Related Posts Plugin for WordPress, Blogger...

Tuesday, November 26, 2013

အေးရှားဝေါ တစ်ဖြစ်လဲ Green Asia ကုမ္ပဏီနဲ့ အစိုးရက လယ်သမား(၂၃)ဦးကို တရားစွဲပြီ

သတင်းနှင့်စာနယ်ဇင်းမိတ်ဆွေကြီး

များခင်ဗျာ

မနက်ဖြန် ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တရားရုံးတော်သို့ အစိုးရကိုယ်စား အမှုစစ်ရဲအရာရှိက ဖော်ပြပါကုမ္ပဏီအတွက် အမှုစွဲဆိုတင်ပို့ပေးတော့မှာ ဖြစ်ပါတယ်။ လယ်သမား(၂၃)ဦးကို ကျူးကျော်မှု၊ ကျော်နင်းမှုတို့နဲ့ တရားစွဲဆိုတာပဲဖြစ်ပါတယ်။ မူလတုန်းက အကျိုးတူလုပ်မယ်ပြောပြီး လယ်သိမ်းခဲ့တဲ့မှုခင်းဖြစ်ပါတယ်။လယ်အကျိုးတူလုပ်ငန်းသဘောတူသက်တမ်းကာလကုန်ဆုံးသွားပြီဖြစ်လို့ တောင်သူလယ်သမားတွေက ကိုယ့်လယ်ကို ပြန်လည်ထွန်ယက်စိုက်ပျိုး တာကို အခုလိုတရားစွဲဆိုခံရတာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို သိလိုလျှင် မနက်ဖြန် ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက် နံနက်(၁၀း၀၀)မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီးရုံးတော်သို့ လာရောက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။ ယခင်က မရှိခဲ့တဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တရားရုံးကို သိပ်မကြာသေးမီက ဘာကြောင့်အလျင်စလို တိုးချဲ့ဖွဲ့စည်းထူထောင်လိုက်ရတယ် ဆိုတာကိုလည်း လယ်သမားတွေက ရှင်းလင်းပါလိမ့်မယ်။

တရားစွဲဆိုခံရသည့်တောင်သူလယ်သမားများ၏ ရှေ့နေ ကိုဖိုးဖြူ ၀၉၇၃၀၀၀၄၄၁

တရားစွဲဆိုခံရသည့်တောင်သူလယ်သမားတစ်ဦး ဦးမြင့်အောင် ၀၉၃၁၂၆၃၃၀၃

ဒဂုံမြို့သစ်(အရှေ့/တောင်/ဆိပ်ကမ်း)မြို့နယ် (၃)မြို့နယ်မှ တောင်သူလယ်သမားများ၏

စုပေါင်းသဘောထားထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၁/၂၀၁၃

ရက်စွဲ - ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်

၁။ ၂၀၀၈ခုနှစ် နှစ်ကုန်ပိုင်းတွင် ယခင်ဝန်ကြီးချုပ်ဦးသိန်းစိန်(ယခုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ)က ဒေသ သို့ ကိုယ်တိုင်ဆင်းလာပြီး ကုမ္ပဏီများနှင့်ဒေသခံတောင်သူလယ်သမားတို့ပူးပေါင်းဆောင်ရွက်ရန် မိန့်ကြားခဲ့ပါသည်။ ထိုသို့မိန့်ကြားရာတွင် လယ်ယာမြေများကို သိမ်းယူမည်မဟုတ်ကြောင်းကိုပါ ထည့်သွင်းကတိပြုသွားခဲ့ပါသည်။ ကုမ္ပဏီ (၁၅)ခုနှင့်အာဏာပိုင်များက လယ်အကျိုးတူလုပ်ငန်း(Contract Farming)လုပ်ကိုင်ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ပါသည်။ မိမိ တို့ဒေသခံတောင်သူလယ်သမားများက ထိုချိန်ထိုအခါက တပ်မတော်အစိုးရအုပ်ချုပ်သည့်ခေတ်ဖြစ်သဖြင့် ကြောက်ရ၍ လည်းကောင်း၊ မသိနားမလည်၍လည်းကောင်း၊ လယ်အကျိုးတူလုပ်ငန်းလုပ်ကိုင်ရန် သဘောတူသည်ဖြစ်စေ၊ မတူသည် ဖြစ်စေ၊ ယင်းလုပ်ငန်းကို လက်ခံခဲ့ရပါသည်။

