Related Posts Plugin for WordPress, Blogger...

Monday, December 16, 2013

သီလ၀ါဆိပ်ကမ်းသို့ ကမ္ဘာလှည့် ခရီးသည် ၆၅၀ ကျော်ပါဝင်သည့် အမေရိကန် အပျော်စီးသင်္ဘော တတိယအကြိမ် ဆိုက်ကပ်



ဒီဇင်ဘာ ၁၅ ရက်က သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် M.V Seven Sea Voyager သင်္ဘောကို တွေ့ရစဉ်

ကမ္ဘာလှည့် ခရီးသွား ၆၅၀ ကျော်ကို တင်ဆောင်လာသော အမေရိကန် အပျော်စီးသင်္ဘော M.V Seven Sea Voyager သည် ဒီဇင်ဘာ ၁၅ ရက်က သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

အဆိုပါ သင်္ဘောတွင် ခရီးသည် ၆၅၉ ဦးနှင့် သင်္ဘောဝန်ထမ်း ၄၅၂ ဦး လိုက်ပါလာပြီး ယင်းသင်္ဘောသည် သီရိလင်္ကာနိုင်ငံ Trincomalee ဆိပ်ကမ်းမှတစ်ဆင့် လာရောက်ခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် နှစ်ရက်ကြာ ရပ်နားမည်ဖြစ်ကြောင်း Myanmar Voyages ခရီးသွားလုပ်ငန်းမှ သိရသည်။

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V Seven Sea Voyager ခရီးစဉ်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ကူညီမှုတို့ဖြင့် Myanmar Voyages International Tourism ကုမ္ပဏီက စီစဉ်ခြင်းဖြစ်သည်။

အဆိုပါ သင်္ဘောတွင် လိုက်ပါလာသည့် ခရီးသွားများမှာ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ သန်လျင်၊ ကျိုက်ခေါက်ဘုရားနှင့် မြို့တွင်းအနှံ့ လည်ပတ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁၆ ရက်တွင် ပုဂံသို့ လေယာဉ်ဖြင့် တစ်ညအိပ်ခရီးကို သွားရောက်လည်ပတ်မည်ကာ ဒီဇင်ဘာ ၁၇ ရက်တွင် ပဲခူးမြို့သို့လည်း သွားရောက်လည်ပတ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်များကို သွားရောက်လည်ပတ်ပြီးနောက် ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီတွင် သီလ၀ါ ဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယခုနှစ်ပိုင်းတွင် နိုင်ငံတကာမှ စိတ်ဝင်စားမှု ပိုမိုများပြားလာခြင်းကြောင့် ခရီးသွားအ၀င် မြင့်တက်လျက်ရှိကာ ယခုနှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ စာရင်းများအရ နှစ်သန်းနီးပါး ရှိပြီဖြစ်ကာ လေဆိပ်ဝင်ပေါက်များနှင့် နယ်စပ်ဂိတ်များမှသာမက သင်္ဘောများဖြင့်လည်း ဆိပ်ကမ်းများမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသွား အများအပြား ၀င်ရောက်လျက် ရှိသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U