Related Posts Plugin for WordPress, Blogger...

Tuesday, November 19, 2013

လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်ရွာ ဖြစ်စဉ်တွင် ပုဂ္ဂလိက မီဒီယာအချို့နှင့် ဒေသခံများ ကြိုတင်စီစဉ်၍ အကွက်ဆင် ရန်စတိုက်ခိုက်ခဲ့ခြင်းဟု အစိုးရ သတင်းစာ ရေးသားမှုကို နိုင်ငံရေးသမားများနှင့် မီဒီယာသမားများ ဝေဖန်



နိုဝင်ဘာ ၁၃ ရက်က ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာနှင့် ဆည်တည်းရွာ အကူးလမ်းအား လုံခြုံရေးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် ဒေသခံများက ကန့်ကွက်နေစဉ်

နိုဝင်ဘာ ၁၄ ရက် ညက ဖြစ်ပွားခဲ့သည့် မိုးကြိုးပြင်ရွာ အနီးတွင် ပြည်သူ့ရဲတပ်ဖွဲ့က ဒေသခံရွာသားများအား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထိုပစ်ခတ်မှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ မြန်မာ့အလင်း သတင်းစာ၌ ''ယခုဖြစ်စဉ်တွင် စာနယ်ဇင်း သတင်းမီဒီယာ အချို့ကို ကြိုတင်စီစဉ်ထားရှိပြီး လူစုလူဝေးဖြင့် ညအမှောင်ချိန်တွင် အကွက်ဆင် ရန်စတိုက်ခိုက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်'' ဟု ဖော်ပြခဲ့သည်။

မြန်မာ့အလင်း သတင်းစာ၏ ဖော်ပြချက်နှင့် ပတ်သက်ပြီး AAPP ၏ အထွေထွေ အတွင်းရေးမှူး ကိုတိတ်နိုင်က ''တစ်သက်လုံးက မြန်မာ့အလင်း ဆိုတာက အစိုးရဘက်ကနေ အကာအကွယ် ပေးနေတဲ့ သတင်းစာလေ။ အစိုးရ သတင်းစာဖြစ်တယ်။ ဒီသတင်းစာမှာ တစ်သက်လုံးရေးခဲ့တဲ့ ဆောင်းပါးတွေ ဆိုတာက အစိုးရကို ကာကွယ်ပေးခဲ့တာပဲ ဖြစ်တယ်။ ဒါကြောင့် ဒီသတင်းကို ယုံဖို့၊ မယုံဖို့ တော်တော်ခက်တယ်'' ဟု မြန်မာ့အလင်း သတင်းစာနှင့် ပတ်သက်၍ ဖြေကြားသည်။

စာရေးဆရာ ဦးဖေမြင့်ကမူ ''ဘယ်သူ၊ ဘယ်ဝါက ပြောတယ်ဆိုတာကို မဖော်ပြထားဘူးလေ။ ပြောသံကြားနဲ့ ရေးသလို ဖြစ်နေတာပေါ့။ အခြားမီဒီယာတွေမှာ ရေးကြသလို ဘယ်သူ၊ ဘယ်ဝါပြောတယ် ဆိုတာမျိုး ကိုးကားပြီး မဖော်ပြတဲ့ သဘောမျိုး ဖြစ်နေတာပေါ့'' ဟု မြန်မာ့အလင်း သတင်းစာပါ ဖော်ပြချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးသည်။

လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေသော နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစိုးမိုးအောင်က ''အဲဒါက မဖြစ်နိုင်ဘူး။ လက်ပံတောင်းတောင်က လူတွေက အကွက်ဆင်စရာ
အကြောင်းမရှိဘူးလေ။ သူတို့ဘက်က ပြန်ပြီးတော့ ကောလဟာလ ပြန်ထုတ်တာ။ တို့တွေလက်ပံတောင်း တောင်ကို မကြာမကြာ သွားနေတာပဲ။ ဒေသခံတွေက သူတို့ကို သူတို့ကာကွယ်ဖို့ပဲ တတ်နိုင်တာလေ။ အဓိက ပြဿနာက အာဏာပိုင်နဲ့ပေါင်းပြီး ၀မ်ပေါင်က ကျူးကျော်နေတဲ့ ကိစ္စပဲလေ။ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ထားတဲ့ ကော်မတီက ထုတ်ပြန်ချက်ကို အခုထိ ဘာမှလုပ်မပေးသေးဘူး။ သူတို့ကစပြီး တိုက်ခိုက်ရအောင် သူတို့ဆီမှာ သေနတ်မှမရှိဘဲ'' ဟု The Daily Eleven ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

