Related Posts Plugin for WordPress, Blogger...

Sunday, November 24, 2013

ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွာ ခန်းမဆောင်ကို ဖြိုချ၍ အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် စတင်မည်


ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည် ထွက်ခွာခန်းမဆောင်ကို ဖြိုချ၍ အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် စတင်မည်ဖြစ်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေ မန်နေဂျာ ဦးဝင်းကို၏ ပြောကြားချက်အရ သိရသည်။

"ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည် ထွက်ခွာခန်းမဆောင်ကို အပြီးဖြိုချပြီး အသစ်တည်ဆောက်တာကို ၂၀၁၄ ဇန်န၀ါရီမှာ စတင်လုပ်ဆောင် သွားမှာပါ။ ပြည်တွင်းခရီးသည် ထွက်ခွာဆောင်ကို ဖြိုချပြီး အသစ်တည်ဆောက်နေတဲ့ အချိန်မှာ ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်ကို ပြည်တွင်းခရီးသည် ထွက်ခွာဆောင်အဖြစ် အသုံးပြုသွားမှာပါ" ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက ပြောပါသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်အား ဖြိုချ၍
အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်ပြီး တည်ဆောက်ရေးကာလ ၁၈ လ (တစ်နှစ်ခွဲ)အတွင်း အပြီးတည်ဆောက် ပေးရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တစ်နှစ်လျှင် ခရီးသည် သန်း ၂၀ အထိ ၀င်ထွက်အသုံးပြုနိုင်အောင် တိုးချဲ့တည်ဆောက် နိုင်သော်လည်း လူနေအိမ်ခြေများ၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် စသည့် လေဆိပ်ဧရိယာ တိုးချဲ့ရာတွင် အသုံးပြုမရသည့် မြေဧရိယာများကြောင့် တစ်နှစ်လျှင် ခရီးသည် ခြောက်သန်း အသုံးပြုနိုင်အောင် တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လက်ရှိခရီးသည် ၂ ဒသမ ၇ သန်း လက်ခံနိုင်စွမ်းရှိသည့် ရန်ကုန်လေဆိပ်အား ခရီးသည်ခြောက်သန်း လက်ခံနိုင်စွမ်းရှိရန် တည်ဆောက်ပေးရမည် ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ခံ Pioneer Aerodrome Services ကုမ္ပဏီကို ရွေးချယ်ခဲ့ပြီး၊ အဆိုပါ ကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်လေဆိပ်သစ် အဆောက်အုံ တည်ဆောက်နေစဉ် ကာလအတွင်း ပြည်တွင်းခရီးစဉ် နားနေဆောင်အဖြစ် အသုံးပြုမည့် ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်အား ၁၉၉၈ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၈၊ ၁၈၈ ပေ ကျယ်ဝန်းကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လေဆိပ်အဆောက်အုံသစ်အား တည်ဆောက်ရာတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်ကိုသာ ဖြိုချ၍ အသစ်တည်ဆောက် သွားမည်ဖြစ်ပြီး၊ ပြည်ပခရီးသည် ဆိုက်ရောက်ထွက်ခွာ ဆောင်ကိုမူ လက်ရှိအတိုင်း ထားရှိသွားမည်ဟု သိရသည်။

ရန်ကုန် ပြည်တွင်းဆိုက်ရောက်ထွက်ခွာ လေဆိပ်ဝင်းအား တွေ့ရစဉ်

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U