Related Posts Plugin for WordPress, Blogger...

Monday, December 30, 2013

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲတွင် ဥက္ကဋ္ဌအဖြစ် ယခုနှစ်မှ အသစ်ဝင်ရောက်ယှဉ်ပြိုင်သည့် ပါမောက္ခ ဒေါက်တာရဲမြအား ရွေးချယ်



မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) အလုပ်အမှုဆောင်အဖွဲ့ဝင်များက ကျမ်းသစ္စာကျိန်ဆိုနေစဉ်(ဓာတ်ပုံ-အိသဉ္ဇာကျော်)

မြန်မာနိုင်ငံဆရာဝန်အသင်း ( ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲတွင် ဥက္ကဋ္ဌအဖြစ် ယခုနှစ်မှ အသစ်ဝင်ရောက်ယှဉ်ပြိုင်သည့် သွေးရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာရဲမြအား ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ၌ ရွေးချယ်ခဲ့သည်။

ဥက္ကဋ္ဌအပါအ၀င် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ တာဝန်ခွဲဝေမှုများကို ဒီဇင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ၌ ပထမဆုံးအကြိမ် လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ထားသည့် အရွေးချယ်ခံ ဆန္ဒပြုပုဂ္ဂိုလ် ၄၅ ဦးက ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥက္ကဋ္ဌအဖြစ် ဒေါက်တာရဲမြ၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဒေါက်တာမြင့်သောင်း၊ ဒုတိယဥက္ကဋ္ဌ(၂) အဖြစ် ဒေါက်တာအေးအောင်၊ ဒုတိယဥက္ကဋ္ဌ (၃) အဖြစ် ဒေါက်တာတင်အေး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဒေါက်တာဝင်းဇော် တို့အား ရွေးချယ်ခဲ့ပြီး ကျန်အလုပ်အမှုဆောင် အဖွဲ့ဝင်များကိုလည်း တာဝန်ခွဲဝေမှုများ အသီးသီးလုပ်ဆောင်ပေးခဲ့ရာ “ မြန်မာနိုင်ငံဆရာဝန်အသင်း ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်” က ရွေးချယ်တင်မြှောက်ထားသူများကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ပါမောက္ခဒေါက်တာရဲမြမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးတက္ကသိုလ် (၁) ပါမောက္ခဌာနမှူး (သွေးရောဂါအထူးကု ဌာန) မှ အငြိမ်းစားဆရာဝန်ကြီး ဖြစ်ပြီး ၁၉၈၇ -၁၉၉၇ ခုနှစ်အထိ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟိုအလုပ်အမှုဆောင်) အဖြစ်လည်းကောင်း၊ ၁၉၈၉-၁၉၉၄ ခုနှစ်အထိ မြန်မာနိုင်ငံဆရာဝန်အသင်း ဆေးပညာအဖွဲ့တွင် အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ၂၀၀၃ -၂၀၀၇ ခုနှစ်အထိ မြန်မာနိုင်ငံဆရာဝန်အသင်း သွေးရောဂါပညာရှင်အဖွဲ့ တည်ထောင်သူဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့ကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံဆေးကောင်စီနှင့် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့တို့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် လုပ်ငန်းများလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ၌ ပထမဆုံးအကြိမ် လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး အရွေးချယ်ခံ ဆန္ဒပြုပုဂ္ဂိုလ်များတွင် ယခင်မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ဝင် ထက်ဝက်ကျော် ပါဝင်ခဲ့သည်။

ယခင်က ထိုကဲ့သို့အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲများကို ဗဟိုဦးစီးစနစ်ဖြင့်သာ ကျင့်သုံးခဲ့ရာမှ ယခုရွေးချယ်တင်မြှောက်ပွဲတွင် ဒီမိုကရေစီနည်းအတိုင်း လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခင်မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၆၅ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း ယခုနှစ်တွင် အလုပ်အမှုဆောင်အဖွဲ့ဝင် ၄၅ ဦးဖြင့်သာ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ယခု ရွေးချယ်တင်မြှောက်ပွဲတွင် ယခင်မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာမြင့်သောင်း အပါအ၀င် အဖွဲ့ဝင်ဟောင်း ၂၇ ဦးခန့် ပြန်လည် ပါဝင်ခဲ့ပြီး အဖွဲ့ဝင်သစ် ၂၀ ဦး စုစုပေါင်းအရွေးချယ်ခံ ဆန္ဒပြုပုဂ္ဂိုလ် ၄၇ ဦးခန့် ရှိခဲ့ကြောင်းနှင့် ယင်းတို့အနက်မှ အရွေးချယ်ခံဆန္ဒပြု ပုဂ္ဂိုလ် ၄၅ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲကို၂၀၁၄ခုနှစ် ဇန်န၀ါရီ ၁၁ ရက် (စနေနေ့) တွင် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) နှစ်ပတ်လည် အစည်းအဝေးနှင့်အတူ မြန်မာနိုင်ငံဆရာဝန်အသင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U