ထို့အတူ ဂျာနယ်လစ် တစ်ဦးဖြစ်သူ ကိုဝက ပြဿနာတစ်ခုအား ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အစိုးရနှင့် ၀မ်ပေါင်အနေနှင့် တာဝန်မကျေမှုများ ရှိနေကြောင်းနှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်းတို့ကို ပြောကြားလိုက်ပြီး ၀မ်ပေါင်အနေနှင့် လက်ပံတောင်းတောင် အစီရင်ခံစာပါ အချက်အလက်များအား တိတိကျကျ လိုက်နာဖို့ လိုအပ်ကြောင်း ပြောကြားလိုက်သည်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ကိုမြင့်အောင်ကလည်း လက်ပံတောင်းတောင်နှင့် ပတ်သက်သည့် ကိစ္စရပ်များသည် ပွင့်လင်းမြင်သာ မရှိခြင်းနှင့် နှစ်ဖက်စေ့စပ် ညှိနှိုင်းမှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောကြားလိုက်ပြီး ယခုဖြစ်စဉ်ကို စုံစမ်းပြီး အဖြစ်မှန်ကို ဖော်ထုတ်ရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။ ကော်မရှင်၏ အစီရင်ခံစာကို အကောင်အထည်ဖော်သည့် လုပ်ငန်းကော်မတီ အနေနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူလူထုနှင့် ထိတွေ့မှု မရှိခြင်းတို့ကြောင့် ပြည်သူလူထု၏ လက်တွေ့ဘ၀နှင့် ကင်းကွာမှုများ ဖြစ်ပေါ်လာပြီး ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ် နေခြင်းလည်း ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

သတင်းသမား တစ်ယောက်ဆိုတာ သတင်းနဲ့ပတ်သက်ရင် အမြဲနိုးကြား တက်ကြွနေရပါတယ်။ သတင်းထူး သတင်းဦးတွေ ရဖို့အတွက် ကိုယ့်ရဲ့သတင်း ရင်းမြစ်တွေနဲ့ ချိတ်ဆက်ထားရပါတယ်။ မိတ်ဆွေရယ် ရန်သူရယ် မဟုတ်ပါဘူး။ သတင်းထူးပြီဆိုရင် ဘယ်လောက်ပဲ အန္တရာယ်ရှိရှိ သတင်းကို သက်စွန့်ဆံဖျား ယူရမယ့် တာဝန်ရှိပါတယ်...


၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဒေါ်မာမာဦးက အစိုးရပေးသည့် အကြောင်းပြချက်မှာ ခိုင်လုံမှုမရှိကြောင်းနှင့် သတင်းစာတွင် ဖော်ပြသည့် အတိုင်းသာ အမှန်ဖြစ်ပွားခဲ့ပါက ဒေသခံများဘက်က မှန်ကန်သဖြင့်သာ မီဒီယာများအား ခေါ်ရဲခြင်းဖြစ်သည်ဟု ၎င်းယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အစိုးရအနေနှင့် ယခုလုပ်ရပ်သည် ပြောင်းလဲနေပါသည်ဟု ပြောနေသော အချိန်ဖြစ်ပါလျက်နှင့် ယခင် အစိုးရလက်ထက်က ပြုလုပ်သကဲ့သို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်းနှင့် ယခုပြောဆိုမှုကြောင့် အများပြည်သူက ယုံကြည်မှာ မဟုတ်ဘဲ အစိုးရအပေါ် မကောင်းမြင်မှုများသာ ဖြစ်ပေါ်နိုင်ကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မတီမှ ထုတ်ပြန်သည့် အစီရင်ခံစာပါ အချက်အလက်များအား အကောင်အထည်ဖော်မည့် လုပ်ငန်းအဖွဲ့အနေနှင့် ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိသလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရပ်တည်ချက်များအား မေးခွန်းထုတ်ရန် လိုအပ်နေကြောင်းကိုလည်း ပြည်ပအခြေစိုက် မီဒီယာတစ်ခုဖြစ်သည့် နေ့သစ်ဝက်ဘ်ဆိုက်မှ တာဝန်ရှိသူ ကိုမျိုးလွင်က ပြောကြားလိုက်ပြီး အစိုးရအနေနှင့် လက်ပံတောင်းတောင် ကိစ္စအား ဘက်လိုက် ဖြေရှင်းနေမှုများကြောင့် ပိုမိကြီးမားသည့် ပဋိပက္ခများ ဖြစ်ပွားလာနိုင် ကြောင်းကိုလည်း ပြောကြားလိုက်သည်။ လက်ပံတောင်းတောင် ဒေသတွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်က ၀မ်ပေါင်ကုမ္ပဏီ၏ လက်ကိုင်တုတ်အဖြစ် လုပ်ကိုင်နေသည်ဟု ယူဆမိကြောင်းကိုလည်း ကိုမျိုးလွင်က ပြောကြားလိုက်သည်။

