Related Posts Plugin for WordPress, Blogger...

Sunday, January 26, 2014

ကာမလိမ်လည်ပေါင်းသင်းသဖြင့် ကာယကံရှင်အမျိုးသမီးမှ တရားစွဲ၍နစ်နာကြေးတောင်းမည်







မော်လိုက်မြို့၊ ခမရ(၃၆၅)တွင် လက်ရှိ တာဝန်ကျနေသော ဗိုလ်ကြီးမျိုးမင်းဟန်ဆိုသူသည် ရှမ်းပြည်နယ်၊ မိုင်းမောမြို့တွင် တာဝန်ကျစဉ်က အလယ်တန်းပြ ဆရာမဖြစ်သူ မ…….ကို ပေါင်းသင်းနေထိုင်ပြီး လက်မထပ်သဖြင့် ကာယကံရှင်မှကာမလိမ်လည်မှုဖြင့် တရားစွဲကာ နစ်နာကြေးတောင်းမည်ဟု သိရသည်။
“သူနဲ့ကျွန်မ ၂၀၁၂ ခုနှစ်၊ ဇန္န၀ါရီ(၂)ရက်နေ့က စတွေ့ပြီး မေတ္တာမျှခဲ့ကြပါတယ်။ မေတ္တာမျှနေစဉ်ကာလအတွင်း သူ့လိုအပ်ချက်မှန်သမျှ ကျွန်မဘက်က လိုက်လျောခဲ့ရပါတယ်။ ကျွန်မတို့် ပေါင်းသင်းပြီး (၄)လအကြာမှာ ကိုယ်ဝန် ကပ်ပါတယ်။ သူက ကိုယ်ဝန်ကို ဖျက်ချခိုင်းလို့ ဖျက်ခဲ့ရပါတယ်။ ၂၀၁၃၊ဖေဖော်ဝါရီ(၂၂)ရက်နေ့မှာတော့ တပ်ရင်းကို ပြန်ရဦးမယ်။ တပ်ရင်းကပြန်ရင် လက်ထပ်ပေါင်းသင်းယူမယ်လို့ ပြောခဲ့ပါတယ်။ အခု ပြန်ရောက်မလာလို့ စုံးစမ်းပြီးသူတာဝန်ကျတဲ့ မော်လိုက်မြို့အထိ လိုက်လာတာပါ။ သူက အခု ကလေးမြို့၊ စကက(၁၀) ကြက်ခြံမှာ ရှိနေတယ်လို့
ပြောပါတယ်။ အခု လူချင်းတွေ့တော့ ကျွန်မကို လက်မထပ်နိုင်ကြောင်း ပြောပါတယ်။ သူ့မိသားစုကလည်း ကျွန်မကို
အမျိုးမျိုး ခြိမ်းခြောက် စွပ်စွဲပြောဆိုတာ ခံနေရပါတယ်” ဟု ကာယကံရှင်က ပြောသည်။

ကာယကံရှင် အမျိုးသမီးနှင့်ဗိုလ်ကြီးမျိုးမင်းဟန်တို့သည် အထက်ချင်းတွင်းဒေသလူငယ်များ ကွန်ယက်ရှေ့တွင် လူချင်းတွေ့ ညှိနှိုင်းစဉ် ကာယကံအမျိုးသမီးမှ နစ်နာကြေးငွေ သိန်းသုံးဆယ် တောင်းခံကြောင်း၊ ဗိုလ်ကြီးမျိုးမင်းဟန်က ငွေငါးသိန်းကို အရင်ပေးပြီး နောက်မှ သူ့လစာထဲက တစ်သိန်းစီ ပေးမည်ဟု ပြောခဲ့သော်လည်း နောက်ပိုင်းတွင် သူတာဝန် မယူနိုင်ကြောင်း ဖုန်းဖြင့်မက်ဆေ့ခ်ျပေးပို့လာသည်ဟု အထက်ချင်းတွင်း ကွန်ယက်မှ ကိုကျော်သက်ဝင်းက ပြောသည်။

ရှမ်းပြည်နယ်၊ မိုင်းမောမြို့မှ ကလေးမြို့သို့ ရောက်ရှိနေသည့် ကာယကံရှင် အမျိုးသမီးသည် ဗိုလ်ကြီးမျိုးမင်းဟန်ကို
တရားစွဲဆိုနိုင်ရေးအတွက် ကလေးမြို့ရှိ အထက်ချင်းတွင်း ဒေသလူငယ်များကွန်ယက်နှင့် ရှစ်လေးလုံးအင်အားစု (ကလေးမြို့)ထံ သွားရောက်အကူအညီ တောင်းခံကြောင်း၊ ရှစ်လေးလုံး အင်အားစု(ကလေးမြို့)မှလည်း တရားဥပဒေ ဘောင်အတွင်းမှ အရေးယူနိုင်ရေးအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကာယကံရှင်ဆရာမရဲ့ တိုင်တန်းချက်၊ ထွက်ဆိုချက်တွေကို မှတ်တမ်းရယူထားပါတယ်။ နှစ်ဖက်ညှိနှိုင်းရေး ပြေလည် နိုင်ရန် အလို့ငှာ စကက(၁၀)မှာရှိနေတဲ့ ဗိုလ်ကြီးမျိုးမင်းဟန်ဆီကို နို့တစ်စာ ပေးပို့ပေးပို့ပါမယ်။ နို့တစ်စာပေးလို့မှတစ်ပတ်အတွင်း လာရောက်တွေ့ဆုံ မဖြေရှင်းဘူးဆိုရင် တည်ဆဲပြစ်မှုဆိုင်ရာ ဥပဒေအရ တရားစွဲဆိုနိုင်ဖို့ အကူညီ ပေးသွားပါမယ်”ဟု ရှစ်လေးလုံးအင်အားစု(ကလေး)မှ ရှေ့နေဦးအေးမြင့်က ပြောသည်။

ကာယကံရှင် ကျောင်းဆရာမသည် ရှမ်းပြည်နယ်မှ ဖြစ်သည့်အတွက် တရားဥပဒေအရ တရားစွဲဆိုလိုပါက အခင်း ဖြစ်ပွားခဲ့သည့် ဟိုပန်မြို့တွင်သော်လည်းကောင်း၊ ဗိုလ်ကြီးမျိုးမင်းဟန်ရှိရာ ကလေးမြို့တွင်သော်လည်းကောင်း တရားရင်ဆိုင်နိုင်ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U