Related Posts Plugin for WordPress, Blogger...

Friday, December 13, 2013

ကျွန်းဆွယ်ဘောလုံးချန်ပီယံ ပထမဆုံးဆုကို မြန်မာအသင်း ဘယ်လိုရယူခဲ့ရသလဲ ဆီးဂိမ်းဘောလုံးချန်ပီယံ ပထမဆုံးဆုကို မြန်မာအသင်း ဘယ်လိုရယူမလဲ


ဘောလုံးရွှေမှ မရရင် ဆားမပါတဲ့ ဟင်းပဲ

(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီး၏ ဘောလုံးပွဲ ပြိုင်ပွဲများကို ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ပြီး ကျင်းပနေပြီ ဖြစ်ပါသည်။ မြန်မာအသင်း ပါဝင်သော အုပ်စု(ခ)မှ ထိုင်း အသင်းသည် တီမောလက်စ်တီ အသင်းကို ၃-၁ ဖြင့် အနိုင်ရခဲ့သလို မြန်မာယူ-၂၃ အသင်းသည်လည်း ကမ္ဘောဒီးယား အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အင်ဒိုနီးရှားအသင်းမှာ ပွဲကြည့် ပရိတ်သတ်လုပ်ပြီး ပြိုင်ဘက်လေးသင်း၏ ခြေစွမ်းခြေစများကို အကဲခတ်ခွင့် ရခဲ့လေသည်။ ဘာဘဲပြောပြော ပွဲဦးထွက်တွင် အနိုင်ရလိုက်၍ မြန်မာ ယူ-၂၃ အသင်းအတွက် ဆီးဂိမ်းအောင်မြင်မှု ရရှိရန် ခွန်အားဖြစ်သလို ပြည်သူများ၏ မျှော်လင့်ချက်များလည်း ပိုမိုရှင်သန်လာ ကြပြီဖြစ်သည်။

တချိန်က အာရှအဆင့်အထိ ထိုးဖောက် အောင်မြင်ခဲ့ဖူးသည့် အရသာကို ခံစားဖူးသူ သို့မဟုတ် နားအရသာ ခံစားဖူးသူ မြန်မာပြည်သူပြည်သားများသည် ယခုဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်းအပေါ် ချန်ပီယံဖြစ်စေရန် မျှော်လင့်လျက် ရှိကြပါသည်။ အခြားရွှေတွေ ဘယ်လောက်ပဲရရ ဘောလုံးရွှေမရရင် ဆားမပါတဲ့ဟင်းကို စားရသလိုဘဲဟု ဆိုသူတွေက ဆိုနေကြပါပြီ။

ဤသို့ဆိုကြသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ မြန်မာဘောလုံးအသင်းများသည် တစ်ချိန်က မြင့်မားသော အောင်မြင်မှု ကြီးများကို ရယူနိုင်ခဲ့သည့် အသင်းများဖြစ်ပါလျက် လက်ရှိတွင် အောင်မြင်မှုနှင့် ဝေးကွာလျက်ရှိနေခြင်းကြောင့် အောင်မြင်မှုကို ဆာလောင်မွတ်သိပ်မှုများမှ တစ်ဆင့် အန်ထွက်လာသော ဆန္ဒအမှန် သစ္စာစကားများ ဖြစ်ပါသည်။ ယခု ဆီးဂိမ်းပြိုင်ပွဲကြီးမှာ မိမိ မြေ မိမိနိုင်ငံက အိမ်ရှင်လုပ်ပြီး ကျင်းပခွင့်ရသောပြိုင်ပွဲဖြစ်၍ ဗိုလ်စွဲပြီး ချန်ပီယံဖြစ်ရန် ပိုမို မျှော်လင့်နေကြခြင်းလည်း ဖြစ်သည်။

ကျွန်းဆွယ်ခေတ် ငါးကြိမ်ဆက် ချန်ပီယံမြန်မာ

မြန်မာဘောလုံးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲများတွင် အောင်မြင်မှုများနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသော်လည်း ကျွန်းဆွယ်ခေတ်ကာလကမှု ငါးကြိမ်ဆက် ချန်ပီယံအသင်းအဖြစ် စံချိန်တင် အောင်မြင်မှုရခဲ့သည့် အသင်းဖြစ်သည်။ ၁၉၅၉ ခုနှစ် ပထမအကြိမ် ဗန်ကောက်ကျွန်းဆွယ်ပြိုင်ပွဲနှင့် ၁၉၆၁ ခုနှစ် ဒုတိယအကြိမ် ရန်ကုန်ကျွန်းဆွယ်ပြိုင်ပွဲ တို့တွင် မြန်မာအသင်း အောင်မြင်မှု မရခဲ့ပေ။ ၁၉၆၁ ခုနှစ် ဒုတိယကျွန်းဆွယ်ပွဲတွင် မြန်မာအသင်းသည် မလေးရှားကို ရှုံးကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ ရသည်။

