Related Posts Plugin for WordPress, Blogger...

Friday, November 15, 2013

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ငွေစက္ကူများ ပြန်လည် ရိုက်နှိပ်ရန် လွှတ်တော်တွင် ဆွေးနွေး


မြန်မာနိုင်ငံတွင် သာမက ကမ္ဘာကပါ လေးစားခဲ့ရသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ငွေစက္ကူများကို ယခင်အစိုးရ အဆက်ဆက်က ထုတ်ဝေခဲ့သည့်အတွက် လက်ရှိ အစိုးရကလည်း ပြန်လည် ရိုက်နှိပ် ထုတ်ဝေသင့်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အဆိုကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသည်။
ယင်းသို့ ဆွေးနွေးရာတွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ဗဟိုဘဏ်က ငွေစက္ကူများ အသစ်ရိုက်နှိပ် ထုတ်ဝေပါက နိုင်ငံခေါင်းဆောင်များ၊ ထင်ရှားသော အဆောက်အအုံများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံများကို အခြေအနေ အချိန်အခါနှင့် ကိုက်ညီလျှင် အစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ ခွင့်ပြုချက်ရယူ ရိုက်နှိပ်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
“အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံကို ပြန်အစား ထုတ်ခြင်းက လူငယ်တွေကို
သမိုင်းမျိုးဆက် မပြတ်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

လက်ရှိ ထုတ်ဝေထားသော ငွေစက္ကူများတွင် တစ်ထောင်ကျပ် အထိ ခြင်္သေ့ပုံ ဖော်ထားခြင်းသည် နိုင်ငံရေးပါတီ တစ်ခု၏ တံဆိပ် အမှတ်အသားအဖြစ် တွေ့ရကြောင်း၊ ငွေစက္ကူပေါ်ရှိ နိုင်ငံတော်အဆင့် အမှတ်အသားမှာ ပါတီတစ်ခု၏ တံဆိပ်နှင့် မတူသင့်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အသုံးပြုနေသော ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ထားသော ကေသရာဇာ ခြသေ့င်္ပုံသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ ကိုယ်စားပြုထားသည့် အမှတ်အသား တံဆိပ်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြန်လည် ပြောကြားသည်။

မြန်မာနိုင်ငံ ငွေကြေး ထုတ်ဝေရေး အဖွဲ့က ၁၉၅၂ ခုနှစ် ကတည်းက မြန်မာ့ အနုပညာမြောက် ကေသရာဇာ ခြင်္သေ့မင်းပုံကို ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပါတီ အမှတ်အသား တံဆိပ်ကို ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ခြင်း မဟုတ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ရှင်းပြသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင်လည်း သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ရိုက်နှိပ် ထုတ်ဝေလျက်ရှိသော ငွေစက္ကူများတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်လည် ထည့်သွင်း ရိုက်နှိပ်ရန် အဆို တင်သွင်းခဲ့သော်လည်း ကန့်ကွက်သူ များသဖြင့် အဆိုရှုံးနိမ့်ခဲ့သည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U