Related Posts Plugin for WordPress, Blogger...

Wednesday, January 1, 2014

Last Post on Male Masturbation





သည်ဘလော့(ဂ်)မှာ အသစ် မတင်ဖြစ်တာ ကြာပါပြီ။ မတင်ဖြစ်ဆို မအားတာက တစ်ကြောင်းပေါ့။ နောက်တစ်ကြောင်းကတော့ ဘာလိုအပ်တယ်၊ ဘာတင်ရမယ်ဆိုတာ မသိလို့ပါ။ တချို့ဟာတွေက အပ်ကြောင်း ထပ်နေပါပြီ။ မေးလာတဲ့ တချို့မေးခွန်းတွေကလည်း အပ်ကြောင်းထပ်တွေကိုပဲ ပြန်ပြန်မေးတော့ ဘာမှ မထူးပါဘူး။ သည်မနက်ပဲ “တစ်ကိုယ်ရေ အာသာ ဖြေခြင်း” နဲ့ “အန္တရာယ် အကင်းဆုံး လိင်စိတ် ဖြေဖျောက်နည်း”ဆိုတဲ့ နှစ်ပုဒ်အောက်မှာ တစ်ယောက်တည်းကပဲ တစ်ထပ်တည်း ဆင်တူတဲ့ မေးခွန်းကို မေးလာပါတာ တွေ့ရတယ်။
ကြိုပြောလိုက်ပါရစေ။ ကျွန်တော် တော်တော် စိတ်ပေါက်သွားတဲ့ မေးခွန်းမို့ ခပ်ရွဲ့ရွဲ့လေးပဲ ဖြေပေးပါ့မယ်။
တစ်ကိုယ်ရေ အာသာဖြေတဲ့အခါ အားကုန်မှာစိုးလို့ရယ်၊ မျက်ကွင်းချောင်မှာ စိုးလို့ရယ် လိင်တံကို ညှစ်ထားတာ အန္တရာယ်ရှိလားတဲ့။ သည်လောက် ရေးပြနေတာကိုပဲ အားကုန်တွေ၊ မျက်ကွင်းချောင်တွေ ပြောနေတော့ ဘာပြောရမှန်း မသိဘူး။ မြန်မာစာ ဖတ်တတ်ရဲ့လားဗျာလို့ မေးလိုက်ရင်လည်း သည်လူကြီးက ခွတိုက်တယ် ဖြစ်ပြန်ဦးမယ်။ တော်တော် စိတ်ပျက်စရာ ကောင်းလှပါတယ်။
ဒါဖြစ်ချင်လို့ လုပ်ပါတယ်။ ပြီးတော့ ဒါမဖြစ်အောင် ညှစ်ထားသေးတယ်လည်းဆိုပြန်တော့ နောက်တစ်မျိုး စိတ်ပျက်ရပြန်တယ်။ အဲဒါကျတော့ နောက်မထွက်အောင် အရင်းကသာ ဖြတ်ပစ်ထားလိုက်ပါဗျာလို့သာ ပြောချင်တော့တယ်။ ဟုတ်ပါ့ဗျာ။ ဘာတွေမှန်းကို မသိဘူး။ ကျွန်တော်လောက် ပြောပြပေးနေတာလည်း မရှိဘူး။ တစ်ကိုယ်ရေ အာသာဖြေတာဟာ ဘာအန္တရာယ်မှ မရှိပါဘူးလို့ ပြောရတာလည်း အာပေါက်တော့မယ်။ အဲဒါကိုပဲ ယုံတမ်းစကားတွေနဲ့ တောင်လုပ် မြောက်လုပ်။ အဲဒါတွေ ယုံကြရင်လည်း ကျွန်တော့်ဆီ ဘာလို့ လာဖတ်နေကြသေးလဲလို့ မေးရင် သည်လူကြီးက ခွတိုက်တယ် ဖြစ်ပြန်ဦးမယ်။ တော်တော် စိတ်ပျက်စရာ ကောင်းလှပါတယ်။
