Related Posts Plugin for WordPress, Blogger...

Thursday, January 16, 2014

ဆီးရီးယား ပြည်တွင်းစစ်ဂယက်ကြောင့် ဂျော်ဒန်တွင် သေနတ်ဈေးနှုန်းများ ၁၀ ဆထိုးတက်


ဇန်န၀ါရီ ၉ ရက်တွင် ဂျော်ဒန်မြို့တော် အမ္မန်မြို့ရှိ သေနတ်ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားသော အမျိုးသားတစ်ဦး (Photo:AFP)


အိမ်နီးချင်း ဆီးရီးယားနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစတင်ပြီး နိုင်ငံရေး ပဋိပက္ခမှတစ်ဆင့် ပြည်တွင်းစစ်သို့ ဆင်းသက်ခဲ့ပြီးနောက်ပိုင်း ဂျော်ဒန်၌ သေနတ်ဈေးနှုန်းမှာ ၁၀ ဆထိုးတက်ခဲ့ကြောင်း သိရသည်။ သို့သော် ဆီးရီးယား ပြည်တွင်းစစ်ဂယက်မှ အကြမ်းဖက်တိုက်ခတ်မှုသည် နိုင်ငံသို့ ကူးစက်လာပါက ခုခံကာကွယ်ရန်အတွက် ရည်ရွယ်ပြီး သေနတ်ဝယ်သူ အရေအတွက်မှာ သေနတ်ဈေး ထိုးတက်ခဲ့သော်လည်း ယခင်ထက် မြင့်တက်ခဲ့ကြောင်း သိရသည်။

လူခုနစ်သန်းခန့် နေထိုင်သော ဘုရင်အုပ်ချုပ်သည့် ဂျော်ဒန်တွင် မှတ်ပုံတင်ထားသော သေနတ်အလက် ၁၂၀၀၀၀ ရှိသော်လည်း မှတ်ပုံမတင်ထားသောသေနတ် တစ်သန်းကျော်ရှိသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ခဲ့သည်။ ဂျော်ဒန်ပြည်သူ ၂၅ ရာခိုင်နှုန်းသည် တရားဝင် သို့မဟုတ် တရားမ၀င်နည်းဖြင့် သေနတ်ပိုင်ဆိုင်ကြောင်း Jordanian Society for Political Sciences ၏ လေ့လာမှုအရ သိရသည်။

ဂျော်ဒန်သည် ဆီးရီးယားဒုက္ခသည် ၅၀၀၀၀၀ ကျော် လက်ခံထားပြီး အများစုကို နိုင်ငံမြောက်ပိုင်းတွင် နေရာချထားပေးခဲ့ကြောင်း သိရသည်။ ယင်းနေရာများ၌ နေထိုင်သော ဂျော်ဒန်ပြည်သူများက မိမိတို့မှာ လူနည်းစု အခြေအနေနီးပါးသို့ ရောက်ရှိနေခြင်းအတွက် စိတ်ပျက်ဒေါသထွက်နေကြကြောင်း သိရသည်။ ယင်းဒုက္ခသည်များကြောင့် နိုင်ငံ၏ ရှားပါးသော သယံဇာတ ရင်းမြစ်များအပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်စေပြီး အလုပ်အကိုင် ရရှိနိုင်ရေးအတွက်လည်း ယှဉ်ပြိုင်နေရခြင်းကြောင့် နိုင်ငံသားအချို့က ထပ်တလဲလဲ ပြစ်တင်ပြောကြား ခဲ့သကဲ့သို့ အချို့ကလည်း ဆီးရီးယားရှိ အစ္စလာမ္မစ် သြဇာမြင့်တက်လာမှုအပေါ် ကြောက်ရွံ့ထိတ်လန့်နေကြောင်း သိရသည်။

ဆီးရီးယားပြည်တွင်းစစ် ပဋိပက္ခကြောင့် ဂျော်ဒန်ပြည်သူများက မလုံခြုံသလို ခံစားနေရကြောင်း၊ လုံခြုံရေး အဖွဲ့အစည်းများက ၎င်းတို့မျှော်မှန်းထားသည့် အခြေအနေကို ဖြည့်ဆည်းနိုင်မည်ဟု မယူဆသဖြင့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် သေနတ်များ ၀ယ်ယူနေခြင်းဖြစ်ကြောင်း ဂျော်ဒန်တက္ကသိုလ်မှ လူမှုသိပ္ပံပါမောက္ခ ဆီရီနက်ဆာက သုံးသပ်ခဲ့သည်။

ဖောက်သည်အများစုသည် မောင်းပြန်သေနတ်များကိုသာ အဓိက၀ယ်ယူကြသည်ဟု ၁၉၆၀ ပြည့်နှစ်လွန်နှောင်းပိုင်း သေနတ်ရောင်းဝယ်မှု လုပ်လာခဲ့သော အသက် ၆၈ နှစ်ရှိ လက်နက်ကုန်သည် အဘူဆမ်မန်က ပြောကြားခဲ့သည်။ လက်နက်အချို့၏ ဈေးနှုန်းများမှာ ၁၀ ဆထိုးတက်ခဲ့ပြီး ဘယ်လ်ဂျီယမ်လုပ် M9 Browning ပစ္စတိုသေနတ်ဈေးနှုန်းမှာ ဂျော်ဒန်ဒိုင်နာ ၂၀၀ (အမေရိကန်ဒေါ်လာ ၂၈၂ ဒေါ်လာ) မှ ဒိုင်နာ ၁၈၀၀ အထိ၊ စပိန်လုပ် Star M9 ပစ္စတိုဈေးနှုန်းမှာ ဒိုင်နာ ၂၀၀ မှ ဒိုင်နာ ၂၀၀၀ အထိ၊ အီတလီလုပ် M7 Beretta ပစ္စတိုဈေးနှုန်းမှာ ဒိုင်နာ ၁၂၀ မှ ဒိုင်နာ ၁၀၀၀ အထိ အဆမတန် မြင့်တက်ခဲ့သည်ဟု ၎င်းကပြောကြားခဲ့သည်။

ဂျော်ဒန်တွင် လိုင်စင်ဖြင့် သေနတ်ရောင်းချသော ဆိုင် ၉၅ ဆိုင်ရှိသော်လည်း လတ်တလောတွင် လက်နက်မှောင်ခိုကူးမှု မြင့်တက်နေသဖြင့် လက်နက်ကုန်သည် အရေအတွက်ကို အတိအကျ ခန့်မှန်းရန် ခက်ခဲကြောင်း လုံခြုံရေး သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

ဂျော်ဒန်တွင် လက်နက်ကိုင်ဆောင်မှု မြင့်တက်လာမှုအပေါ် စိုးရိမ်သဖြင့် အစိုးရသည် လက်နက်ရောင်းချသည့်ဆိုင် လိုင်စင်သစ်ထုတ်ပေးခြင်းနှင့် လက်နက်ဝယ်ယူ ကိုင်ဆောင်ခွင့် လိုင်စင်တိုးပေးခြင်းတို့ကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U