Related Posts Plugin for WordPress, Blogger...

Saturday, December 14, 2013

ဟီဂွေးရပ်(စ်) စာသင်ကျောင်းလေးရဲ့ ပုံပြင်ရှည်


သူ နောက်ဆုံးလှဲလျောင်းခဲ့ရာ
ဟီဂွေးရပ်(စ်)စာသင်ကျောင်းလေးထဲ
သမိုင်းရဲ့ စာအံသံများ ခုထိ ညံမြဲညံလျက်
အမှန်တရားဟာ သေနတ်ပြောင်းဝမှာ ရှိသတဲ့လေ
အာဏာရှင်ဆိုတာ ဘယ်တရားမှ ချပြလို့မရတဲ့ သတ္တ၀ါ
နီကွာရိုခရိုင်က တောတွင်းတိုက်ပွဲတစ်ခုမှာ
ပြုတ်ကျနေတဲ့ ဆေးသေတ္တာကိုကောက်မလား
ပြုတ်ကျနေတဲ့ သေနတ်ကိုကောက်မလား
သူဟာ ဆရာဝန်တစ်ယောက်
လူ့အဖွဲ့အစည်းကိုကုဖို့ အကောင်းဆုံးဆေးဟာ
သေနတ်ဖြစ်ကြောင်းပြောရင်း
သူဟာ
သေနတ်ကိုပဲ ကောက်ခဲ့တယ်
ဟီဂွေးရပ်(စ်)စာသင်ကျောင်းလေးထဲမှာ
အဆုံးစွန်ထိသော လည်စင်းပေးရမှု
လက်တွေ တဆတ်ဆတ်တုန်ရီနေတဲ့
ပါးကွက်သားကို
ပစ်လိုက်ပါ မကြောက်ပါနဲ့ ရဲရဲသာပစ်လိုက်ပါ
လို့ ပြောရင်း လူသားတိုက်ပွဲကို အောင်ပွဲခံရင်း
မျက်စိမှိတ်ပြီး ဝှေ့ယမ်းလိုက်တဲ့ စက်သေနတ်ရှေ့
ငါတို့ရဲဘော်ဟာ စူးရဲတဲ့အကြည့်တွေ ဖြန့်ထုတ်ရင်းငြိမ်သက်
ဟီဂွေးရပ်(စ်)စာသင်ကျောင်းလေးထဲမှာ
မီးခိုးတွေ ထောင်းထောင်းထအောင် အူသွား
ဟီဂွေးရပ်(စ်)စာသင်ကျောင်းလေးထဲမှာ
ငယ်စဉ်တောင်ကျေးထဲက စွဲကပ်နေခဲ့တဲ့
ပန်းနာရင်ကြပ်ရောဂါရာသက်ပန်ပျောက်ဆုံး
နောက်နောင် ဝေဒနာတွေကို ခံစားရမှာ မဟုတ်တော့
အပြီးပြည့်စုံဆုံးသော အတွေးအခေါ်ပညာရှင်အဖြစ်
ယန်းပေါဆတ်ကို နိုဗယ်ဆုပေးတော့ ယန်းပေါဆတ်က
ဒီကမ္ဘာမှာ အပြည့်စုံဆုံးသောလူသားဟာ
အာနက်စတို ချေ-ဂွေဗားရားသာဖြစ်ကြောင်း
ထုတ်ဖော်ပြောခဲ့
အမျိုးသားရေးသည် အချောင်သမားဝါဒ
ချေသည် အမျိုးသားရေးမဟုတ်
စသဖြင့် ငါနှစ်သက်ရတဲ့ စကားလုံးများရဲ့ သူရဲကောင်း
လူ ၁၂ ယောက် သေနတ် ၁၂ လက်နဲ့
အမေရိကန်လက်အောက်ခံ ကျူးဘားနိုင်ငံတော်ကို
ပြောက်ကျားစစ်ဆင်ရင်း အောင်ပွဲခံ
ဗီယက်နမ်လို နိုင်ငံတွေ တစ်နိုင်ငံမကပေါ်လာအောင်
ထူထောင်ကြ ဆိုတဲ့ လက်ရေးလက်သားစာမူကလေးမှာ
မီဂါပါဝါသမ္မတကြီး ဂျွန်ကနေဒီ တုန်လှုပ်ခြောက်ခြား
ကုလအတွင်းရေးမှုးကြီး ဦးသန့်လည်း ရတက်မအေးနိုင်
ခုတော့ အာဏာရှင်နိုင်ငံတွေက ပြည်သူတွေဟာ
ကာရစ်ဘီယံပင်လယ်ပြင်က ဂရမ်မာရွက်သင်္ဘောလေးများ
ငါတို့ဆီကို ဆိုက်ကပ်လာမလား ဆိုပြီး
နေ့စဉ်ရက်ဆက်ဆိုသလို မျှော်လင့်တကြီးနဲ့
မြစ်ကမ်းဘေးထွက်မျှော်ရင်း စောင့်ကြိုနေကြတယ်
ခုတော့ အရာအားလုံးဟာ
ဟီဂွေးရပ်(စ်)စာသင်ကျောင်းလေးထဲမှာ
ပြည်ဖုံးကားချသွားပြီ
ဒါပေမယ့် အရင်းရှင်၊အာဏာရှင်ကို တော်လှန်ရမယ်ဆိုတဲ့အသိ
ကျောင်းသားကျောင်းသူ၊ တောင်သူလယ်သမားအားလုံးရဲ့ ရင်ထဲရောက်ခဲ့ပြီ
တော်လှန်ရေးလည်း ကမ္ဘာတည်သရွေ့ လည်ပတ်ခဲ့ပြီ
                                                            ရွှေ ကြယ် မိုး
 (ကျဆုံးလေပြီးသော ရဲဘော် အာနက်စတို-ချေဂွေဗားရားသို့
ဤကဗျာဖြင့် အလေးနီပြုပါသည်)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U