Related Posts Plugin for WordPress, Blogger...

Monday, December 30, 2013

တောင်သမန် ကျောက်တော်ကြီးဘုရားရှိ သမိုင်းဝင် နံရံဆေးရေးပန်းချီများ ယိုယွင်းပျက်စီးမှု များလာ၍ အချိန်မီ ထိန်းသိမ်းရန် လိုအပ်လာ



ကျောက်တော်ကြီးဘုရားရှိ သမိုင်းဝင် နံရံဆေးရေးပန်းချီများ ယိုယွင်းပျက်စီးနေသည်ကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်း အရှေ့ဘက် ကျောက်တော်ကြီးဘုရားရှိ သမိုင်းဝင် နံရံဆေးရေးပန်းချီများ ယိုယွင်းပျက်စီးမှု များပြားလာပြီး အချိန်မီ ထိန်းသိမ်းရန် လိုအပ်လာကြောင်း သိရသည်။

ကျောက်တော်ကြီးဘုရားအ၀င် စောင်းတန်းလေးခုရှိ မျက်နှာကြတ်များနှင့် နံရံများတွင် အမရပူရခေတ် တောသူတောင်သားတို့၏ သဘာဝ လယ်ကွင်းဆင်းကြပုံ၊ ထန်းတက်၊ ပိုက်ကွန်ပစ် လုပ်ကိုင်စားသောက်ကြပုံများနှင့် တိုင်းရင်းသား ကုန်သည်များ သွားလာလှုပ်ရှား ပြောင်းလဲပုံ၊ ဘုန်းကြီးကျောင်းဝင်းအတွင်း ဆွမ်းချက်စဉ် မီးတောက်စေရန် ကုန်း၍မီးပြောင်းဖြင့် မှုတ်နေပုံစသည့် လူနေမှုဘ၀ သမိုင်းဝင် ဆေးရေးပန်းချီ လက်ရာများကို ထင်ရှားစွာ မြင်တွေ့ခဲ့ရပြီး ယခုအခါ နှစ်ကာလ ကြာညောင်းမှုနှင့် သဘာဝရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုးယွင်းမှုများ သိသာစွာ ဖြစ်ပေါ်လာကြောင်း သိရသည်။

နံရံဆေးရေးပန်းချီများ ယိုယွင်းပျက်စီးရသည့် အကြောင်းရင်းနှင့် အရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် နည်းလမ်းများနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနဌာန လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) တစ်ဦးက “အဓိက အကြောင်းကတော့ လူတွေရဲ့ တန်ဖိုးထားရကောင်းမှန်း မသိမှုဘဲ။ ဒီအတွက် လူတွေကို ပညာပေးဖို့ လိုပါတယ်။ နံရံဆေးရေး ပန်းချီတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အမျိုးသား အမွေအနှစ်တွေ ဖြစ်တယ်ဆိုတာ အသိပညာ ပေးရပါမယ်။ လိုအပ်ရင် သံတံခါး အကာကွယ်ပြုပြီး စောင့်ရှောက်ပါမယ်။ အဓိက ပျက်စီးစေတဲ့ အကြောင်းတွေကတော့ နေရောင်၊ အလင်းရောင် အထိအတွေ့များမှုနဲ့ လင်းနို့တွေရဲ့ အန္တရာယ် ဖြစ်ပါတယ်။ ဒီအတွက် လိုအပ်ရင် လိုအပ်သလို အရိပ်အမိုးနဲ့ မှန်အကာအကွယ် ပြုရပါ့မယ်။ အပျက်အစီးများတဲ့ နံရံဆေးရေး ပန်းချီဆိုရင် ဓာတ်ပုံရိုက်တာကအစ ကန့်သတ်ရပါမယ်” ဟု ရှင်းပြခဲ့သည်။

မန္တလေး၊ အမရပူရ၊ ရွှေစာရံ၊ မက္ခရာ၊ စစ်ကိုင်းမြို့များရှိ ယဉ်ကျေးမှု အဆောက်အအုံများတွင် နံရံဆေးရေး ပန်းချီများကို ယခုအချိန်အထိ မြင်တွေ့နိုင်ပြီး ရေရှည်ထိန်းသိမ်း စောင့်ရှောက်မှု အားနည်းခဲ့သည့်အတွက် ပျက်စီးပျောက်ကွယ် မှုများလည်းရှိကြောင်း၊ သာသနိက အဆောက်အအုံ ကုသိုလ်တော်များကို မှတ်တမ်းတင်ရေးဆွဲသည့် (Documentary Painting) ကို တောင်သမန် ကျောက်တော်ကြီးဘုရားတွင်သာ တွေ့မြင်ရသည်ဟု မြန်မာမှုပညာရှင် ဦးအေးမြင့်က မှတ်ချက်ပြုခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U