အဲလို ညှစ်ထားလိုက်တော့ အပြင်တော့ ချက်ချင်း ထွက်မလာသေးဘူးပေါ့။ ဒါပေမယ့် လှုံ့ဆော်ထားလို့ သက်ဆိုင်ရာ သုက်လွှတ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဆီက ထွက်လာပြီး ဆီးလမ်းကြောင်းအထိ ရောက်လာပါပြီ။ အဲဒါကိုမှ မထွက်အောင် ညှစ်ထားတော့ တော်တော် ထူးမှာပေါ့။ နောက်တစ်ခါဆို ဗူးဆို့ရှာပြီး ဆို့ထားလို့သာ မှာလိုက်ချင်တော့တယ်။ အဟုတ်ပါဗျာ။ ဘယ်လို တားထားထား ထွက်ပြီးတဲ့ ဆင်စွယ် ၀င်တယ် မရှိသလို အဲလောက် ရောက်ပြီးမှတော့ ညှစ်ထားလို့ မထွက်ရင်သာ ရှိမယ်၊ နောက်တော့လည်း ဆီးသွားရင်းနဲ့ ဖြစ်စေ၊ ကိုယ်မသိဘဲ ဖြစ်စေ ကိုယ်ခန္ဒာ ပြင်ပကို ရောက်သွားမှာပါပဲ။
လာသေးတယ်။ အာသာဖြေတိုင်း သုက်ကို အပြင်မထုတ်လွှတ်တာ ရောဂါ ရနိုင်ပါသလား တဲ့။ ရောဂါက အစကတည်းက ရနေပါပြီ။ စိတ်ရောဂါ အရင့်စားကြီး ရနေတာပါ။ အာသာတော့ ဖြေမယ်၊ သုက်တော့ အပြင်မလွှတ်ဘူးဆိုတဲ့ သဘာဝ မကျတဲ့ အတွေးအခေါ် ၀င်နေတယ်ဆိုတာ စိတ်ရောဂါပါ။ ကုရာနတ္တိ ဆေးမရှိတော့ဘူးလို့သာ ရွဲ့ရွဲ့လေး ဖြေပေးလိုက်ပါတယ်။
မပြီးသေးဘူး။ ပန်းသေတာတို့ ဖြစ်နိုင်လားဆိုတာလည်း မေးထားတယ်။ သေချာဖြစ်နိုင်တယ်။ မနက်ဖြန် သဘက်ခါတောင် ဖြစ်သွားနိုင်တယ်ဆိုပြီး ထပ်ကို ပြောလိုက်ချင်သေးတယ်။ ဟုတ်တယ်လေ… အလွဲတွေ စွဲနေတဲ့ စိတ်ရောဂါ သည်လောက် ရင့်မာနေမှတော့ ပန်းလည်း သေနိုင်ပြီပေါ့။ ပန်းသေခြင်းရဲ့ ရာခိုင်နှုန်း အတော်များများဟာ စိတ်ကြောင့်ဖြစ်တာပါ။ တခြား ကိုယ်ခန္ဒာပြဿနာတွေကြောင့် ဖြစ်နိုင်သေးပေမယ့် သာမန် ကျန်းမာရေးကောင်းသူ လူငယ် ယောက်ျားတွေ ပန်းသေရခြင်းဟာ စိတ်ကြောင့်ပါပဲ။ အဲတော့ အခုလို အလွဲတွေနဲ့ စိတ်ဖိစီးပြီး ကိုယ့်ဟာကိုယ် ညှစ်နေရသူတစ်ယောက်အတွက် ပန်းသေဖို့ အလားအလာဟာ သာမန် ယောက်ျားတွေထက် အဆ တစ်ရာ ပိုသေချာနေသလို မြန်မြန်ပန်းသေဖို့လည်း သေချာလှတဲ့အကြောင်း သတင်းကောင်း ပါးလိုက်ချင်သဗျို့။
ကိုင်း…
