Related Posts Plugin for WordPress, Blogger...

Thursday, November 21, 2013

ညောင်ဦးတွင် ပြင်သစ်နိုင်ငံသူ ခါးပတ်အိတ် ဆိုင်ကယ်စီးသူ ဆွဲယူ ထွက်ပြေး


မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့ ပုဂံမြို့ဟောင်းလမ်း ထီးလိုမင်းလိုဘုရားနှင့် ရွှေလိပ်တူးဘုရား ကြားတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က စက်ဘီးဖြင့် သွားနေသော ပြင်သစ်နိုင်ငံသူ တစ်ဦး၏ ခါးပတ်အိတ်ကို ဆိုင်ကယ်ဖြင့် နောက်က လိုက်၍ ဆွဲယူ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် ညောင်ဦးမြို့ ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။

ပုဂံမြို့ဟောင်း ဗူးဘုရားမှ နေဝင်ဆည်းဆာ ကြည့်၍ ညောင်ဦးမြို့သို့ ပုဂံမြို့ဟောင်းလမ်းအတိုင်း တည်းခိုခန်းသို့ ပြန်လာသည့် အဆိုပါ နိုင်ငံခြားသူ အမျိုးသမီးစီးသည့် စက်ဘီး ရှေ့ခြင်းထဲမှ ခါးပတ်အိတ်ကို အသက် ၄၀ နှစ်ခန့်ရှိ ဂျာကင် အစိမ်းရောင် ပြောက်ကျား ဝတ်ဆင်ထားပြီး ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးက ဆွဲယူ ထွက်ပြေးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အဲ့ဒီကြားမှာ ခဏခဏ ဖြစ်နေတယ်။ ပုဂံမြို့ဟောင်းနဲ့ ညောင်ဦးကြားမှာ ဆိုတော့ လူသွားလူလာ နည်းနည်း ပြတ်တယ်။ ဒါပေမဲ့ ဆိုင်ကယ်တွေ၊ ကားတွေတော့ သွားနေကြတာပဲ။ ၅ နာရီ ၂၀ မိနစ်လောက် ဆိုတော့ အခုရာသီက မှောင်နေပြီလေ။ အဲ့ဒီလို

အလုခံရတာတွေက စက်ဘီးသမားတွေ ပိုပြီး အဖြစ်များတယ်။ တစ်ခု ဖြစ်စေချင်တာက စက်ဘီး ငှားတဲ့သူတွေ ဆိုရင် နောက်ကနေ လိုက်ပေးတာ ပိုကောင်းတယ်” ဟု ပုဂံ-ညောင်ဦးတွင် မြင်းလှည်းမောင်းသူ ဦးမောင်စိုးက ဆိုသည်။

ညောင်ဦးတွင် Tourism Police များကို လူသွားလူလာ ပြတ်သော နေရာများတွင် ခြေလျင်ကင်း၊ စက်ဘီး၊ ဆိုင်ကယ်၊ ကားများဖြင့် ညပိုင်း အချိန်အထိ လှည့်ကင်းများ ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ဒေသခံများက ပြောကြားသည်။

အလုခံရသည့် အဆိုပါ ခါးပတ်အိတ်ထဲတွင် ပြင်သစ် နိုင်ငံသူ၏ နိုင်ငံကူး လက်မှတ်စာအုပ် တစ်အုပ်၊ မြန်မာငွေ ၁၅၀,၀၀၀ ကျပ်၊ အမေရိကန်ဒေါ်လာ ၈၀၀၊ Nikon Cooltix အနီရောင် ကင်မရာ တစ်လုံး၊ Credit Card တစ်ခုတို့ ပါဝင်ပြီး ပြင်သစ်နိုင်ငံသူက အမှု မဖွင့်လိုသော်လည်း ညောင်ဦးခရိုင် ရဲတပ်ဖွဲ့ စခန်းနှင့် မြို့နယ်မှူးများက တရားခံ ဖမ်းဆီးရမိရေးအတွက် စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရုံးမှတ်တမ်းများအရ သိရသည်။

ပုဂံ-ညောင်ဦး တစ်ဝိုက်တွင် နိုင်ငံခြား ခရီးသွားများ၏ ပစ္စည်းများ အလုခံရမှု ၁၀ လ အတွင်းတွင် ၁၀ မှုခန့် ရှိပြီ ဖြစ်ပြီး Tourism Police မှာ ၆၅ ဦးခန့် ရှိကြောင်း အဆိုပါ ဒေသခံများ ထံမှ သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U