Related Posts Plugin for WordPress, Blogger...

Friday, December 20, 2013

မန္တလေးမြို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ကျဆင်းပြီး အအေးဒဏ် သိသိသာသာ ခံစားနေရ



ဒီဇင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက မန္တလေးမြို့မြင်ကွင်းကို မန္တလေးတောင်ပေါ်မှ မြင်တွေ့ရစဉ်

မန္တလေးမြို့၏ အပူချိန်မှာ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်အောက်သို့ ရောက်ရှိနေပြီး အအေးဒဏ်ကို သိသိသာသာခံစားနေရကြောင်း သိရသည်။

မန္တလေးမြို့၏ အပူချိန်များသည် ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ ရုတ်တရက်သိသာစွာကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ၁၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ရာ ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်ဖြစ်သော ၁၄ ဒဿမ ၉
ဒီဂရီစင်တီဂရိတ်အောက်ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်) မှတ်တမ်းများအရ သိရသည်။

" ဒီဇင်ဘာ ၁၅ ရက်က ၁၇ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ၁၆ ရက်မှာ ၁၃ ဒီဂရီ စင်တီဂရိတ်အထိ ရုတ်တရက်ကျသွားတယ်။ အဲဒီကနေ ဆက်တိုက်ကျလာပြီး ဒီဇင်ဘာ ၁၈ ရက်မှာ ၁၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ် အထိကျဆင်းသွားတယ်။ ဒီနေ့အပူချိန်အနည်းငယ်ပြန်တက်လာပေမယ့် မန္တလေးမြို့ ဒီဇင်ဘာလရဲ့ပျမ်းမျှအပူချိန်အောက်မှာပဲ ရှိနေပါသေးတယ်။ အနိမ့်ဆုံးစံချိန်တင်ထားတဲ့အပူချိန်ထိတော့ မရောက်သေးပါဘူး " ဟု မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

" ဆီးဂိမ်းဘောလုံးကွင်းမှာ တာဝန်ကျတဲ့ ရဲဝန်ထမ်းတစ်ယောက် ညဂျူတီအပြီး မနက်ရောက်တော့ လေဖြတ်သလိုမျိုးအကြောတွေကပ်သွားတယ်။ ရာသီဥတုကအရမ်းအေးတာကြောင့် တစ်ညလုံးဂျူတီစောင့်ရပြီး ခုလိုဖြစ်ရတာပါ။ အအေးဓာတ်က တော်တော်လေးသိသာတယ် " ဟု တိုင်းရဲတပ်ဖွဲ့ရုံး မှ ဒုတိယရဲမှူးကြီးဇော်မင်းဦးက ဆိုသည်။



ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက မန်းလေးမြို့ တောင်ရွာသစ်ရပ်ကွက်အတွင်းရှိ မီးကင်းတစ်ခုတွင် ၀ိုင်းဖွဲ့မီးလှုံနေသည်ကို တွေ့ရစဉ်

ယခုကဲ့သို့ အပူချိန်များလျော့ကျ၍ အအေးပိုခြင်းမှာ တစ်နိုင်ငံလုံးတွင်ဖြစ်ပေါ်လျက်ရှိပြီး ခန့်မှန်းချက်အရ နောက်ထပ်သုံးရက်ခန့်အထိ အပူချိန်ကျဆင်းနိုင်ကြောင်း သိရသည်။ မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း၌ အနိမ့်ဆုံးဖြစ်ပေါ်ခဲ့သော အပူချိန်မှာ ၁၃ ဒဿ မ ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သောကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါကအအေးပိုကြောင်း၊ မန္တလေးမြို့၏ စံချိန်တင်အနိမ့်ဆုံး အပူချိန်မှာ ၆ ဒဿမ ၇ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး ၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေးအနီးဝန်းကျင်ဒေသများတွင်လည်း အပူချိန်များ သိသာစွာကျဆင်း၍ အအေးဒဏ်ကိုသိသာစွာခံစားရလျက်ရှိပြီး ပြင်ဦးလွင်တွင် ဒီဇင်ဘာလ ၁၈ ရက်က ၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အထိကျဆင်းခဲ့ကြောင်း သိရသည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U