Related Posts Plugin for WordPress, Blogger...

Monday, December 30, 2013

ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်းအား နိုင်ငံခြားသားပညာရှင်က (ဖွတ် ပဲ လွှင့်ပစ်လိုက်) လို့ ဝေဖန်ခဲ့



ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအပြီးမှာတော့
အကယ်ဒမီဆုရသင့်တယ်လို့ ပရိသတ်က မျှော်မှန်းထားတဲ့သူတွေရသွားလို့ ပရိသတ်များကျေနပ်ခဲ့ရသလို
မျှော်မှန်းထားသော်လည်း မရခဲ့တဲ့အတွက် မချိတင်ကဲနဲ့ ဝေဖန်ပြောဆိုသံတွေဆူညံခဲ့ပါတယ်။
နောက်ပြီး အကယ်ဒမီပေးပွဲရဲ့ အပြင်အဆင် တင်ဆက်မှုတွေအပေါ် ကြိုက်သူတွေရှိသလို
မနှစ်သက်ကြတဲ့သူတွေလည်း အများအပြားပါပဲ။

မြန်မာ့ရုပ်ရှင်လောကဟာ အစိုးရသစ်လက်ထက်ကစပြီး ဆင်ဆာအဖွဲ့တွေဖျက်သိမ်း
လွတ်လပ်တဲ့ မြန်မာ့ရုပ်ရှင်အစည်းအရုံးတွေထူထောင်ပြီး ကိုယ့်လမ်းကိုလျှောက်ခဲ့ကြပေမဲ့
လက်တွေ့မှာ အောင်မြင်မှု မရရှိသေးသလို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲဟာ လူစိတ်ဝင်စားမှု
အင်မတန်လျော့ကြလာတယ်လို့ မြန်မာရုပ်ရှင်ချစ်သူပရိသတ်ကြားမှာ ဝေဖန်မှုတွေ ဆူညံခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ မြန်မာ့ရုပ်ရှင်လောကအတွက်သာမက ကမ္ဘာ့ရုပ်ရှင်လောကကိုပါ
သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ထိုးဖောက်နိုင်ရမယ်လို့ ရဲရဲဝံ့ဝံ့ယုံကြည် မျှော်လင့်ထားကြတဲ့
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ရုပ်ရှင်အဖြစ်ရိုက်ကူးမဲ့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးဖို့ စီစဉ်ခဲ့တာ လာမဲ့
ဖေဖော်ဝါရီလဆို ၂ နှစ်တိတိပြည့်ခဲ့ပါပြီ။

လက်ရှိအချိန်ထိတော့ ဗိုလ်ချုပ်ရုပ်ရှင်ဟာ ဇာတ်ညွှန်းရေးသားပြီးစီးသွားပြီဖြစ်ကြောင်းသိရပါတယ်။ ဒါပေမဲ့ ဒီဇာတ်ညွှန်းကို နိုင်ငံတကာ Level  မှာ အဆင့်မီ မမီ ဆုံးဖြတ်ဖို့အတွက် ကနေဒါက ပရိုဂျူဆာတစ်ယောက်ကို
ဗိုလ်ချုပ်ရဲ့သမီးဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖိတ်ခေါ်ပြသကြည့်ရာမှာ အဆိုပါ ပရိုဂျူဆာက မြန်မာ့နာမည်ကြီး အနုပညာရှင်တွေစုပေါင်းတိုင်ပင်
ရေးသားထားတဲ့ ဗိုလ်ချုပ်ဇာတ်ညွှန်းဟာ ဖွတ်ပဲ။ အဲဒီဇာတ်ညွှန်းကို လွှင့်ပစ်လိုက်လို့ ဝေဖန်ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါ ပရိုဂျူဆာက
အဆိုပါဇာတ်ညွှန်းဟာ ရုပ်ရှင်နှင့် မတူကြောင်း အတ္ထုပ္ပတ္တိစာအုပ်လိုဖြစ်နေကြောင်း၊ ဇာတ်လမ်းရုပ်ရှင်
ပြမှာလား သတင်းကားပြမှာလားဟူ၍ သူ၏အမြင်ကို သုံးသပ်ပြောဆိုသွားခဲ့တယ်လို့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှာ ပါဝင်တဲ့ လူရွှင်တော်သရုပ်ဆောင် ဦးဇာဂနာက ပြောဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီဆိုတာကလည်း လက်ရှိမြန်မာ့ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်း အပါအ၀င် နာမည်ကြီး ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ၊ အနုပညာရှင်၊အတတ်ပညာရှင် အသိပညာရှင်တွေအားလုံးနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးတစ်ခုပါ။ ဒီလိုအဖွဲ့က ဦးဆောင်ပြုလုပ်နေတဲ့ ဗိုလ်ချုပ်ရုပ်ရှင်မှာ ဇာတ်ညွှန်းကစလို့ အခုလို နိုင်ငံခြားသားတစ်ယောက်က ဖွတ်ဆိုပြီး ဝေဖန်ခြင်းခံခဲ့ရတယ်ဆိုတာ ငါတို့ ဘာတွေ လိုနေသေးလဲလို့ စဉ်းစားသုံးသပ်စရာပါ။ ဦးဇာဂနာကပဲ ဗိုလ်ချုပ်ဇာတ်ညွှန်းအတွက် အဆင့်အတန်းမီဖို့
နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဇာတ်ညွှန်းရေးစရာတစ်ယောက်လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