၂။ အမှန်တကယ်လက်တွေ့တွင် ကုမ္ပဏီ(၁၅)ခုမှ ကုမ္ပဏီ(၁၆)ခုအဖြစ်သို့သာ တိုးပွားလာပြီး လယ်အကျိုးတူလုပ်ငန်း ကိုလုပ်ကိုင်ခြင်းမရှိဘဲ လယ်အကျိုးတူလုပ်ငန်းအကြောင်းပြပြီး မိမိတို့ဒေသခံတောင်သူလယ်သမားတို့အား လယ်ယာမြေ များမှ နှင်ထုတ်လျှက် မြေယာများသိမ်းယူခံရခဲ့ခြင်းသာ အဖတ်တင်ပါသည်။

၃။ ကုမ္ပဏီများနှင့်အာဏာပိုင်များက ထိုအချိန်က ကမ်းလှမ်းခဲ့ရာတွင် လယ်အကျိုးတူလုပ်ငန်း(Contract Farming)ကို ရှုံးသည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ (၃)နှစ်တာကာလသာ လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုကာလကျော်လွန်ပါက မိမိတို့လယ်ယာမြေများမှ ကုမ္ပဏီများထွက်ခွာသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့လယ်ယာမြေများကို မိမိတို့ကသာ ပြန်လည် လုပ်ပိုင်ခွင့်ရှိမည်ဖြစ်ကြောင်း ပြောဆိုကမ်းလှမ်းခဲ့ပါသည်။ လူကြီးလူကောင်းစကားအဖြစ် လက်ခံသဘောတူခဲ့သည့် ကာလ သည် ယခုအခါ (၃)နှစ်ပင် ကျော်လွန်သွားခဲ့ပြီဖြစ်ပါသည်။

၎။ လယ်အကျိုးတူလုပ်ငန်း(Contract Farming)လုပ်ကိုင်ရန် လက်ခံသဘောတူခဲ့သော ပဋိညာဉ်သက်တမ်း(၃)နှစ်တာ ကာလကုန်ဆုံးသွားချိန်မှစ၍ မိမိတို့၏မူလလက်ငုတ်စိုက်ပျိုးမြေများအား ဥပဒေအရ မိမိတို့မူလလက်ငုတ်အတိုင်း ပြန်လည် အကျိုးခံစားခွင့်ရှိသည်နှင့်အညီ မိမိတို့ဒေသခံတောင်သူလယ်သမားတို့က သက်ဆိုင်ရာအာဏာပိုင်အသီးသီးသို့ အကြောင်း ကြားပြီး ပြန်လည်စိုက်ပျိုးထွန်ယက်လာခဲ့သည်မှာ ယခုဆိုလျှင် (၃)သီးစားပင်ရှိပြီ ဖြစ်ပါသည်။

၅။ လယ်အကျိုးတူလုပ်ငန်း(Contract Farming)လုပ်ကိုင်ရန် သဘောတူပဋိညာဉ်သက်တမ်းကုန်ဆုံးသွားချိန်မှစ၍ မိမိ တို့မူလလက်ငုတ်စိုက်ပျိုးမြေများကို မိမိတို့ပြန်လည်အကျိုးခံစားခွင့်ရှိသည့်အလျောက် ထွန်ယက်စိုက်ပျိုးခဲ့ရာ ကာလတစ် လျှောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်များဖြင့်ပြည်ထောင်စုပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိများကို အသုံးချ၍လည်းကောင်း၊ ပြည်ထောင်စုပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ခံ ရဲစခန်းများရှိ ရဲအရာရှိများကို အသုံးချ၍လည်းကောင်း အမျိုးမျိုးနှောက်ယှက်လျှက် မိမိတို့၏ဥပဒေအရ အခွင့်အရေးများကို ထိပါးဆန့်ကျင်ငြင်းဆန်ခဲ့ပါသည်။

၆။ လွန်ခဲ့သော(၃)နှစ်တာကာလအတွင်း အမှန်တကယ် လယ်အကျိုးတူလုပ်ကိုင်ခြင်းမရှိဘဲ လယ်လိမ်လည်ရယူခဲ့မှု အတွက် မိမိတို့တောင်သူလယ်သမားများက ကုမ္ပဏီများအပေါ် အမှုဖွင့်လှစ်တရားစွဲဆိုရာ ရဲစခန်းကလည်းကောင်း၊ တရားရုံး ကလည်းကောင်း လက်မခံငြင်းပယ်ခဲ့ပါသည်။ အေးရှားဝေါ တစ်ဖြစ်လဲ Green Asia ကုမ္ပဏီက အမှုဖွင့်လှစ်သည်ကိုတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သရက်ပင်ချောင်ရဲစခန်းက (ပ)နံပါတ်ထုတ်ပေးလျှက် အမှုဖွင့်လှစ်ပေးခဲ့ပါသည်။ ဥပဒေရှေ့ မှောက်တွင် ပြည်သူတို့တန်းတူကျင့်သုံးခွင့်မရသည့်အခြေအနေကို မိမိတို့ဒေသခံတောင်သူလယ်သမားများမှာ ကြုံတွေ့ ရင်ဆိုင်နေရလျှက်ရှိပါသည်။