သို့ရာတွင် ၁၉၆၅ ခုနှစ် တတိယအကြိမ် ကွာလာလမ်ပူ ကျွန်းဆွယ်ပြိုင်ပွဲတွင်မှု မြန်မာအသင်း အောင်မြင်မှု စတင် ရရှိခဲ့ သည်။ မြန်မာအသင်း၏ ပထမဆုံးကျွန်းဆွယ်အောင်မြင်မှု ဖြစ်ပြီး ထိုင်းနှင့် ပူးတွဲချန်ပီယံ ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁ နှင့် ၁၉၇၃ ကျွန်းဆွယ်ပြိုင်ပွဲများတွင် လွတ်လွတ်ကျွတ်ကျွတ် ဆက်တိုက်ချန်ပီယံဖြစ်ခဲ့သည်။ ငါးကြိမ် ဆက်တိုင် ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်ရာ ထိုစဉ်က မြန်မာအသင်း၏အောင်မြင်မှုမျိုးကို ဘယ်ကျွန်းဆွယ် အသင်းကမှ လိုက်မမီခဲ့ပေ။ နောက်ဆုံးကျွန်းဆွယ်ပြိုင်ပွဲ ဖြစ်သည့် ၁၉၇၅ ခုနှစ် ဗန်ကောက်ပြိုင်ပွဲတွင်မှု ငါးကြိမ်ဆက် ကျွန်းဆွယ်ချန်ပီယံမြန်မာအသင်းသည် စင်ကာပူနှင့် အတူ တတိယသာရရှိကာ ကျွန်းဆွယ်ချန်ပီယံဘဝ ဇတ်သိမ်းခဲ့လေသည်။

ဆီးဂိမ်းတစ်ခေတ် ရွှေစော်မနံသေး

၁၉၇၇ ခုနှစ် ပြိုင်ပွဲမှ စတင်၍ ကျွန်းဆွယ်ပြိုင်ပွဲ အဖြစ်မှ ဆီးဂိမ်းပြိုင်ပွဲ ဖြစ်လာသည်။ ထိုပြိုင်ပွဲမှ ၂၀၁၁ ခုနှစ် ပြိုင်ပွဲအထိ ဆီးဂိမ်း ၁၈ ကြိမ်ကာလအတွင်း မြန်မာအသင်းသည် တစ်ကြိမ်တစ်ခါမျှ ချန်ပီယံ ပြန်မဖြစ်တော့ပေ။ ထို ၁၈ ကြိမ်အတွင်း အမြင့် ဆုံး အဆင့်အဖြစ် ၁၉၉၃ ခုနှစ် စင်ကာပူဆီးဂမ်းတွင် ဒုတိယသာ ရရှိခဲ့ဖူးလေသည်။ ထို့ကြောင့် ကျွန်းဆွယ်တစ်ခေတ် အအောင် မြင်ဆုံးဖြစ်ခဲ့သည့် မြန်မာအသင်းအနေဖြင့် ဆီးဂမ်းတစ်ခေတ်တွင် ရွှေတံဆိပ် ရရှိသူ ချန်ပီယံအသင်းဖြစ်ရန် လိုအပ်နေခြင်းလည်း ဖြစ်ပေသည်။

ပထမဆုံးချန်ပီယံဆုကို ဘယ်လိုရယူခဲ့သလဲ

၁၉၆၅ ခုနှစ် တတိယအကြိမ် ကျွန်းဆွယ်ပွဲတွင် မြန်မာအသင်းသည် ကျွန်းဆွယ်ချန်ပီယံဘွဲ့ကို ဆွတ်ခူးရယူခဲ့ရာမှာ စိတ်ဝင်စားဖွယ်၊ အတုယူဖွယ် အလွန်ကောင်းပါသည်။ ထိုစိတ်ဝင်စားဖွယ် နောက်ခံအကြောင်းများကို ဒီဇင်ဘာလ ၄ ရက်က နေ့ က ထိုချန်ပီယံအသင်းတွင် ပါဝင်ခဲ့ကြသည့် ဦးစိုးမြင့်၊ ဦးအောင်ခင်၊ ဦးဘပု တို့နှင့် တွေ့ဆုံစဉ် ရှေးဟောင်းနှောင်းဖြစ်များ ပြော ကြရင်း သိခဲ့ရခြင်းဖြစ်သည်။

