Related Posts Plugin for WordPress, Blogger...

Saturday, November 9, 2013

လျှပ်စစ်မီတာခ လျှော့ချရေး ရန်ကုန်မြို့တွင် တတိယမြောက် နေ့အဖြစ် ဆက်လက်ဆန္ဒပြ



နိုဝင်ဘာ ၈ ရက်တွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

တိုးမြှင့်ကောက်ခံသော လျှပ်စစ်မီတာခ လျှော့ချရေးအတွက် ဆန္ဒပြမှုအရှိန် မြင့်မားလာပြီး ရန်ကုန်မြို့တွင် တတိယမြောက်နေ့အဖြစ် ဆန္ဒပြမှုကို နိုဝင်ဘာ ၈ ရက်၊ ညနေ ၆ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး ပြည်သူများ ပူးပေါင်းပါဝင်မှု ယမန်နေ့များထက် ပိုမိုများပြားလာကြောင်း သိရသည်။

တတိယမြောက်နေ့ ဆန္ဒပြမှုကို အောင်ဆန်းကွင်း (စီးတီးမတ်) ရှေ့မှ လူအင်အား ၁၀၀ ခန့်မှ စတင်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလ ရပ်ကွက်ကိုဖြတ်၍ ဆန္ဒပြလာခဲ့ရာ ပြည်သူများ ပူးပေါင်းပါဝင်မှု တဖြည်းဖြည်း များလာခဲ့ပြီး တာမွေမြို့နယ်သို့ အရောက်တွင် လူဦးရေ ၃၀၀ ခန့် ဖြစ်လာကြောင်း
သိရသည်။

''ကျွန်တော်တို့ ဆန္ဒပြမှုကို ရပ်ဆိုင်းမှာ မဟုတ်ဘူး။ လွှတ်တော်မှာ မီတာခလျှော့ချရေး အဆိုတင်သွင်း တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ မြန်မြန်အကောင် အထည်ဖော်ဖို့ လိုတယ်။ ကျွန်တော်တို့ ပြည်သူတွေ ဒဏ်တွေ ခံစားရတာ မခံနိုင်တော့ဘူး။ စနစ်ဟောင်းကအတိုင်း လုပ်ချင်းတိုင်း လုပ်တတ်တဲ့ အကျင့်က အခုလည်း ထပ်လုပ်တယ် ဆိုတော့ ပြည်သူတွေမှာ အင်မတန် နစ်နာနေပါတယ်'' ဟု ဆန္ဒ ပြမှုတွင် ပါဝင်သူတစ်ဦးဖြစ်သူ ကိုနောင်နောင်က ၎င်း၏ အမြင်ကို ပြောကြားသည်။

ထိုသို့ဆန္ဒပြနေသော ပြည်သူများကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ် ရဲစခန်းတို့မှ လာရောက် သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်မက မင်္ဂလာတောင်ညွန့် မြို့နယ်ထဲကပါ။ အခုဆန္ဒပြတာကို မြင်တော့ ရင်ထဲမှာ တော်တော်ခံစားလာရလို့ ကိုယ်တိုင်ဝင်ပြီး ဆန္ဒပြတာပါ။ အစိုးရ ၀န်ထမ်းတွေအတွက် မီတာခက အဆင်ပြေနိုင်ပေမယ့် ကျွန်မတို့ သာမန်ပြည်သူတွေ အတွက် အိမ်ငှားခနဲ့ တိုးလာတဲ့ မီတာခက ရင်အေးလို့ မရနိုင်ပါဘူး'' ဟု အသက် ၄၀ ခန့်ရှိသော အမျိုးသမီးကြီး တစ်ဦးက ဆန္ဒပြနေစဉ် ပြောကြားသည်။



တာမွေမြို့နယ် အရေးပေါ်မီးပျက် ပြုပြင်ရေး စခန်းရှေ့တွင် ဆန္ဒပြသူများကို နိုဝင်ဘာ ၈ ရက် ညပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)

