Related Posts Plugin for WordPress, Blogger...

Sunday, November 24, 2013

ရန်ကုန်တိုင်း ဒေသကြီး၌ နှစ်လအတွင်း ခိုးမှု ၁၂၄ မှု ဖြစ်ပွားခဲ့ပြီး ၄၄ မှုမှ ကျူးလွန်သူများ ဖမ်းမမိသေး



ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ နှစ်လအတွင်း ခိုးမှုဖြစ်စဉ် ၁၂၄ မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် ၈၀ မှုမှ ကျူးလွန်သူများကို ဖော်ထုတ်နိုင်ခဲ့သော်လည်း ဖြစ်စဉ် ၄၄ မှုမှ ကျူးလွန်သူများကို စစ်ဆေးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် ခိုးမှုဖြစ်စဉ် ၄၄ မှုမှ ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာအတွင်း ခိုးမှု ၇၉ မှု ဖြစ်ပွားခဲ့ပြီး ၃၅ မှုအား ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ အောက်တိုဘာ၌ ခိုးမှုဖြစ်စဉ် ၈၄ မှု ဖြစ်ပွားခဲ့ပြီး ၄၅ မှုအား ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ခိုးမှုဖြစ်စဉ်တွေထဲက ဖြစ်စဉ်အများစုရဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဖော်ထုတ်နေဆဲ ဖြစ်စဉ်တွေရဲ့ ကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ မျက်ခြည်မပြတ် စောင့်ကြည့်စစ်ဆေးနေတယ်။ ဒါ့အပြင် ဖမ်းဆီးရမိခဲ့တဲ့
ကျူးလွန်သူတွေကိုလည်း အရင်ခိုးမှုတွေ ကျူးလွန်ခဲ့ခြင်း ရှိမရှိကိုလည်း စစ်ဆေးနေပါတယ်။ ပြည်သူတွေကိုလည်း အသိပညာပေးမှုတွေ လုပ်ဆောင်နေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းကြည်က နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

ဆက်လက်၍ "တချို့ ခိုးမှုဖြစ်စဉ်တွေမှာဆိုရင် အိမ်တံခါးကို ဖွင့်ထားလို့ အိပ်နေတုန်းမှာ ၀င်ခိုးခံရတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ နောက်ပြီးတော့ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကိုလည်း ပေါ့ပေါ့တန်တန်ထားလို့ အခိုးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ဒါကြောင့် မိမိရဲ့အိမ်ကို မိမိက လုံခြုံစွာ တံခါးပိတ်ဖို့ လိုအပ်သလို တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကိုလည်း စနစ်တကျ သိမ်းဆည်းထားဖို့လို အပ်ပါတယ်။ အကယ်၍ ခိုးမှုဖြစ်ပွား ခဲ့ရင်လည်း သက်ဆိုင်ရာ ရဲစခန်းကို အမြန်ဆုံး အကြောင်းကြားဖို့ လိုအပ်ပါတယ်" ဟု ဒုတိယရဲမှူးကြီး ၀င်းကြည်က သုံးသပ်ပြောကြားသည်။

ခိုးမှုဖြစ်စဉ် ကျူးလွန်ခံရသည့် ကာယကံရှင် အချို့က အချိန်၊ ငွေကြေးနှင့် အခြားအလုပ်များ ရှုပ်မည့်အတွက်ကြောင့် သက်ဆိုင်ရာသို့ တိုင်ကြားခြင်း မရှိသည့် ဖြစ်စဉ်များ ရှိနေကြောင်း ခိုးမှုဖြစ်စဉ် ကြုံတွေ့ခဲ့ရသည့် ကာယကံရှင် အချို့ထံမှ သိရသည်။

ယင်းကဲ့သို့ ခိုးမှုကျူးလွန် ခံရသည်ကို သက်ဆိုင်ရာကို တိုင်ကြားခြင်း မရှိခြင်းကြောင့် ခိုးမှုကျူးလွန်သူများက မကြာခဏ ထပ်မံကျူးလွန် နိုင်သည့်အပြင် အိမ်ရှင်နှင့် ခိုးမှုကျူးလွန်သူတို့ ထိပ်တိုက်တွေ့ဆုံသည့် အခါတွင်လည်း မလိုလားအပ်သည့် အသက်ဆုံးရှုံးမှု ဖြစ်စဉ်များ ဖြစ်ပွားနေကြောင်း သိရသည်။

နိုဝင်ဘာ ၅ ရက်က ပုဇွန်တောင်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် ခိုးမှုဖြစ်စဉ်မှ သက်သေခံ ပစ္စည်းများ (ဓာတ်ပုံ-Yangon Police)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U