Related Posts Plugin for WordPress, Blogger...

Sunday, November 24, 2013

တရုတ်သို့ အမျိုးသမီးနှစ်ဦး ပို့ဆောင်မည့်သူကို လက်ရဖမ်းမိ


မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး လမ်းမကြီး (ဟောင်း) ပေါ်ရှိ သပြေဝ မြို့ဝင်ကြေး ကောက်ခံစခန်းတွင် နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မိတ္ထီလာမြို့ခံ အမျိုးသမီး နှစ်ဦးကို စည်းရုံး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပို့ဆောင်မည့် လူကုန်ကူးသူ အမျိုးသမီး တစ်ဦးကို လက်ရ ဖမ်းမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သော မိတ္ထီလာခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ ဒုရဲအုပ် ဇင်ကိုကိုက The Voice သို့ အတည်ပြု ပြောကြားသည်။

ဖြစ်စဉ်မှာ မိတ္ထီလာမြို့ ပြည်သာယာ ရပ်ကွက် မြောက်ပိုင်းနေ မိဖြိုး (ခ) ပိုပိုကြိုင်သည် နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်နိုင်ငံမှ မိတ္ထီလာသို့ ပြန်လည် ရောက်ရှိလာကာ ရပ်ကွက် အတွင်းရှိ အမျိုးသမီးများကို တရုတ်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရန်နှင့် တရုတ် အမျိုးသားများကို လက်ထပ်ယူရန် စည်းရုံးလျက်ရှိပြီး အမျိုးသမီး နှစ်ဦးနှင့်အတူ မန္တလေးဘက်မှ ကြယ်ဂေါင်သို့ ထွက်ခွာမည်ဆိုသည့် သတင်းအရ မိတ္ထီလာမြို့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့မှ ဒုရဲမှူး မျိုးလွင်နှင့် အဖွဲ့၊ မိတ္ထီလာခရိုင် မှု/ကူ အဖွဲ့မှ ဒုရဲအုပ် ဇင်ကိုကိုနှင့် သက်သေအဖြစ် ရာအိမ်မှူး ဦးဇော်မင်းနှင့် အဖွဲ့သည် မန္တလေးလမ်းဘက် အထွက်ရှိ သပြေဝဂိတ်တွင် စောင့်ဆိုင်းနေစဉ် နဝရတ် မှန်လုံယာဉ် အမှတ် ၁ခ/၉၁၁၄ ကို ရပ်တန့် ရှာဖွေရာမှ

ယင်းလူကုန်ကူးမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ လူကုန်ကူးမှုဖြင့် ဖမ်းဆီးခံခဲ့ရသူ မိဖြိုး (ခ) ပိုပိုကြိုင် (၃၄) နှစ်သည် မိတ္ထီလာမြို့ ပြည်သာယာ မြောက်ပိုင်းရှိ အသက် (၃၃) နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ကလေးထိန်းရန်နှင့် တရုတ်အမျိုးသား ကို လက်ထပ်ယူရန် စည်းရုံး၍ ကြိုတင်ငွေ ကျပ်တစ်သိန်း ပေးခဲ့ကြောင်း၊ အလားတူပင် ရတနာမာရ်အောင် ရပ်ကွက်ရှိ အသက် (၃၉) နှစ်အရွယ် အမျိုးသမီး တစ်ဦးကိုလည်း တရုတ်နိုင်ငံတွင် အလုပ်လုပ်ပါက စရိတ်ငြိမ်း ကျပ် ၇၀,၀၀၀ ခန့်ရမည် ဖြစ်ပြီး တရုတ် အမျိုးသားကို ယူပါက ငွေပိုရမည်ဟု စည်းရုံး၍ ကြိုတင်ငွေ ကျပ်သုံးသိန်း ပေးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသို့ ပို့ဆောင်ခံရမည့် အမျိုးသမီး နှစ်ဦးအနက်မှ တစ်ဦး၏ သမီးဖြစ်သူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က တရုတ်နိုင်ငံ၌ အလုပ်ရမည်ဟု စည်းရုံးပြောဆိုကာ တစ်နှစ်စာ ကြိုတင်ငွေ ကျပ်ဆယ်သိန်းပေး၍ အမျိုးသားတစ်ဦးနှင့် အဓမ္မ ထိမ်းမြားပေးခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းလူကုန်ကူးမှုများနှင့် ပတ်သက်၍ မိဖြိုး (ခ) ပိုပိုကြိုင်ကို မိတ္ထီလာမြို့ နယ်မြေပိုင် အမှတ် (၃) ရဲစခန်းက လူကုန်ကူးမှုပုဒ်မ -၂၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း ယင်းရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U