Related Posts Plugin for WordPress, Blogger...

Saturday, January 18, 2014

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ၂၀၁၅ အလွန် အာဆီယံ မျှော်မှန်းချက်များ အကောင်အထည် ဖော်ရေးကိစ္စနှင့် ဒေသတွင်း ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို အဓိကထားဆွေးနွေး


ဇန်န၀ါရီ ၁၇ က ပုဂံတွင် ပြုလုပ်သော အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)


၂ဝ၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံမှ တာဝန်ယူပြီးနောက် ပထမဆုံး ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ၂ဝ၁၅ ခုနှစ်အမီ အာဆီယံ အသိုက်အမြုံ တည်ဆောက်နိုင်ရေး၊ ၂ဝ၁၅ အလွန် ရည်မှန်းချက် ချမှတ်နိုင်ရေးနှင့် ဒေသတွင်း ပြဿနာများ ငြိမ်းချမ်းစွာ ဖြေရှင်းရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် အာဆီယံအနေဖြင့် အရေးကြီးသည့် အချိန်အခါသို့ ရောက်ရှိနေပြီး ယမန်နှစ်က ဘရူနိုင်းနိုင်ငံမှ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်များ ဖော်ဆောင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အသိုက်အမြုံ တည်ဆောက် နိုင်ရန်အတွက် ဆက်လက် လုပ်ဆောင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ၂ဝ၁၅ ခုနှစ်အမီ အဆုံးသတ်ခြင်းအပြင် ၂ဝ၁၅ အလွန် မျှော်မှန်းချက် တစ်ခုချမှတ်ရန် လိုအပ်နေသည်။

“အာဆီယံအသိုက်အမြုံ တည်ဆောက်ရေးဟာ အာဆီယံအတွက် အလွန်အရေးကြီးတဲ့ အနေအထားကို ရောက်ရှိလာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံအသိုက်အမြုံ တည်ထောင်ဖို့ သတ်မှတ်ချိန်ကို လျင်လျင်မြန်မြန် ရောက်ရှိလာ နေလို့ပါပဲ။ အာဆီယံ အသိုက်အမြုံ ဖော်ဆောင်မှု ပြန်လည်သုံးသပ်ချက်အရ ကျွန်တော်တို့ အနေနဲ့ တစ်ချို့သော လုပ်ငန်းစဉ်တွေကို ရှင်းရှင်းလင်းလင်း သိမြင်အောင်ခွဲခြားပြီး အာဆီယံမဏ္ဍိုင် သုံးရပ်ဆီကို တာဝန်ဝတ္တရားတွေ ခွဲအပ်ပေးဖို့ လိုအပ်နေကြောင်း သိမြင်နိုင်ပါတယ်”ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက ၂ဝ၁၅ အလွန် မျှော်မှန်းချက် ချမှတ်နိုင်ရေး အတွက်လည်း ဘရူနိုင်းနိုင်ငံမှ ကနဦး လုပ်ငန်းစဉ်များကို စတင်ဖော်ဆောင် ခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များကို သတ်မှတ်ပြီးပါက အဆိုပါ ရည်မှန်းချက်အတွက် မြန်မာနိုင်ငံမှ စတင်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် အလုပ်အဖွဲ့များ ဖွဲ့စည်းခြင်းဖြင့် သက်ဆိုင်ရာ မဏ္ဍိုင်၏ ၂ဝ၁၅ အလွန် မျှော်မှန်းချက် ချမှတ်နိုင်ရေး ကြိုးပမ်းချက်ကို အထောက်အကူပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

“ဒီအချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ နောင်နှစ်အာဆီယံဥက္ကဋ္ဌ ဖြစ်လာမယ့် မလေးရှားနိုင်ငံနဲ့ အနီးကပ် ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌ ရာထူးသက်တမ်း အတွင်းမှာ (၂ဝ၁၅ အလွန် မျှော်မှန်းချက် ချမှတ်နိုင်ဖို့) နေပြည်တော် ကြေညာစာတမ်း ထုတ်ပြန်နိုင်ဖို့အတွက် ကနဦး လုပ်ဆောင်မှုတွေကို ဆောင်ရွက်မှာပါ”ဟု မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။

