Related Posts Plugin for WordPress, Blogger...

Saturday, December 7, 2013

မန္တလေးတွင် အဆင့်မြင့် ကျောက်မျက်ရတနာများ တင်ပို့ရောင်းချခွင့်ပြု




မန္တလေးမြို့ရှိ အေအဆင့်နှင့် ဘီအဆင့် (A grade၊ B grade) အသီးသီးရှိ အဆင့်မြင့် ကျောက်မျက်၊ ကျောက်စိမ်းများကို တစ်ထိုင်တည်းစနစ် (One Stop Service) ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာနှင့် ကျောက်စိမ်း လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

မှောင်ခို တင်သွင်းမှုများ ရှိနေခြင်းကြောင့် ဒီဇင်ဘာလ ပထမပတ်မှစ၍ ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါအသင်း တွဲဖက် အတွင်းရေးမှူး ဦးထွန်းလှအောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ One Stop Service ရောင်းချခြင်းတွင် ယခင်က C grade၊ D grade အဆင့်ရှိ အဆင့်နိမ့် ကျောက်မျက်ရတနာနှင့် ကျောက်စိမ်း တို့ကို ရောင်းချစေရာမှ ယခုမှ အရည်အသွေးမြင့် ကျောက် များ ရောင်းချစေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“မှောင်ခိုတွေ ပို့နေမယ့် အတူတူ ဒေါ်လာနဲ့ အခွန်ဆောင်ပြီး တရားဝင် ခွင့်ပြုလိုက်တယ်။ ဒီလိုမလုပ်လည်း တရားမဝင် ပို့နေတာပဲ။ တရားဝင် တင်ပို့ခွင့် ပေးလိုက်တော့ နိုင်ငံတော်လည်း အခွန်ရတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံမှ ကျောက်မျက် ရတနာနှင့် ကျောက်စိမ်းကို အဓိက ဝယ်ယူလျက်ရှိသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ကျောက်မျက်၊ ကျောက်စိမ်း တင်ပို့မှုများမှာ ယခင်က မြန်မာငွေဖြင့်သာ အခွန်ဆောင် ရာမှ ဒေါ်လာသို့ ပြောင်းလဲ အခွန်ပေးဆောင် ရကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာနှင့် ကျောက်စိမ်း လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

မူဆယ်လမ်းကြောင်းမှ ကျောက်မျက် ရတနာနှင့် ကျောက်စိမ်း တရားဝင် တင်ပို့ရောင်းချခြင်းမှ နိုင်ငံတော်သို့ ကျပ်သန်းပေါင်း ၄၀၀၀ ကျော် အခွန်ဆောင်ပြီး ဖြစ်ကြောင်း အဆိုပါအသင်း၏ ကြေညာချက်အရ သိရသည်။

လတ်တလော ကျောက်မျက် ရတနာနှင့် ကျောက်စိမ်း ဈေးကွက်အတွင်း အရည်အသွေး နိမ့်ကျောက်များသာ အရောင်းအဝယ် အနည်းငယ်ဖြစ်လျက် ရှိပြီး ကျန်ဈေးမြင့် ကျောက်များမှာ ပုံမှန်အတိုင်းသာ ဖြစ်ကြောင်း ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး ကျောက်မျက်၊ ကျောက်စိမ်း ဈေးကွက် အတွင်းထံမှ သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U