Related Posts Plugin for WordPress, Blogger...

Friday, December 27, 2013

မောင်ကိန်းရွှေဆိုင် ဓားပြမှုတွင် ကိုင်ဆောင်ခဲ့သည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ဟု ကျူးလွန်သူထွက်ဆို



မောင်ကိန်းရွှေဆိုင် အတွင်းရှိ ပျက်စီးနေသည့် ကောင်တာများကို တွေ့ရစဉ်

မောင်ကိန်းရွှေဆိုင် ဓားပြမှုဖြစ်စဉ် အနုကြမ်းစီးရာတွင် ကျူးလွန်သူ ကိုင်ဆောင်အသုံးပြုသည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလေးဖြစ်သူ၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း ကျူးလွန်သူက ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

ကျူးလွန်သူမှာ လောက်ကိုင်မြို့တွင် နေထိုင်သူ ကိုးကန့်လူမျိုး အားရှန့် (၃၀ နှစ်)၊ (ဘ) ဦးလီကွမ်ရီဟု သိရပြီး မန္တလေးမြို့သို့ လုပ်ငန်းကိစ္စဖြင့် မကြာခဏ လာရောက်လေ့ရှိကာ မြို့သစ် (၁) ရပ်ကွက်၊ ၆၄ လမ်း၊ သိပ္ပံလမ်းတောင်ဘက်ရှိ အဒေါ်ဖြစ်သူ နေအိမ်တွင် တည်းခိုလေ့ရှိကြောင်း သိရသည်။

ကျူးလွန်သူ အားရှန့်၏ ဦးလေးတော်စပ်သူ ဦးလျူကွယ်ရှိမှာ ပြည်ခိုင်ဖြိုးပါတီဝင် ကိုးကန့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး အသုံးပြုခဲ့သည့် သေနတ်အမျိုးအစားမှာ အီတလီနိုင်ငံလုပ် PIETRO BERETTA ပစ္စတိုခဲရောင်ဖြစ်ကာ ကျည်ခွံခြောက်တောင့်နှင့် ကျည်ဆန်ခုနစ်တောင့် သိမ်းဆည်းရမိခဲ့သည်။



သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သေနတ်အား တွေ့ရစဉ်

“ကျောက်အရောင်းအ၀ယ်လုပ်တာ အဆင်မပြေတဲ့အတွက် ငွေလိုလို့လုပ်တာလို့ ကနဦး ထွက်ဆိုထားတယ်။ ကျူးလွန်စဉ်မှာ အရက်သောက်ထားပါတယ်။ နောက်ပြီး ပုံမှန်စိတ်အခြေအနေလား၊ မူးယစ်ဆေးဝါး သုံးစွဲထားလားဆိုတာသိအောင် ဆေးစစ်မှာပါ။ သာမန်လူတစ်ယောက် အနေနဲ့ ကျူးလွန်ဖို့ ခဲယဉ်းတဲ့ အရာကို ပြုလုပ်သွားတာဖြစ်လို့ မိုက်ရူးရဲ ဆန်ပါတယ်။ သတိရလိုက် မေ့သွားလိုက်နဲ့မို့ ဖြည်းဖြည်းချင်း စစ်ဆေးနေရတာပါ” ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ဆိုသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူ အားရှန့်အား ၀ိုင်းဝန်းလုံးထွေး ဖမ်းဆီးခဲ့ခြင်းကြောင့် ဦးခေါင်းပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ယာဘက်မျက်လုံးညိုမည်း (သတိမရ) ဖြင့် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အားရှန့်အား မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ပေးလျက်ရှိပြီး (ပ) ၅၅၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၆/၃၀၇ အရ ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရန် စစ်ဆေးနေကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U