မြန်မာ့ရုပ်ရှင်လောက ကျဆင်းလာခဲ့ခြင်းဟာ နည်းပညာလိုအပ်မှု၊ အရင်အစိုးရရဲ့ လွှမ်းမိုးချုပ်ကိုင်မှု၊ ဆင်ဆာအဖွဲ့ရဲ့ထိန်းချုပ်မှုတွေကြောင့် လို့ အကြောင်းအမျိုးမျိုးပြခဲ့ကြပါတယ်။ ယခုအချိန်မှာ အစိုးရကလည်း
ချုပ်ကိုင်ထားမှုမရှိ၊ ဆင်ဆာအဖွဲ့ကလည်း ဖျက်သိမ်းပြီးဖြစ်လို့ မြန်မာ့ရုပ်ရှင်လောက တိုးတက်လာတော့မယ်လို့ မျှော်လင့်ထားသူတွေအတွက် အထက်ပါ ဖြစ်ရပ်တွေက စိတ်ဓာတ်ကျဆင်းစေသလို အနုပညာရှင်တွေရဲ့ ဦးဆောင်နိုင်မှုအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပါတယ်။

အကယ်ဒမီထူးချွန်ဆုပေးပွဲဟာ အားရကျေနပ်လောက်ဖွယ် အဆင့်အတန်းတစ်ခုကို မပြနိုင်သေးသလို
မြန်မာတစ်နိုင်ငံလုံးအတွက် အရေးပါယုံမက ကမ္ဘာကိုပါ ချပြမဲ့ မြန်မာတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကိုလည်း နိုင်ငံတကာအဆင့်မီဖို့အတွက် ပြင်ဆင်ခဲ့တာ ၂ နှစ်ပြည့်ခါနီးပေမဲ့
အားရစရာအနေအထားတစ်ခုထိ မရောက်ရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဆီးဂိမ်းကို အစိုးရက ဦးဆောင်ကျင်းပခဲ့ရာမှာ တရုတ်ကို အားကိုးလွန်းတယ်။ တင်ပြချက်တွေဟာ နိုင်ငံတကာအဆင့်မမီသေးဘူးလို့ ဝေဖန်ခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှာ ဦးဆောင်ပါဝင်နေတဲ့ ဦးဇာဂနာကိုယ်တိုင်ကလည်း
ယခုဗိုလ်ချုပ်ရုပ်ရှင်မှာ နိုင်ငံတကာအဆင့်မီဖို့ နိုင်ငံခြားဇာတ်ညွှန်းပညာရှင် သေချာပေါက်လိုအပ်တယ်လို့
ပြောဆိုခဲ့ပြီး မိမိတို့ကိုယ်တိုင် ဗိုလ်ချုပ်ရုပ်ရှင်ကို အဆင့်တန်းမီအောင် လုပ်ဖို့ လိုအပ်ချက်တွေရှိသေးတယ်လို့ ၀န်ခံခဲ့ရပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြောရရင် မြန်မာ့ရုပ်ရှင်လောက ဆုတ်ယုတ်လာခြင်းဟာ အစိုးရကြောင့်လား
ဆင်ဆာကြောင့်လား မိမိတို့ကိုယ်တိုင်လားဆိုတာ စုံစုံညီညီ အဖြေရှာဖို့ လိုအပ်နေပါပြီ။
ကိုယ်မဟုတ်တဲ့ သူတစ်ပါးကို အပြစ်တင်ဝေဖန်နေကြမဲ့အစား ကိုယ့်အပြစ်ကိုယ်ရှာလို့
ပြန်လည်ဆန်းစစ်ပြုပြင်ကြမှသာလျှင် အားလုံးအားလုံးမျှော်လင့်နေကြတဲ့ ပန်းတိုင်တစ်ခုကို
ရောက်ကြလိမ့်မယ်ဆိုတာ မြန်မာ့ရုပ်ရှင်လောကက သက်သေတစ်ခုဖြစ်လာပါလိမ့်မယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U