Related Posts Plugin for WordPress, Blogger...

Monday, December 30, 2013

ထိုင်းနိုင်ငံ မယ်လစခန်းမှ မီးဘေးသင့် ကရင်ဒုက္ခသည်များအတွက် UNHCR အကူအညီများ ပေးပို့



မယ်လဒုက္ခသည်စခန်းအား ၂၀၁၂ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

ဒီဇင်ဘာ ၂၇ ရက်က ဖြစ်ပွားသည့် မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သော ထိုင်းနိုင်ငံ၊ တက်ပြည်နယ်၊ သာဆောင်ယန်းခရိုင် မယ်လစခန်းမှ ကရင်ဒုက္ခသည် ၁၀၀၀ အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ဒီဇင်ဘာ ၂၈ ရက်တွင် ရွက်ဖျင်တဲအလုံး ၁၅၀ နှင့် အိပ်ရာ ၂၀၀ တို့အား ပေးပို့ခဲ့ကြောင်း သိရသည်။

နယ်စပ်မဲဆောက်မြို့ မြောက်ဘက် ၅၇ ကီလိုမီတာအကွာရှိ အဆိုပါ ဒုက္ခသည်စခန်းမှ ဇုန်(စီ)တွင် ညနေ ၁ နာရီခွဲခန့်က စတင်မီးလောင်ကျွမ်းခဲ့ပြီး ၃ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။ တဲအိမ် ၁၀၂ လုံးခန့် ပျက်စီးသွားခဲ့သည့် အဆိုပါ မီးလောင်ကျွမ်းမှုတွင် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ကား ၁၀ စီးခန့် လာရောက်ငြှိမ်းသတ်ခဲ့သော်လည်း လေတိုက်ခတ်မှုကြောင့် ယခုကဲ့သို့ တဲအိမ်အများအပြား ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ မယ်လဒုက္ခသည် စခန်းတွင် ဒုက္ခသည် ၅၃၀၀၀ ဦးရှိနေပြီး အများစုမှာ ကရင်ပြည်နယ်မှဖြစ်သည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်း ၁၀ ခုတွင် နေထိုင်သည့် ဒုက္ခသည်ဦးရေ ၁၆၀၀၀၀ ဦးရှိနေပြီး ယခင်ကလည်း မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ အတွင်းကလည်း မဲဆောက်မြို့တောင်ဘက် ၈၇ ကီလိုမီတာအကွာမှ ဒုက္ခသည် ၁၄၅၀၀၀ ခန့်နေထိုင်သည့် အမ်ဖိန်းစခန်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ် ၅၀၀ ကျော် မီးလောင်သွားခဲ့ပြီး မီးထပ်မံမကူးစက်စေရန် နောက်ထပ်အိမ် ၅၀၀ ခန့်အား ဖြိုချခဲ့ရသောကြောင့် ဒုက္ခသည် ၄၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ယခုနှစ် ဧပြီလ အတွင်းကလည်း ဘန်မယ်ဆူရင် ဒုက္ခသည်စခန်းတွင် မီးလောင်ကျွမ်းခဲ့ရာ နေအိမ်အများစု ပျက်စီးခဲ့ပြီး လူ ၃၅ ဦး သေဆုံးခဲ့သည်။ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ဆယ်ခု၌ နေထိုင်သူများ အနေဖြင့် အအေးဒဏ် သက်သာစေရန် မီးလှုံကြရာတွင် လေတိုက်နေသည့် အချိန်၌ သတိပြုဆောင်ရွက်ကြရန် UNHCR က တိုက်တွန်းထားကြောင်း သိရသည်။ အဆိုပါ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများက မိမိတို့နေထိုင်သည့် အိမ်များသည် မီးလောင်လွယ်ပြီး မီးအန္တရာယ် ကာကွယ်ရေးအတွက် ဆောင်ထားရသည့် သဲအိတ်၊ ရေအိတ်များသည် လုံလောက်သည့် ကာကွယ်မှု မရရှိနိုင်ဟု ပြောကြားကြသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U