Related Posts Plugin for WordPress, Blogger...

Sunday, November 24, 2013

ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခဲ့သော်လည်း အဖြေထွက် မလာကြောင်း လက်ပံတောင်းတောင် ဒေသခံများဆို

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေ အမှတ် (၆) ချည်မျှင်နှင့် အထည်စက်ရုံ အစည်းအဝေး ခန်းမ၌ နိုဝင်ဘာလ၂၄ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင်ခံစာအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးလှထွန်း အပါအဝင် တာဝန်ရှိသူများနှင့် လက်ပံတောင်း ဒေသခံများ ထပ်မံတွေ့ဆုံခဲ့သော်လည်း တိကျ ရေရာသည့် အဖြေတစ်ခု ထွက်ပေါ်လာခြင်း မရှိသေးကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ဒေသခံများက ဆိုသည်။

ယင်းတွေ့ဆုံပွဲသို့ အစီရင်ခံစာ ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး အပါအဝင် ပြည်ထောင်စု အဆင့်ရှိ ဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
“အရင်လ အောက်တိုဘာလ ၁၅ ရက်နေ့မှာလည်း အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တုန်းကလည်း ဒေသခံတွေရဲ့

လိုအပ်ချက်၊ ဖြစ်စေချင်တာတွေကို တင်ပြ တောင်းဆိုခဲ့ပေမယ့် ထူးခြားတဲ့ အပြောင်း အလဲ ဖြစ်မလာခဲ့ပါဘူး။ ဒီတစ်ခါ ထပ်တွေ့တော့လည်း အရင်က တွေ့ဆုံမှုတွေအတိုင်း သူတို့ဘက်ကဘာတွေ ဆောင်ရွက် ပေးထားပါတယ် ဆိုတာတွေ ကိုပဲ ပြောခဲ့တာပါ။ နောက်တစ်ခါ တွေ့ဆုံပွဲ တွေမှာလည်း ဒီလိုပဲ လုပ်နေမယ်ဆိုရင် တက်ဖို့ အစီအစဉ် မရှိတော့ပါဘူး” ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက ပြောကြားသည်။

ယင်းတွေ့ဆုံပွဲတွင် ကျေးရွာတစ်ရွာလျှင် လေးဦးခန့်သာ ဖိတ်ကြားပြီး လက်ပံတောင်းဒေသခံ အများစု ပါဝင်ခဲ့ခြင်း မရှိကြောင်း၊ ယခုဆွေးနွေးပွဲသို့ လက်ပံတောင်းအရေး ပြင်းထန်စွာ လှုပ်ရှားနေကြသည့် ဆည်တည်း၊ မိုးကြိုးပြင်နှင့် ဝက်မှေး စသည့် မူလရွာဟောင်းများမှ ဒေသခံများလည်း တက်ရောက်ကြောင်း တက်ရောက်ခဲ့သည့် ဝက်မှေးရွာဟောင်းမှ အမျိုးသားတစ်ဦးက ဆိုသည်။

“ဒီနေ့ ဒေသခံတွေဘက်မှာ ပြောင်းသွားတဲ့ ရွာသစ်ကနှစ်ဦး၊ ရွာဟောင်းက ငါးဦး ထပြီး ဆွေးနွေးပါတယ်။ အရင်တစ်ခါ ဆွေးနွေးပွဲ တုန်းက ဒေသခံတွေက မြေယာလျော်ကြေး တိုးမြှင့်ပေးဖို့ အဓိကထား တောင်းဆိုမှုတွေ လုပ်ခဲ့ကြပြီး ဒီတစ်ခါတော့ နှမ်းခင်းတွေထဲမှာ ဘူဒိုဇာနဲ့ ထိုးတာတွေ သွပ်ဆူးကြိုး ကာလို့ နှမ်းခင်း ပျက်စီးတာတွေကို ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာတွေ တောင်းဆိုမှု ရှိပါတယ်။ ရွာသစ်ကို ပြောင်းရွှေ့သွားသူ တစ်ဦးကလည်း ဘွဲ့ရပြီး ရွာသစ်မှာ နေနေရတဲ့သူတွေ အခုချိန်ထိ အလုပ်အကိုင် မရသေးတဲ့အကြောင်း ထဆွေးနွေးသွားပါတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဆားလင်းကြီး ချည်မျှင်နှင့် အထည်စက်ရှံ ဂိတ်ပေါက်တွင် နာမည်ပါရှိသည့် ဒေသခံ များကိုသာ ဆွေးနွေးပွဲသို့ တက်ရောက်ခွင့် ပေးပြီး လယ်သိမ်း ခံရသော်လည်း နာမည် မပါရှိပါက ဝင်ခွင့်မပေးကြောင်း တုံတောကျောင်း ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ရွာဟောင်းမှ မပြောင်းရွှေ့ဘဲ လက်ရှိ အချိန်ထိ နေထိုင်နေကြသော ဒေသခံ များနှင့် လက်ပံတောင်းတောင် အစီရင်ခံစာအပေါ် ဆက်လက်အကောင်အထည် ဖော်ဆောင်ရေး ကော်မတီ အဖွဲ့ဝင်များ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်သည့် အောက်တိုဘာလ ၁၅ ရက်နေ့ တွေ့ဆုံမှုတွင် သတင်းမီဒီယာများ သတင်းရယူရန် ခွင့်ပြုခဲ့သော်လည်း ယနေ့ နိုဝင်ဘာလအတွင်း တွေ့ဆုံမှုတွင် သတင်းဝင်ရောက် ရယူခွင့် မပြုခဲ့ပေ။

Sayar Chan Credit To > The Voice Weekly

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U