ဆန္ဒပြသူများသည် တာမွေမြို့နယ်အတွင်း လှည့်လည် ဆန္ဒပြစဉ် ကျောက်မြောင်းရပ်ကွက် အရောက်တွင် ရပ်ကွက်နေ ပြည်သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင် လိုက်ပါဆန္ဒပြမှု များပြားလာခဲ့သည်။

တတိယမြောက်နေ့အဖြစ် ဆန္ဒပြမှုတွင် ပြည်သူများသည် အောင်ဆန်းကွင်း အနီးမှ တာမွေမြို့နယ် အရေးပေါ် မီးပျက်ပြုပြင်ရေး စခန်းရှေ့အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး ''ပြည်သူလူထုအား ငဲ့ညှာပါ။ လျှပ်စစ်မီတာ တိုးမြှင့်ကောက်ခံခြင်း အလိုမရှိ'' ဟု စာတန်းပါ ဗီနိုင်းကို ကိုင်ဆောင် ဆန္ဒပြခဲ့သည်။

ဆန္ဒပြပြည်သူများကို ၎င်းတို့ ဖြတ်သန်းရာ လမ်းတစ်လျှောက် ရပ်ကွက်၊ မြို့နယ်များရှိ အိမ်အသီးသီးမှ ပြည်သူများက လက်ခုပ် လက်ဝါးတီး အားပေးကြိုဆိုမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။

ဆန္ဒပြသူများသည် မြန်မာ့ဂုဏ်ရည်လမ်း၊ သိမ်ဖြူလမ်း၊ မြရာကုန်းလမ်း၊ ၁၂၄ လမ်း၊ ဗညားဒလလမ်း၊ အောင်မင်္ဂလာလမ်း၊ ကျားကွက်သစ်လမ်း၊ သတိပဋ္ဌာန်လမ်း၊ ဗညားဒလလမ်း တို့တွင်လည်း လှည့်လည် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထို့အပြင် မကွေးပရိယတ္တိ စာသင်တိုက်မှ ဆရာတော် ဦးပါမောက္ခကလည်း ဆန္ဒပြသူများ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက် အတွင်းသို့ ရောက်လာစဉ် ရေသန့်ဘူးနှင့် ဖယောင်းတိုင်များ လာရောက်ဝေငှခဲ့ပြီး အားပေးစကား မိန့်ကြားခဲ့သည်။



မန္တလေးမြို့၌ လျှပ်စစ်မီတာခ လျော့ကျရေးအတွက် လှည့်လည်ဆန္ဒ ပြနေသူများကို နိုဝင်ဘာ ၈ ရက် ည ၇ နာရီခန့်က တွေ့ရစဉ်

အဆိုပါ ဆန္ဒပြမှုသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မအူကုန်းလမ်းကျယ် အနီး၌ ည ၈ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၈ ရက် ညနေ ၆ နာရီခွဲခန့်က ကုန်ဈေးနှုန်း ကျဆင်းရေး အင်အားစု အဖွဲ့မှပင် ဦးဆောင်၍ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်းနှင့် ၃၅လမ်း ထောင့်မှ စတင်ကာ ၁၅ ဦးခန့်က ဖယောင်းတိုင်မီးများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။ ယင်းနောက် ၈၄ လမ်းအတိုင်း ဖယောင်းတိုင်မီးများ ကိုင်ဆောင်လျက် လျှပ်စစ်မီတာ လျှော့ကျစေရေးအတွက် မီတာခတက်လျှင် ကုန်ဈေးနှုန်းတွေ ဒီထက်ပိုတက်မယ်၊ ပြည်သူတွေ ဒီထက်ပိုပြီး ဘ၀ပျက်မယ်ဟူသော ဆိုင်းဘုတ်များကို ၎င်းတို့ကိုယ်တွင် ချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြသည်။ ယင်းနောက် ၈၄ လမ်းနှင့် ၂၉ လမ်းထောင့်တွင် သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့က ဆက်လက်ဆန္ဒပြခြင်း မပြုရန် တားမြစ်ခဲ့ခြင်းကြောင့် ဆန္ဒပြသူတို့သည် ပြန်သွားကြကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U