Related Posts Plugin for WordPress, Blogger...

Tuesday, December 3, 2013

မူးယစ်ဆေးဝါး သုံးစွဲသည့် အနုပညာရှင်များအား ၂၀၀၈ ခုနှစ်အတွင်း ပြည်ထဲရေးက ခေါ်ယူစစ်ဆေးခဲ့ပြီး ယဉ်ကျေးမှုဝန်ကြီးက ခေါ်ယူ သတိပေးခဲ့



မူးယစ်ဆေးဝါး သုံးစွဲခဲ့သည့် အနုပညာရှင်များအား ၂၀၀၈ ခုနှစ်က ရန်ကုန်တိုင်း မူးယစ်ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည့်ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းအထူးအဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက အတည်ပြုပြောကြားပြီး ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဌာနက အရေးမယူခဲ့ဘဲ ယဉ်ကျေးမှုဝန်ကြီးဌာနကသာ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အနုပညာရှင်များအား ခေါ်ယူသတိပေးမှု ပြုလုပ်ခဲ့ကြောင်း ပြောသည်။

““ရန်ကုန်တိုင်းမူးယစ်အဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနရုံး (ရန်ကင်း)မှာ ဖြစ်စဉ်မှာ ပါခဲ့တဲ့ အနုပညာရှင်တွေကို ခေါ်ပြီး စစ်ဆေးခဲ့တာ။ အသေးစိတ်အချက်အလက်တော့ ဦးတို့အနေနဲ့ ပြောလို့မရပါဘူး။ မူးယစ်ဆေးသုံးစွဲတယ်ဆိုတဲ့ အနုပညာရှင်တွေကိုတော့ ယဉ်ကျေးမှုဝန်ကြီးဌာနက ခေါ်ပြီးသတိပေးတယ်လို့ သိရပါတယ်””ဟု အဆိုပါရဲအရာရှိက ပြောသည်။

Moe Zay Nyein ဟူသော အကောင့်အမည်ဖြင့် အင်တာနက်သုံးစွဲသူတစ်ဦးက နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် စိုးမြတ်သူဇာ၊ န၀ရတ်တို့၏ ရန်ကုန်အရှေ့မူးယစ်အထူးအဖွဲ့ စစ်ဆေးချက်ကို အစစ်ခံချက်ပုံစံဖြင့် နိုဝင်ဘာ ၃၀ ရက်မှ စတင်ကာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဧပြီ ၃၀ ရက်က စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအကောင့်ပိုင်ရှင်က ရေးသားထားပြီး ယင်းဖြစ်စဉ်မှာ အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းရဲတပ်ဖွဲ့(နေပြည်တော်)မှ ရဲအရာရှိကြီးတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

Moe Zay Nyein အကောင့်ပိုင်ရှင်က စိတ်ကြွရူးသွပ်ဆေးဝါးများ သုံးစွဲခဲ့သည့် အနုပညာရှင်များဖြစ်သော စိုးမြတ်သူဇာနှင့် န၀ရတ်တို့အပြင် နာမည်ကြီး အနုပညာရှင်သုံးဆယ်ကျော်ကိုပါ နာမည်နှင့်တကွ ဖော်ပြထားခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် အဆိုပါဖြစ်စဉ်တွင် အစိုးရအရာရှိကြီးအချို့၏ သားသမီးများနှင့် ဆွေမျိုးသားချင်းများ ပါဝင်ခဲ့သောကြောင့် အစိုးရက ထိထိရောက်ရောက် အရေးမယူခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ရေးသားထားသည်ကို တွေ့ရသည်။
““အနုပညာရှင်အချင်းချင်းလည်းရောင်းတယ်။ အပြင်ကလူတွေလည်း နာမည်ကြီးတစ်ယောက်နဲ့ ချိတ်ထားရင် သူနဲ့ဆက်စပ်တဲ့သူတွေနဲ့ ချိတ်မိသွားပြီး အရောင်းအ၀ယ်တွေ ဖြစ်ကြတယ်။ ဒီလူတွေကို အာဏာပိုင်တွေက အရေးယူတယ်။ လာစစ်တယ်လို့ မကြားဖူးဘူး။ သူတို့ဟာ အင်မတန်လွတ်လပ်စွာနဲ့ လုပ်ချင်ရာလုပ်နိုင်နေကြတယ်”” ဟု အမည်မဖော်လိုသူ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာတစ်ဦးကလည်း အနုပညာရှင်များ မူးယစ်ဆေးသုံးစွဲခြင်းနှင့် ပတ်သက်၍ ပြောသည်။

ရန်ကုန်မြို့ပေါ်တွင် ဘိန်းကို အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် ၁၉၉၈ ခုနှစ်နောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲသည့် အနုပညာရှင် အများစုမှာ ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှု မရှိသလောက်နည်းပါးခဲ့ကြောင်း ယင်းကာလကို ဖြတ်သန်းခဲ့သည့် ရုပ်ရှင်ဒါရိုက်တာ ၀ိုင်းက ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပြောကြားခဲ့သည်။
““တချို့ရုပ်ရှင်ထုတ်လုပ်ရေးတိုက်တွေမှာ စိတ်ကြွဆေးတွေကို ဧည့်ခန်းမှာ ပန်းကန်နဲ့ချထားပြီး ဧည့်ခံနေတာ။ မကင်းနိုင်တဲ့သူအများစုက အ၀င်အထွက်လုပ်တော့ လူစည်တယ်။ ရိုက်ကွင်းမှာဆိုလည်း မင်းသား၊ မင်းသမီးကို ဆေးဝယ်ပေးချင်တဲ့၊ ဆေးသယ်ပေးချင်တဲ့လူတွေကို တစ်ပုံကြီး။ ပွဲတော်ကြီးလိုဖြစ်နေတာ”” ဟု အမည်မဖော်လိုသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက သူ၏အတွေ့အကြုံကို ပြောသည်။

နာမည်ကြီး အနုပညာရှင်များထဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ၂၀၁၃ ခုနှစ်အတွင်း ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်၊ ဘုန်းလျှံနှင့် အဆိုတော် Dဖြိုးတို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U