Related Posts Plugin for WordPress, Blogger...

Tuesday, November 26, 2013

တောင်သမန်အင်း အတွင်းရှိ ပျက်စီးယိုယွင်းနေသော ဦးပိန်တံတား ပြုပြင်ထိန်းသိမ်း နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ထပ်မံတင်ပြသွားမည်





အမရပူရ မြို့နယ်အတွင်း တောင်သမန်အင်းရှိ ယိုယွင်းပျက်စီးမှု များပြားလာနေသည့် ဦးပိန်တံတားအား ပြုပြင်ထိန်းသိမ်း နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ထပ်မံတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေး ရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ ယခုနှစ် ခရီးသွားရာသီ ကာလအတွင်း နိုင်ငံခြားသား ခရီးသွား လာရောက်လည်ပတ်မှု ပိုမိုများပြား လာကြောင်းနှင့် ဦးပိန်တံတား ရေရှည်တည်တံ့ နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ထပ်မံတင်ပြ သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန
(မန္တလေးဌာနခွဲ)မှ စုံစမ်းသိရသည်။

''မန္တလေး ယဉ်ကျေးမှုဇုန်ကို ဒီနှစ်ခရီးသွားရာသီ ကာလမှာ ပြည်တွင်းပြည်ပ ခရီးသွားဦးရေ လည်ပတ်မှုက ပိုများတယ်လို့ ပြောလို့ရပါတယ်။ တောင်သမန်အင်းနဲ့ ဦးပိန်တံတားကိုလည်း ရေရှည်တည်တံ့ နိုင်စေဖို့အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားနိုင်ဖို့လည်း စီစဉ်နေပါတယ်'' ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တောင်သမန်အင်း အတွင်းရှိ ဦးပိန်တံတားပျက်စီးမှု များလာခြင်းကိုလည်း ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ပြုပြင်ထိန်းသိမ်း နိုင်ရန်အတွက် ထပ်မံတင်ပြသွားရန် စီစဉ်နေကြောင်းပါ အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။

ပြည်တွင်းပြည်ပ ခရီးသွားများ အများဆုံး လာရောက် လည်ပတ်နေသည့် တောင်သမန်အင်း ရေပြင်ညစ်ညမ်း လာနေမှုများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကုမ္ပဏီတစ်ခုဖြင့် ရေသန့်စင်မှုများ ပြုလုပ်သွားမည်ဟု ပြောကြားထားသော်လည်း လက်ရှိအချိန်၌ အင်းရေပြင်နှင့် တောင်သမန် ပတ်ဝန်းကျင်မှာ ညစ်ညမ်းမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထို့အပြင် ဦးပိန်တံတား ယိုယွင်းပျက်စီးလာနေမှု များကိုလည်း တိုင်းဒေသကြီး အစိုးရမှ တောင်သမန်အင်းနှင့် ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းမှု ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ပြုပြင်ထိန်းသိမ်းရန် စီစဉ်နေကြောင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားထားသည်။

မန္တလေးရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းသို့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအတွင်း နိုင်ငံခြားသား ခရီးသွား လာရောက်လည်ပတ်မှုမှာ ၁၀၁၆၃၈ ဦးကျော် လာရောက် လည်ပတ်ခဲ့ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(မန္တလေးဌာနခွဲ) မှ သိရသည်။

(တောင်သမန်အင်း အတွင်းရှိ ဦးပိန်တံတားသို့ လည်ပတ်နေကြသော နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ်)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U