မုံရွာဒေသခံ မီဒီယာသမား တစ်ဦးကလည်း မီဒီယာသမားများ အနေနှင့် သတင်းရှိသည့် နေရာသို့ ရောက်အောင်သွားရမည့် တာဝန်မှာ မိမိတို့တာဝန်သာဖြစ်ပြီး ပဋိပက္ခ ဖြစ်ပွားနေရာနေရာသို့ ရောက်အောင်သွားသည့် ကိစ္စမှာ အထူးအဆန်း မဟုတ်ကြောင်းနှင့် ၎င်းနေထိုင်ရာနေရာမှ မုံရွာဘက်သို့ကူးလျှင် ငွေနှစ်ထောင်နီးပါး ကုန်ကျကြောင်းနှင့် တောင်အနှံ့ သတင်းလိုက်ရှာ ရခြင်းကြောင့် ဆိုင်ကယ်လည်း ထိခိုက်ကြောင်း၊ လူပင်ပန်း၊ ငွေပင်ပန်းသည့် အလုပ်ဖြစ်သော်လည်း အာဏာပိုင်များက ထစ်ခနဲရှိလျှင် ရောက်လာတတ်သည်ဟု ငြူစူခြင်းကိုလည်း တွေ့ကြုံရကြောင်း၊ ဒေသခံများအား မြှောက်ပေးခြင်း၊ အကွက်ချစီမံခြင်း များလည်း မရှိကြောင်း ပြောကြားသည်။

ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) မှ သတင်းထောက် ဥာဏ်ကြီးက ''သတင်းသမား တစ်ယောက်ဆိုတာ သတင်းနဲ့ပတ်သက်ရင် အမြဲနိုးကြား တက်ကြွနေရပါတယ်။ သတင်းထူး သတင်းဦးတွေ ရဖို့အတွက် ကိုယ့်ရဲ့သတင်း ရင်းမြစ်တွေနဲ့ ချိတ်ဆက်ထားရပါတယ်။ မိတ်ဆွေရယ် ရန်သူရယ် မဟုတ်ပါဘူး။ သတင်းထူးပြီဆိုရင် ဘယ်လောက်ပဲ အန္တရာယ်ရှိရှိ သတင်းကို သက်စွန့်ဆံဖျား ယူရမယ့် တာဝန်ရှိပါတယ်။ နိုင်ငံတကာ စစ်သတင်းထောက်တွေကို ကြည့်ရင် ဒီဖြစ်စဉ်တွေကို တွေ့ရမှာပါ။ နိုင်ငံပိုင် သတင်းစာမှာ ပါတဲ့အချက်ကို ကြည့်ရင် ဒီသတင်းကို ရေးလိုက်တဲ့သူက ကာယကံရှင် သတင်းထောက်တွေကို သေချာမေးခဲ့တာလား။ ဒါမှမဟုတ် ရဲတပ်ဖွဲ့က ပေးတဲ့အတိုင်း သတင်းရေးခဲ့ တာလားဆိုတာ သတင်းကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်'' ဟု The Daily Eleven ၏ မေးမြန်းမှုကို ဖြေကြားသည်။

နိုဝင်ဘာ ၁၇ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် စီမံကိန်း နယ်မြေအတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် လူစုလူဝေးနှင့် အကြမ်းဖက် တိုက်ခိုက်ခဲ့သောကြောင့် မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့် အရလည်းကောင်း၊ မခုခံလျှင် အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ရော်ဘာ ကျည်ဆန်များ အသုံးပြုကာ ပစ်ခတ်နှိမ်နှင်းခဲ့ကြောင်း ရေးသားထားသော်လည်း ပုဂ္ဂလိက သတင်းစာများတွင် ဖော်ပြသည့် ဖြစ်စဉ်တွင် ရွာသားခုနစ်ဦး သေနတ်ဒဏ်ရာ ရရှိကြောင်းကို ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်ကိုလည်း တွေ့ရှိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U