Related Posts Plugin for WordPress, Blogger...

Monday, December 30, 2013

သာကေတမြို့နယ် အောင်သစ္စာဘောလုံးကွင်းကို မြို့တော်စည်ပင်က ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ရန် သိမ်းယူခြင်းအတွက် ရပ်ကွက်နေပြည်သူများ ကန့်ကွက်ဆန္ဒပြ



သာကေတမြို့နယ် အောင်သစ္စာ ဘောလုံးကွင်းအတွင်း ရပ်ကွက်နေပြည်သူများ ဆန္ဒပြနေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀ ကျော်ရှိပြီဖြစ်သော သာကေတမြို့နယ်၊ ၄/ရပ်ကွက် တောင်ပိုင်းတွင်တည်ရှိသည့် အောင်သစ္စာ ဘောလုံးကွင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၀န်ထမ်းအိမ်ရာ တည်ဆောက်ရန် သိမ်းယူခြင်းအတွက် ရပ်ကွက်နေ ပြည်သူများသည် ဒီဇင်ဘာ ၂၉ ရက်၊ နံနက် ၉ နာရီတွင် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြမှုကို အောင်သစ္စာ ဘောလုံးကွင်းအတွင်း လူအင်အား ၁၅၀ ခန့်ဖြင့် နံနက် ၁၁ နာရီအထိ ပြုလုပ်ခဲ့ကြပြီး သာကေတ မြို့မရဲစခန်း၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့သော ၄/ရပ်ကွက်တောင်ပိုင်း နေထိုင်သူ ဦးစောဦးက ဆိုသည်။

“ဒီဘောလုံးကွင်းရဲ့ သက်တမ်းက နှစ် ၅၀ ကျော်လောက် ရှိပါပြီ။ ရပ်ကွက်စတည်ကတည်းက ရှိတာပါ။ ဒါကို စည်ပင်က၀န်ထမ်းအိမ်ရာ ဆောက်မယ်ဆိုတော့ လက်မခံနိုင်လို့ ကန့်ကွက်ဆန္ဒပြတာပါ။ ဒီကွင်းကနေ လက်ရွေးစင် ကစားသမားတွေ မွေးထုတ်ပေးခဲ့တာတွေ ရှိပါတယ်။ မြန်မာဘောလုံးအားကစား နိမ့်ကျနေတဲ့ အချိန်မှာ အခုလို ဘောလုံးကွင်းကို သိမ်းလိုက်တာဟာ လုံးဝမလုပ်သင့်တာ ဖြစ်ပါတယ်။ ဒီဆန္ဒပြမှုကို သာကေတ မြို့မရဲစခန်းကနေ ခွင့်ပြုချက်ယူပြီး လုပ်တာပါ” ဟု ဦးစောဦးက ပြောကြားသည်။

သာကေတ ရှုခင်းသာပန်းခြံအနီး တည်ရှိသော အောင်သစ္စာ ဘောလုံးကွင်းသည် သာကေတမြို့နယ်မှ လူငယ်များ အားထားရသော ဘောလုံးကွင်းတစ်ခုဖြစ်ပြီး အားကစားကွင်းများ ပြန်လည်ဖော်ထုတ်ပေးရမည့်အစား စည်ပင်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည်ဆိုခြင်းမှာ လွှတ်တော်က အခြေခံ အားကစားကွင်းများ ဖော်ထုတ်ပေးရေး အတည်ပြုထားခြင်းနှင့် မကိုက်ညီ ဖြစ်နေကြောင်း ရပ်ကွက်နေ ပြည်သူများက သုံးသပ်ပြောကြားသည်။
ထို့ပြင် ၄/ရပ်ကွက် တောင်ပိုင်းအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းက “မနှစ်က ဒီလိုအချိန်မှာပဲ စည်ပင်က မြောင်းတွေတူးပြီး မြေကြီးတွေ လာပုံတယ်။ ရပ်ကွက်က လူတွေက စည်ပင်က အိမ်ရာဆောက်မယ်ဆိုတာသိတော့ လက်မခံလို့ အဲဒီတုန်းက ငြိမ်းသွားသေးတယ်။ အခုဒီနှစ်ကျတော့ မကန်ရတာ တစ်နှစ်ကျော်ပြီဖြစ်တဲ့ ဒီကွင်းကို ရပ်ကွက်နေပြည်သူတွေ မြေကြီးညှိနေတုန်း စည်ပင်က မကျူးကျော်ရ၊ စည်ပင်ပိုင်မြေဆိုပြီး ဆိုင်းဘုတ်လာစိုက်သွားတယ်။ ဘောလုံးကွင်းမှာ ဘောလုံးမကစားရတော့ ရွက်ပုန်းသီး အားကစားသမားတွေ ပေါ်ထွက်ဖို့ မရှိတော့ဘူး” ဟုဆိုသည်။

ယင်းဆန္ဒပြမှုသည် တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သာကေတ မြို့မရဲစခန်းမှ သိရသည်။

အလားတူ သမိုင်းဝင် သိမ်ဖြူအားကစားကွင်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက သိမ်းဆည်းပြီး အထပ်မြင့် အဆောက်အအုံ တည်ဆောက်နေခြင်းကြောင့် ဒီဇင်ဘာ ၉ ရက်က မင်္ဂလာတောင်ညွန့်နေ ပြည်သူများသည် ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U