အာဆီယံအနေဖြင့် ဒေသတွင်း ပြဿနာများကို အဖွဲ့ဝင်နိုင်ငံ အားလုံး၏ သဘောတူညီချက်ဖြင့် ဖြေရှင်းမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ဘက်မလိုက်သည့် လမ်းစဉ်ကို ကိုင်စွဲကာ သက်ဆိုင်သူအားလုံး ကျေနပ်မည့် နည်းလမ်းများဖြင့် ဖြေရှင်းသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ၂ဝ၁၃ ခုနှစ်က ဘရူနိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှ ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်များကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံအဆင့်မြင့် လုပ်ငန်းအဖွဲ့ အနေဖြင့်လည်း ၎င်း၏လုပ်ငန်း တာဝန်များကို တတ်နိုင်သမျှ လျင်မြန်စွာ လုပ်ဆောင်သင့်ကြောင်း၊ အဆိုပါ လုပ်ငန်းအဖွဲ့အတွက် ကိုယ်စားလှယ် အဆိုတင်သွင်းရန် ကျန်ရှိနေသည့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း တတ်နိုင်သမျှ လျင်မြန်စွာ အဆိုတင်သွင်းရန် တိုက်တွန်းပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံအဆင့်မြင့် လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပရန် အဆင်သင့် အနေအထားတွင် ရှိနေကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အာဆီယံ ဥက္ကဋ္ဌသက်တမ်း အတွင်းမှာ အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေး၊ ၂ဝ၁၅ အလွန် မျှော်မှန်းချက် ချမှတ်နိုင်ရေးအပြင် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများကို မြှင့်တင်ပေးပြီး ၂၁ ရာစုအတွက် အာဆီယံရဲ့ အဓိက စီးပွားရေးဖွံ့ဖြိုးမှု အထောက်အပံ့ ဖြစ်လာဖို့၊ အဖွဲ့ဝင် နိုင်ငံတွေအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်တွေကို ကျဉ်းမြောင်းအောင် လုပ်ဆောင်ဖို့၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုတွေမြှင့်တင်ဖို့၊ သက်ကြီးလူဦးရေ များပြားလာမှုကို ဖြေရှင်းဖို့၊ သဘာဝဘေးအန္တရာယ်နဲ့ အကျပ်အတည်းများကို ခံနိုင်ရည်ရှိမှုမြှင့်တင်ဖို့၊ အာဆီယံပြင်ပ နိုင်ငံများနဲ့ ဆက်ဆံရေးတိုးမြှင့်ရာမှာ မျှတပြီး ဘက်မလိုက်တဲ့ မူဝါဒကျင့်သုံးဖို့နဲ့ အာဆီယံ အနေနဲ့ ရရှိနိုင်မယ့် ရလဒ်တွေကို ကြိုတင်တွက်ဆ ထားဖို့တွေကို လုပ်ဆောင်မှာပါ”ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အာဆီယံ၏ လက်စွဲဆောင်ပုဒ်ဖြစ်သည့် “One Vision, One Identity, One Community” အတိုင်း လက်တွေ့ ဖော်ဆောင်ရန်အတွက် မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ ဆောင်ပုဒ်မှာ “ငြိမ်းချမ်းဝေစီ သိုက်ဝန်းဆီ၊ လက်တွဲတူညီ ရှေ့သို့ချီ”ဟု ချမှတ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ငြိမ်းချမ်းပြီး ညီညွတ်သည့် အသိုက်အမြုံတစ်ခု တည်ဆောက်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခု ထူထောင်ရေးသည် အရေးကြီးသည်။ ထို့ကြောင့် အဖွဲ့ဝင်များ ကြားသည်းခံမှု တိုးမြှင့်ရန် လုပ်ဆောင်ရမည်ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံအတွက် နည်းဗျူဟာအရ အရေးကြီးသည့် အချက်များကို လေ့လာသုံးသပ်ရန်၊ ၂ဝ၁၄ ခုနှစ်တွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရန်၊ လက်ရှိဖြစ်ပေါ်နေသည့် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများကို ပြန်လည်သုံးသပ်ရန်နှင့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် (၂၃)ကြိမ်မြောက် အာဆီယံ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ဆက်လက် အကောင်အထည်ဖော်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U