ထိုကျွန်းဆွယ်ပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲတွင် ကမ္ဘောဒီးယားနှင့် လာအိုတို့ မပါဝင်ဘဲ စင်ကာပူအသင်း ပထမဆုံး ပါဝင်လာ ပြီး မြန်မာ၊ ထိုင်း၊ တောင်ဗီယက်နမ် နှင့် အိမ်ရှင် မလေးရှားနိုင်ငံ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင် ငါးသင်းသာ ရှိ၍ ရှုံးထွက်စနစ်ဖြင့် ကစားစေကာ နိုင်သည့်အသင်း အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရသည်။

မြန်မာအသင်းသည် ဘပု၏ဂိုးဖြင့် စင်ကာပူကို ဖြင့် အနိုင်ရပြီး အကြိုဗိုလ်လုပွဲသို့ တက်လာသည်။ ထိုင်းကလည်း တောင်ဗီယက်နမ်ကို ၂-၁ ဖြင့် နိုင်ပြီး အကြိုဗိုလ်လုပွဲသို့ တက်သည်။ အိမ်ရှင်မလေးရှားအသင်းက ဘိုင်ရပြီး အကြိုဗိုလ်လုပွဲက စောင့်နေသည်။ ကျန်ဆီးမီးတစ်နေရာအတွက် တောင်ဗီယက်နမ်နှင့် စင်ကာပူတို့ကစားရာ တောင်ဗီယက်နမ်က ၅-၁ ဂိုးဖြင့်နိုင် ကာ ဆီးမီးသို့တက်လာသည်။ ဆီမီးဖိုင်နယ်တွင် မြန်မာအသင်းသည် လက်ရှိချန်ပီယံ အိမ်ရှင်မလေးရှားကို ၂-၁ ဖြင့်အနိုင်ယူကာ ဗိုလ်လုပွဲသို့တက်သည်။ မြန်မာအသင်းအတွက် ဂိုးများကို မောင်မြင့်နှင့် အောင်ခင်တို့က သွင်းယူပေးသည်။ နှစ်ဂိုးစလုံးကို ဒုတိယ ပိုင်းတွင် သွင်းယူခြင်းဖြစ်သည်။

မြန်မာအလံကို ထိုင်းအလံက ဖုံးအုပ်ရစ်ပတ်


တောင်ဗီယက်နမ်ကို ၂-၀ ဖြင့် အနိုင်ယူခဲ့သော ထိုင်းအသင်းနှင့် မြန်မာအသင်းတို့ ဗိုလ်လုပွဲတွင် တွေ့ကြသည်။ ထိုပွဲ တွင် မြန်မာဂိုးသမား(ဦး) တင်အောင်သည် လက်အိတ် မဝတ်ဘဲ ဖမ်းခဲ့သည်။ ကစားဖော်များက လက်အိတ်ဝတ်ရန် တိုက်တွန်း ခဲ့သော်လည်း ဂိုးတင်အောင် က မဝတ်ခဲ့။ မိုးကလည်း ရွှာနေသည်။ လေကလည်း တဟူဟူးတိုက်နေသည်။ ပွဲမကစားမီကပင် ကွင်းထိပ်ရှိ အလံတိုင်မှ ထိုင်းအလံသည် မြန်မာအလံအပေါ် လွှမ်းခြုံဖုံးအုပ်ထားသည်။ မြန်မာအလံမှာ ထိုင်းအလံအောက်တွင် ငုပ်လျှိုးပျောက်ကွယ် နေသည်။

ဦးစိုးမြင့်က “နမိတ်ပေါ့ဗျာ။ မကစားခင်ကတည်းက ဒီလိုဖြစ်နေတာ။ ဒါကိုမြင်ပြီး ကျွန်တော်တို့တွေးကြတယ်။ နမိတ်ပြနေတာလား။ ဒီအတိုင်းဆိုရင် ဟန်ကျပါ့မလားဆိုပြီး တွေးပူနေကြတာ။ ပူတဲ့အတိုင်းပဲ ထိုင်းက ဂိုးသွင်းတယ်။ ကိုတင်အောင် ကလက်အိတ်ဝတ်မထားတော့ ဘောလုံးက လက်ထဲက ချော်ထွက်ပြီး ဝင်သွားတာ” ဟုပြောပြပါသည်။

