နိုင်ငံခြားသား ၀င်ရောက်လည်ပတ်မှု မြင့်တက်လျက်ရှိကာ ထိုင်းနိုင်ငံသား အများဆုံးဖြစ်ပြီး သြဂုတ် ၂၈ ရက်မှ နိုဝင်ဘာ ၈ ရက်ထိ ၆၈၁ ဦး ၀င်ထွက်ခဲ့ကြောင်းနှင့် နိုင်ငံခြားသား ၄၇၅ ဦး ၀င်ထွက်ခဲ့ကြောင်း သိရသည်။

မြ၀တီ နယ်စပ်ဂိတ်မှ ပြန်လည်ထွက်ခွာ နေကြသည့် နိုင်ငံခြားသား ခရီးသွားများအား နိုဝင်ဘာ ၈ ရက်က တွေ့ရစဉ်


Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U