Related Posts Plugin for WordPress, Blogger...

Tuesday, December 3, 2013

ဆန္ဒပြသူများအား ပိတ်ပင်တားဆီးမှုကို ထိုင်းရဲတပ်ဖွဲ့ ဖယ်ရှား



ထိုင်းနိုင်ငံတွင် နိုင်ငံရေး အကြမ်းဖက်မှုနှင့် ပဋိပက္ခများ နှစ်ရက်ကြာ ဖြစ်ပေါ်ခဲ့ပြီးနောက် ယနေ့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများအား ပိတ်ပင်တားဆီးမှုများ မပြုလုပ်တော့ဘဲ အစိုးရရုံးများ အခြေစိုက်ရာ အဆောက်အအုံသို့ ဖြတ်သန်းဝင်ရောက်ခွင့် ပြုလိုက်ပြီဖြစ်သည်။

ရဲတပ်ဖွဲ့က အတားအဆီးများ ဖယ်ရှားကာ ဆန္ဒပြသူများနှင့် တင်းမားမှု လျော့ကျသွားသည့် အကြောင်းရင်းကို လတ်တလောတွင် ရှင်းလင်းစွာ မသိရသေးကြောင်း သတင်းများက ဖော်ပြသည်။

သို့သော် ထိပ်တန်အကြီးအကဲများအား ပစ်မှတ်ထားလျက်ရှိသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တားဆီးပိတ်ပင်မှုများ ဆက်လက် ပြုလုပ်တော့မည်မဟုတ်ကြောင်း ပြောကြားသည်။

ဆန္ဒပြသူများသည် အစိုးရရုံးအဆောက်အအုံသို့ ချဉ်းကပ်ဝင်ရောက်လာခဲ့ပြီး ရဲအရာရှိများနှင့် လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရကြောင်း AFP သတင်းထောက်များကဆိုသည်။

ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်က ၎င်း၏ တပ်ဖွဲ့ဝင်များအနေဖြင့် ဆန္ဒပြသူများကို တားဆီးပိတ်ပင်မှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်းနှင့် ယနေ့တွင် မျက်ရည်ယိုဗုံးများ အသုံးပြုတော့မည်မဟုတ်ကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူတို့နှင့် တစ်သားတည်းပင်ဖြစ်ကြောင်း AFP သို့ ပြောကြားသည်။

ယမန်နေ့ညက ရဲတပ်ဖွဲ့အရာရှိတစ်ဦး ပဋိပက္ခအတွင်း သေနတ်ပစ်ခံရပြီး ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနေဖြင့် ဆန္ဒပြသူများအား ဆက်လက် တားဆီးပိတ်ပင်နေပါက ဒဏ်ရာရရှိမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း၊ မိမိတို့အားလုံးမှာ ထိုင်းလူမျိုးများပင်ဖြစ်ကြကြောင်း ရဲချုပ် ခမ်ရွန်ဝစ် သွန်ပ်ခရာဂျန်က ဆက်လက် ပြောကြားသည်။ ဆန္ဒပြသူများက ဝန်ကြီးချုပ်ယဉ်လတ်နှင့် အစိုးရအဖွဲ့ကို ဖြုတ်ချပြီး ပြည်သူ့ကောင်စီတစ်ရပ်ဖြင့် အစားထိုးရန် လိုလားတောင်းဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် ယခုဖြစ်ပွားခဲ့သည့် နိုင်ငံရေးအကြမ်းဖက်မှုမှာ ၂၀၁၀ ခုနှစ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထောက်ခံသည့် ရှပ်နီဝတ် ဆန္ဒပြသူများကို စစ်တပ်က ဖြိုခွင်းခဲ့သည့် ဖြစ်ရပ်အပြီးတွင် အဆိုးရွားဆုံးဖြစ်သည်။

လက်ရှိဝန်ကြီးချုပ် ယဉ်လတ်၏ အကိုဖြစ်သူ သက်ဆင်အား လွန်ခဲ့သည့် ၇ နှစ်က ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားကာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံရေးမှာ မတည်ငြိမ်မှုများ ဆက်တိုက် ပေါ်ပေါက်လာခဲ့သည်။

တနင်္လာနေ့က ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ခဲ့ကြရာ ရဲတပ်ဖွဲ့က ရာဘာကျည်ဆန်များ ပစ်ခတ်ခြင်း၊ မျက်ရည်ယိုဗုံးနှင့် မီးသတ်ရေပိုက်များ အသုံးပြုခြင်းဖြင့် ဖြိုခွင့်းခဲ့သည်။ ဆန္ဒပြသူများကလည်း ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး ယခု ပဋိပက္ခများအတွင်း လူအချို့ သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U