ပထမပိုင်းပြီးခါနီးတွင် ထိုင်းက ပထမဂိုးကို စသွင်းလိုက်သည်။ မြန်မာအသင်းခြေစွမ်းကောင်းသော်လည်း ဂိုးကံမရှိ ဖြစ်နေသည်။ အောင်ခင် နှင့် မောင်မြင့်တို့ သေချာပေါက် ဂိုးသွင်းခွင့်များ လက်လွတ်ခဲ့ကြသည်။ ဒုတိယပိုင်းပြန်စသည်နှင့် ထိုင်း က ဖိကစားပြီး ဒုတိယဂိုးကို သွင်းယူလိုက်ပြန်သည်။ အလံတိုင်တွင် ထိုင်းအလံသည် မြန်မာအလံကို လွှမ်းခြုံအုပ်ထားဆဲ။ မြန်မာ အသင်းသည် ၂-၀ ဂိုးဖြင့် ရှုံးနေဆဲ။ ပွဲကလည်းပြီးဖို့ ဘယ်လောက်မှ မလိုတော့။ ၁၅ မိနစ်လောက်ပဲလိုတော့သည်။ မြန်မာ အသင်းသည် အရှုံးဂိုးများကို ချေပနိုင်ရန် ကြိုးစားသော်လည်း အရာမထင်။

မကြာပါချေ။ မိုးကလည်းစဲ။ လေလည်း ငြိမ်သွားသည်။ ထိုအချိန်တွင် မောင်မြင့် ထိုးဖောက် တင်ပေးသည်ကို အောင်ခင် က ခေါင်းတိုက်သွင်းယူလိုက်နိုင်၍ ၂-၁ ဖြစ်သွားသည်။ မှုလကတည်းက စိတ်ဓာတ်ကို ဂိတ်ဆုံးမြှင့်တင် ကစားနေသော မြန်မာ အသသင်းမှာ ချေပဂိုး ရလိုက်၍ နိုင်လိုစိတ်များ ပိုမိုထက်သန်လာကြပြီး ဖိကစားရာ ထိုင်းအသင်းမှာ ခံစစ်ဖြင့်သာ ကစားနေရ သည်။ ၂၇ မိနစ်တွင် အုန်းကြွယ် ပို့ပေးသည်ကို အောင်ခင်ကပင် သွင်းယူလိုက်၍ နှစ်ဂိုးစီ သရေဖြစ်သွားသည်။ အချိန်ပို ၁၀ မိနစ်စီ ကစားရာတွင် မြန်မာအသင်းပင် ဖိကစားနိုင်သော်လည်း ဂိုးမရတော့သဖြင့် ပူးတွဲချန်ပီယံ ဖြစ်ခဲ့သည်။ ၁၉၆၁ ခုနှစ် ရန်ကုန် ကျွန်းဆွယ်ပွဲတွင် အိမ်ရှင်ဖြစ်ပါလျက် မလေးရှားကို ရှုံးကာ ဗိုလ်မစွဲခဲ့သော မြန်မာအသင်းသည် မလေးရှားမြေပေါ်တွင် ပထမဆုံးဗိုလ်စွဲနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

“အချိန်ကိုကြည့်လိုက်တော့ ဘယ်လောက်မှမကျန်တော့ဘူး။ ကျွန်တော်တို့ ၂-၀ နဲ့ ရှုံးနေတယ်။ ဒီတော့ ကျွန်တော်က ဘပု ကိုပြောတယ်။ ဒီအတိုင်းဆို မဖြစ်တော့ဘူး။ ငါရောက်တဲ့နေရာကိုသာကြည့် ဘောလုံးကို ငါ့ဆီရောက်အောင်ပို့ပေး ဆိုပြီး ကိုယ့်အချင်းချင်း ကွင်းထဲမှာ ညှိပြီး ကစားလိုက်တော့မှ လိုချင်တဲ့ချေပဂိုးတွေ ရတယ်။ အဓိက ကတော့ စိတ်ဓာတ်ပေါ့ဗျာ။ အရှုံး မပေးစိတ်ဓာတ်။ ပြီးတော့အဲဒီတုန်းက အချင်းချင်း ညီညွတ်ခဲ့တဲ့စိတ်ဓာတ်ကလည်း မယုံနိုင်လောက်ကို ကောင်းခဲ့တာ။ ဒီလို စိတ်ဓာတ်ကြောင့်ပဲ ရှုံးနေရာကနေ ချန်ပီယံ ဖြစ်ခဲ့တာပါ” ဟု ဦးအောင်ခင်က ပြောပြခဲ့သည်။

