Related Posts Plugin for WordPress, Blogger...

Friday, December 20, 2013

တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒပြသူတစ်ဦး ရဲစခန်းတွင် လာရောက် အဖမ်းခံ




တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒထုတ်ဖော် ခဲ့သူများတွင် ပါဝင်ခဲ့ပြီး တရားစွဲဆို ခံရမှုကြောင့် ထွက်ပြေး တိမ်းရှောင်နေသူ Genera- tion Youth အဖွဲ့မှ ဦးစည်သူသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ဒဂုံမြို့နယ် ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်သည့် သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွင်းခြင်းနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၉ ရက်နေ့က တက်ကြွ လှုပ်ရှားသူ ၅၀ ခန့် ဆူးလေဘုရားမှ တရုတ်သံရုံးရှေ့ထိ ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ် ဖော်သူ လေးဦးကို ဒဂုံမြို့နယ် ရဲစခန်းက နိုင်ငံတော် အေးချမ်းသာယာရေး နှောင့်ယှက် ဖျက်ဆီးမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါ တရားစွဲဆိုခံရသူ လေးဦးအနက် ဒေါ်နော်အုန်းလှနှင့် ဦးတင်ထွဋ်ပိုင် တို့ကို ဒီဇင်ဘာလ ၃ ရက်နေ့ ကတည်းက ဖမ်းဆီးခဲ့သော်လည်း ဦးစည်သူနှင့် နောက်တစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေ ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဦးစည်သူက ဒဂုံမြို့နယ် ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့သော် မည်သည့် အကြောင်းကြောင့် လာရောက် အဖမ်းခံသည်ကို အဆိုပါ မြို့နယ် ရဲစခန်း တာဝန်ကျရဲ အရာရှိက ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလံမီးရှို့ ဆန္ဒပြခဲ့သောကြောင့် နိုင်ငံတော် အေးချမ်းသာယာရေး နှောင့်ယှက် ဖျက်ဆီးမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသူ ဦးအောင်စိုးမှာ ထွက်ပြေး လွတ်မြောက် နေသေးကြောင်း ဒဂုံမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ တရုတ်နိုင်ငံအလံ မီးရှို့ ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ ခံထားရသူ ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က အမှုဟောင်း တစ်ခုဖြင့် ဒဂုံမြို့နယ် တရားရုံးက ထပ်မံ တရားစွဲဆို ထားကြောင်း ဒေါ်နော်အုန်းလှ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U