Related Posts Plugin for WordPress, Blogger...

Thursday, January 16, 2014

မြန်မာသံရုံးဗုံးခွဲရန် စီစဉ်မှုတွင် ပါဝင်ခဲ့သူ တစ်ဦးကို အင်ဒိုနီးရှားက ထောင်ဒဏ်ခြောက်နှစ်ချမှတ်




၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ဂျကာတာရှိ တရားရုံး၌ ရှေ့နေနှင့် စကားပြောနေသော ရိုဟာဒီ (၀ဲ) ကို တွေ့ရစဉ် (Photo:AFP)


အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ မြန်မာသံရုံးအား မေလအတွင်းက ဗုံးခွဲရန် စီစဉ်ခဲ့သူတစ်ဦးကို ဇန်န၀ါရီ ၁၃ ရက်က ထောင်ဒဏ်ခြောက်နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ရိုဟာဒီခေါ် ရှီရိုဆိုသူအား သံရုံးဗုံးခွဲရန် ကြိုးပမ်းမှု၊ သံရုံးရှေ့တွင် ဖောက်ခွဲမည့် ပစ္စည်းများအား ပိုင်ဆိုင်မှုတို့ဖြင့် ဂျကာတာတောင်ပိုင်းခရိုင် တရားရုံးက ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ် လိုက်ခြင်းဖြစ်ကြောင်း အဆိုပါတရားခွင်သို့ တက်ရောက်ခဲ့သည့် အစိုးရရှေ့နေက ပြောကြားခဲ့သည်။

ရိုဟာဒီသည် ပိုက်ဗုံးများကို ၎င်း၏နေအိမ်တွင် သုံးရက်ခန့် သိမ်းဆည်းထားခဲ့ပြီးနောက် အက္ကမက်တူဖစ်ဆိုသူကို လွှဲပြောင်းပေးလိုက်သည်။ အက္ကမက်တူဖစ်ကိုလည်း အဆိုပါအမှုဖြင့် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ထောင်ဒဏ်ခြောက်နှစ်ခွဲ ချမှတ်လိုက်ကြောင်း သိရသည်။

ဗုံးဖောက်ခွဲမှု မပြုလုပ်မီညတွင် ရဲများက ၎င်းတို့အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ရိုဟာဒီသည် ၎င်းတို့အဖွဲ့မှ အခြားသူများနှင့်အတူ ဗုံးတပ်ဆင်ရေး သင်တန်းကို တက်ရောက်ထားသူ တစ်ဦးဖြစ်ကြောင်း တရားရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်း၏လုပ်ရပ်သည် လုံခြုံမှုရှိသော နိုင်ငံတစ်ခုအဖြစ် ကျော်ကြားသည့် အင်ဒိုနီးရှားနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေပြီး နိုင်ငံ၏ အကြမ်းဖက်နှိမ်နင်းမှု လုပ်ငန်းများကို အနှောင့်အယှက် ဖြစ်စေကြောင်း တရားသူကြီးများက ပြောကြားခဲ့သည်။

အနောက်နိုင်ငံသားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အစ္စလာမ္မစ် အစွန်းရောက်များအား အင်ဒိုနီးရှားတွင် နှိမ်နင်းခဲ့ရာ အန္တရာယ် အရှိဆုံးသော အကြမ်းဖက် ကွန်ရက်များကို ရှင်းလင်းနိုင်ခဲ့သည်။

အသက် ၂၃ နှစ်အရွယ် ဆီဂစ်အင်ဒရာဂျစ်ကလည်း သံရုံးဗုံးခွဲရန် စီစဉ်မှုတွင် ပါဝင်ခဲ့ကြောင်း ဒီဇင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည့် တရားခွင်အတွင်း ၀န်ခံထားပြီး ၎င်းအားယခုလကုန်ပိုင်းတွင် စီရင်ချက်ချမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U