၇။ ယခုအခါ ရဲစခန်းတွင် အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခဲ့သောမှုခင်းကို မိမိတို့ဒေသခံတောင်သူလယ်သမားတို့အား ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် နိုင်ငံတော်အမည်ခံအစိုးရကိုယ်စား အမှုစစ်ရဲအရာရှိက ကုမ္ပဏီအကျိုးစီးပွားကာကွယ် ရန်အတွက် မကြာခင်ကမှ အလျင်စလို တိုးချဲ့ဖွင့်လှစ်လိုက်သော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တရားရုံးသို့ အမှုစွဲဆိုတင်ပို့ ပြီဖြစ်ပါသည်။

၈။ ဖော်ပြပါတရားရုံးသစ်အား တိုးချဲ့ဖွင့်လှစ်ခြင်းမပြုမီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံးသာရှိခဲ့ရာ ယင်း တရားရုံးတွင် ဦးအောင်သန်းဦးပိုင် ပင်လယ်ကိုးသွယ်ကုမ္ပဏီက ဒေသခံတောင်သူလယ်သမားများအပေါ် တရားစွဲဆိုခဲ့သည် ကို ပြစ်မှုကြောင်းအရ ပြစ်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်ရန်မဟုတ်ကြောင်းသုံးသပ်ပြီး အမှုကိုပယ်ချခဲ့ပါသည်။ အမှန် တကယ်တွင်လည်း တရားမဥပဒေကြောင်းအရ မြေယာဆိုင်ရေးဆိုင်ခွင့်ကို ဖြေရှင်းရမည်ဖြစ်ပါသည်။ ထို့နောက်ပိုင်း ယခု ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တရားရုံးကို ထပ်မံတိုးချဲ့ဖွင့်လှစ်ပြီး တရားသူကြီးအသစ်များခန့်အပ်ထားသည်ကိုလည်း တွေ့မြင် ရပါသည်။

၉။ ပြည်ထောင်စုပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးသည် ဤလယ်အကျိုးတူအကြောင်းပြလယ်လိမ်လည် ရယူမှုတွင် မည်သည့်အဂတိတရားမျှ ပါဝင်အကျိုးခံစားရမှုမရှိပါဘဲလျှက် ၄င်းပြည်ထောင်စုဝန်ကြီးဌာန၏ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲဌာနတို့သည် ဒေသခံအာဏာပိုင်နှင့် ခရိုနီကုမ္ပဏီများ၏အကျိုးစီးပွားကာကွယ်ရေး အလို့ငှာအတွက် အသုံးချခြင်းခံခဲ့ရပြီးဖြစ်ပါသည်။ ယခုအခါတွင်လည်း ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သီးခြား လွတ်လပ်သောတရားစီရင်ရေးမဏ္ဍိုင်ကို ယိုင်နဲ့စေရန်အတွက် တရားစီရင်ရေးယန္တရားကို ဆက်လက်အသုံးချလာပြီဖြစ်ပါ သည်။

၁၀။ မိမိတို့ဒေသခံတောင်သူလယ်သမားများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တရားဥပဒေစိုးမိုးသည်ဟု လည်းကောင်း၊ တရားမျှတသောဥပဒေကို ကိုးစားကျင့်သုံးခွင့်ရှိသည်ဟုလည်းကောင်း၊ မြန်မာ့တရားစီရင်ရေးသည် အမှန် တရားနှင့်တရားမျှတမှုကို ဖော်ဆောင်ရန် အစဉ်တစိုက်ကျင့်သုံးသော ယန္တရားတစ်ရပ်ဖြစ်သည်ဟုလည်းကောင်း စွဲမြဲသန္နိဌာန် ချထားလျှက် တရားစီရင်ရေးယန္တရားအား လက်ကိုင်တုတ်အဖြစ် အသုံးချနေခြင်းကို ပြည်သူပြည်သားတောင်သူလယ်သမား တို့က စုပေါင်းကာကွယ်ပြီး အသွင်ကူးပြောင်းကာလ တရားမျှတမှုဖြစ်စဉ်နှင့် မိမိတို့၏လယ်ယာစီးပွားတရားမျှတမှုဖြစ်စဉ်ကို တိုးတက်ဖြစ်ထွန်းအောင် တရားသောနည်းလမ်းဖြင့် အံတုရင်ဆိုင်သွားမည်ဖြစ်ပါကြောင်း။

ဒေသခံတောင်သူလယ်သမားများ

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U