Related Posts Plugin for WordPress, Blogger...

Thursday, November 21, 2013

ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးအတွက် ခိုး၊ ဆိုး၊ နှိုက် ပြစ်ချက်ဟောင်း ရှိသူများကို စစ်ဆေးပြီး ခြေချုပ်ခံဝန် ပြုလုပ်မည်



မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ဥရောပသမဂ္ဂက အောက်တိုဘာလအတွင်းက လေ့ကျင့် သင်ကြားပေးနေစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်) မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးအတွက် မှုခင်းများ ကျူးလွန်နိုင်သည်ဟု ထင်မြင်ယူဆရသူများကို စစ်ဆေးပြီး ခြေချုပ်ခံဝန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထိုသို့ ခြေချုပ်ပြုလုပ်သွားမည့် သူများမှာ ခိုး၊ ဆိုး၊ နှိုက် ဖြစ်စဉ်များဖြင့် ကျူးလွန်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက ခိုးမှု၊ နှိုက်မှု၊ ဆိုးမှု ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ သူတွေကို ခြေချုပ်ခံဝန် ပြုလုပ်သွားမယ်။ ဒါ့အပြင် ညပိုင်းအချိန်တွေနဲ့ ညဥ့်နက်ပိုင်းတွေမှာ မသင်္ကာလို့ စစ်ဆေးမိတဲ့ သူတွေထဲက ပြစ်မှုကျူးလွန်နိုင်တယ်လို့ ယူဆနိုင်တဲ့သူတွေကိုလည်း ခြေချုပ် ပြုလုပ်သွားမယ်။ ခြေချုပ်ခံဝန် ပြုလုပ်သွားမယ့် သူတွေအားလုံးကို တရားရုံးပေါ်တင်ပြီးတော့ တရားသူကြီးရှေ့မှာပဲ ခံဝန်လုပ်သွားမှာပါ။ အရင်တုန်းက
ခိုးမှုနဲ့ ပြစ်ဒဏ်ကျပြီး ပြန်ထွက်လာမယ့် သူတွေကလည်း ပြန်ခိုးဖို့ ရာခိုင်နှုန်း များပါတယ်။ အဓိကကတော့ ဒီကာလအတွင်းမှာ ကောင်းမွန်စွာ နေထိုင်မယ်ဆိုတာကို ၀န်ခံခိုင်းခြင်း ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားသည်။

ယင်းသို့ ဆီးဂိမ်းစ်ပြိုင်ပွဲကာလ၌ လုံခြုံရေးအရ ပြစ်ချက်ဟောင်း ရှိသူများကို ဥပဒေပုဒ်မ ၅ (၁) (စ) (ဆ) ဖြင့် ခြေချုပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာအတွင်း၌ ခိုးမှု ၇၉ မှု၊ အောက်တိုဘာ၌ ခိုးမှု ၈၄ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထို့အပြင် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲကာလ၌ ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရန် ပြိုင်ပွဲ လက်ခံကျင်းပမည့် အားကစားကွင်းနေရာ အနီးတစ်ဝိုက် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားကို တိုးချဲ့ချထားသွားမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U