ထပ်ပြောလိုက်ပါရစေ။ မေတ္တာရပ်ခံတာပါ။ ယုံတမ်းစကားတွေကို ခိုင်ခိုင်မာမာ ယုံကြည်ရင် ကျွန်တော့်စာတွေ လာမဖတ်ကြပါနဲ့။ ဘေးပြောတွေနဲ့ ကိုယ့်ဘ၀ကိုယ် ကျေကျေနပ်နပ်နေကြပါ။ မဟုတ်ရင်လည်း ယုံတမ်းစကားတွေ ကိုင်ကိုင်ပြီး လာမမေးကြပါနဲ့။ သတိပေးထားတဲ့ ကြားက မေးလာလို့ ကျွန်တော့်ဘက်က အခုလို ခပ်ရွဲ့ရွဲ့တွေ ပြန်ဖြေရင်လည်း စိတ်မဆိုးကြေးပဲ။
ကိုယ်ပေါင် ကိုယ်လှန်ထောင်းလိုက်ဦးမယ်။ ကျွန်တော် လူပျိုပေါက်တုန်းက တစ်ကိုယ်ရေ အာသာဖြေတာကို အဖေက သိသွားတော့ အားကုန်တာ၊ ပန်းသေတာတွေနဲ့ ခြိမ်းခြောက်တယ်။ ယုံမယ်များ မှတ်သလား။ ဝေးသေး…
ဟုတ်တယ်လေ။ အဖေလည်း အမေ့ယူထားတာပဲ၊ ဒါဆို သူလည်း သုက်လွှတ်နေမှာပဲ။ သူ့ကျတော့ အားလည်း မကုန်၊ ပန်းလည်း မသေဘဲ ကျွန်တော့်ကျမှ အားကုန်မလေး၊ ပန်းသေမလေး လာပြောတာ ယုံစရာလား။ ကျွန်တော့်မှာ ဦးနှောက် ရှိတယ်။ ချင့်ယုံမှာပေါ့။
သည့်ထက် သေချာတဲ့ နည်းရှိသေးတယ်။ သူပြောတော့မှ ခါတိုင်း တစ်နေ့တစ်ခါ အာသာဖြေနေရာက နှစ်ခါ၊ သုံးခါ လုပ်ကြည့်တယ်။ ဘာဖြစ်တုံး၊ ဘာမှ မဖြစ်ပေါင်ဗျာ။ ဘာအားမှလည်း မကုန်ပေါင်ဗျာ။ အေးဆေးပါ။ အဲတော့ သူ့စကား မှားနေမှန်း ကျွန်တော့်ကိုယ်ခန္ဒာက သက်သေပြပြီးသားပဲ။ အဲဒါ ကျွန်တော် ၁၃ – ၄ နှစ်သားက စိတ်ပါဗျာ။ အဲဒီ့ အရွယ်လေးမှာတောင် ဖအေ အရင်းခေါက်ခေါက်က ပြောတာတောင်မှ ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ယုံတဲ့၊ ကိုယ်တိုင် စမ်းကြည့်ပြီးမှ ယုံချင်တဲ့ ကျွန်တော့်သဘာဝနဲ့  ပြောတိုင်းယုံလွယ်နေသော လူနုံများရဲ့ သဘာဝကတော့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်လို့နေပါတယ်။
ပြောလိုက်ချင်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင် ဦးနှောက် ရှိကြပါတယ်။ ကျွန်တော် ပြောတာလည်း မယုံချင် မယုံပါနဲ့။ အဲဒီ့အတွက် ဘာမှ မဖြစ်ပါဘူး။ လေးတောင် လေးစားပါသေးတယ်။ ကိုယ့်ကိုယ်ခန္ဒာ၊ ကိုယ့်ကိစ္စပဲဗျာ၊ ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်ပေါ့။ ကိုယ်ကိုယ်တိုင် လုပ်ကြည့်ပေါ့။ အားကုန်တယ်ဆိုတာမျိုးဟာ တစ်ကိုယ်ရေ အာသာဖြေလို့ ဆိုတာထက် တခြား ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့်သော်လည်းကောင်း၊ အာဟာရကြောင့်သော်လည်းကောင်း၊ တခြား စိတ်ပင်ပန်းမှု တစ်ခုခုကြောင့် ဖြစ်နိုင်သေးတာကို ထည့်စဉ်းစားရမှာပါ။