ဗိုလ်လုပွဲတွင် မြန်မာအသင်းသည် ဂိုး- တင်အောင်၊ နောက်တန်း- သန်းလွင်၊ ကျော်သောင်း၊ ဝင်းကြည်၊ အုံးကြွယ်၊ အလယ်တန်း-အောင်သန်း နှင့် ဘရီ၊ ရှေ့တန်း- မောင်မြင့်၊ ကျော်ကျော်၊ အောင်ခင် နှင့် ဘပု တို့ကို ပွဲထုတ်ကာ ကစားစေခဲ့ခြင်း ဖြစ်သည်။ စိုးမြင့်နှင့် ကပ္ပတိန် လှဌေးတို့မှာ နာနေ၍ ပါဝင်ကစားခွင့်မရခဲ့ပေ။

စိတ်ဓာတ်ကြောင့် ရခဲ့တဲ့ ချန်ပီယံ

ဦးအောင်ခင်၏ ပြောစကားအရ မြန်မာအသင်းသည် ပထမဆုံး ကျွန်းဆွယ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမှာ အကြောင်း ခြင်းရာ များများစားစား မရှိကြောင်း တွေ့ရသည်။ ကစားဖော်အချင်းချင်း ညီညတ်ကြသည်။ စည်းလုံးကြသည်။ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကြီးမားသလောက် ပြင်းပြင်းပြပြရှိကြသည်။ ထိုအဓိကအကြောင်းများကြောင့်သာ နှစ်ဂိုးပြတ်ဖြင့် ရှုံးနေရာမှ အချိန်တိုလေးအတွင်း နှစ်ဂိုးသွင်းကာ ချန်ပီယံဆုကြီးကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ကြခြင်းသာ ဖြစ်သည်။ ထိုက်ထိုက် တန်တန် ဆိုသည်မှာ မြန်မာအသင်းသည် ထိုင်းအသင်းကို အရှုံးကနေ သရေကစားနိုင်ခြင်းမျိုးလောက်ကိုသာ ရည်ညွှန်းပြောဆို ခြင်းမဟုတ်ဘဲ ဆီမီးဖိုင်နယ်တွင် လက်ရှိ ချန်ပီယံလည်းဖြစ်၊ အိမ်ရှငိလည်းဖြစ်သည့် မလေးရှားအသင်းကိုပါ အနိုင်ယူခဲ့ခြင်းကို ရည်ညွှန်းပြောလိုရင်းဖြစ်၏။

ဆီးဂိမ်းခေတ် ချန်ပီယံကို ရယူဖို့အတွက်

ကျွန်းဆွယ်ခေတ် ပထမဆုံးချန်ပီယံဆုကို မြန်မာအသင်း ဘယ်လိုရယူခဲ့ရသလဲဆိုသည်ကို သိကြပါပြီ။ ထို့ကြောင့် ဆီးဂိမ်း ၁၈ ကြိမ်တစ်ခေတ်တွင် ချန်ပီယံ မဖြစ်ဖူးသေးသည့် မြန်မာအသင်းအနေဖြင့် ယခု ( ၂၇ ) ကြိမ်မြောက် ဆီးဂိမ်းတွင် ချန်ပီယံ ဖြစ်ခဲ့မည်ဆိုသော် ပထမဆုံးဆီးဂိမ်းချန်ပီယံဆုကို ရခြင်းပင် ဖြစ်ပေမည်။ ထိုပထမဆုံးသော ဆီးဂိမ်းချန်ပီယံဖြစ်ရန် အတွက် ဘာတွေလုပ်ရမည်၊ ဘာတွေလိုအပ်သည်ဆိုသည်ကို ပထမဆုံး ကျွန်းဆွယ်ချန်ပီယံဆုရစဉ် ဖြစ်စဉ်ဖြစ်ရပ်များက အထောက်အကူပေးနိုင်လိမ့်မည်ဟု ယူဆ၍ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

ယခုသာ ဘောလုံးရွှေရ၍ ချန်ပီယံဖြစ်ခဲ့မည်ဆိုလျှင် ရွှေတံဆိပ်ပေါင်း သန်း၆၀ ကို ရခြင်းပင် ဖြစ်ကြောင်း ညီငယ် ဘောလုံးသမားလေးများ တန်ဖိုးသိ ကြားစေချင်လှပါဘိ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U