မျက်ကွင်းချောင်တယ်ဆိုတာကို ဘာအထောက်အထားနဲ့ ပြောတာလဲ။ ကိုယ့်ကိုယ်ကိုယ် မှန်ကြည့်ပြီး ပြောတာလား။ မျက်စိဆိုတာ စိတ်နဲ့ ဆိုင်တယ်။ ကိုယ့်စိတ်က ကြောင့်ကြစိတ်ဖြစ်နေရင် မျက်နှာလည်း ကြည်မှာမဟုတ်ဘူး။ မြင်သမျှကိုလည်း အကောင်းဘက်က မြင်ဖို့ ခက်တယ်။ ကိုယ့်စိတ်က လန်းဆန်းနေရင် ကိုယ့်မျက်နှာ ကြည်နေမှာပဲ။ မြင်သမျှလည်း တင့်တယ်နေမှာပဲ။
ဒါမှမဟုတ် သူများ ပြောလို့ မျက်ကွင်းချောင်တာလား။  လူတစ်ယောက်တည်းကိုပဲ စောစောက တွေ့တဲ့လူက ၀လာတယ်ပြောပေမယ့် နောက်တစ်ယောက်ကကျ ပိန်သွားတယ်နော်လို့ ပြောတာ ကျွန်တော်တော့ ခဏခဏ ကြုံဖူးတယ်။ ဒါလည်း သူတို့ မျက်စိပဲ။ ခေါင်းထဲ ထည့်ရင် ထည့်တဲ့သူ လေးတာပဲ။  အရေးကြီးတာက ကိုယ့်စိတ်ပဲ။ ဒါ ကောင်းတယ်၊ လုပ်တယ်ကွာ ဘာဖြစ်တုံးဆိုရင် ကိုယ့်စိတ်ကြည်မယ်၊ အေးချမ်းမယ်၊ အပူအပင်ကင်းတဲ့ မျက်နှာနဲ့ ရှိနေမယ်။ ဘာမျက်ကွင်းမှလည်း ချောင်နေမှာ မဟုတ်ဘူး။ လူမမာမှ မဟုတ်တာ။ ဒါကြီးက မကောင်းဘူး၊ ငါတော့ မအောင့်နိုင်လို့သာ လုပ်မိသွားတာ၊ ဒုက္ခတော့ ဖြစ်တော့မှာပဲ၊ ဟိုဟာ ဖြစ်တော့မှာပဲ၊ သည်ဟာဖြစ်တော့မှာပဲဆိုတဲ့ အတွေးက နည်းနည်းလေး ၀င်လာတာနဲ့တင် စိတ်က မကြည်တော့ဘူး၊ မအေးချမ်းတော့ဘူး၊ အဲတော့ မျက်ခွက်ကလည်း ပုပ်လာတော့မှာပဲ၊ ပုပ်လာတဲ့ ကိုယ့်မျက်ခွက်က လူမမာရုပ်ပေါက်လာတာ ကိုယ့်ကြောင့် ဖြစ်တာလောက်လေးပဲ မြင်ကြစေချင်ပါတယ်။

တစ်လက်စတည်း မှာလိုက်ပါမယ်။ အမျိုးသားများ တစ်ကိုယ်ရေ အာသာဖြေခြင်းနဲ့ ပတ်သက်ပြီး ဖြေကြားတာ ဒါနောက်ဆုံးပါ။ သည်ကိစ္စ သည်မှာတင် တစ်ခန်း ရပ်ကြပါစို့ရဲ့။ နောက်ကို ဒါနဲ့ ပတ်သက်လို့ ဘယ်လို မေးခွန်းမျိုးပဲလာလာ လက်အညောင်းခံပြီး ဖြေမနေတော့ပါဘူး။ တော်တော် စိတ်ကုန်နေပါပြီခင်ဗျား။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U