Related Posts Plugin for WordPress, Blogger...

Friday, February 21, 2014

လူသတ်မှုစွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသော ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် အစိုးရထံအဖမ်းခံ


ဗင်နီဇွဲလားအစိုးရ၏ အတိုက်အခံခေါင်းဆောင် လီယိုပိုဒိုလိုပက်ဇ် ဖေဖော်ဝါရီ ၁၈ ရက်က ကရာကတ်တွင် ဆန္ဒပြနေစဉ် (Photo:AFP)


လူသတ်မှု၊ ဆူပူမှုဖြစ်ပွားရန် လှုံ့ဆော်မှုတို့ဖြင့် ဗင်နီဇွဲလားသမ္မတက ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ထားသည့် အတိုက်အခံခေါင်းဆောင် လီယိုပိုဒိုလိုပက်ဇ်သည် ဖေဖော်ဝါရီ ၁၈ ရက်က မြို့တော်ကရာကတ်တွင် အာဏာပိုင်များထံ သွားရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

ဗင်နီဇွဲလားကို ဆိုရှယ်လစ်တို့ ၁၅ နှစ်ကြာ အုပ်စိုးမှုကြောင့် ပျက်စီးမှုများကို မြင်တွေ့ရန် ပြည်သူတို့ကို မျက်စိဖွင့်ပေးနိုင်မည်ဆိုပါက ထောင်ကျခံရန် ကြောက်ရွံ့နေမည် မဟုတ်ကြောင်း အဖြူရောင်ရှပ်အင်္ကျီဝတ် ထောက်ခံဆန္ဒပြသူများကို လိုပက်ဇ်က အဖမ်းမခံမီ ပြောကြားခဲ့သည်။ ပန်းပွင့်ကိုဝှေ့ယမ်းပြီး ဆန္ဒပြလူစုကို ခွဲထွက်ကာ ရဲတပ်ဖွဲ့ထံ သွားရောက်အဖမ်းခံခဲ့သော လိုပက်ဇ်သည် ပြီးခဲ့သည့်တစ်ပတ်က အစိုးရလိုလားသူများနှင့် ဆန္ဒပြသူများအကြား ပဋိပက္ခအတွက် စွဲချက်များကို ရင်ဆိုင်ရမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက်က လိုပက်ဇ်ဦးဆောင်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုပြီးနောက် ပေါ်ပေါက်ခဲ့သော မတည်ငြိမ်မှုများကြောင့် လူသုံးဦးသေဆုံးခဲ့ပြီးနောက် သမ္မတမာဒူရိုကလိုပက်ဇ်ကို လူသတ်မှုစွဲချက်ဖြင့် ဖမ်းဆီးရန် အမိန့်ထုတ်ထားသည်။ အသက် ၄၂ နှစ်အရွယ် လိုပက်ဇ်သည် ဟားဗတ်တက္ကသိုလ် ကနေဒီအုပ်ချုပ်ရေးကျောင်းမှ မဟာဘွဲ့ ရရှိထားသူဖြစ်ပြီး အစိုးရက ပြည်သူ့ရန်သူနံပါတ်တစ်အဖြစ် သတ်မှတ်ထားသူဖြစ်သည်။

လိုပက်ဇ်သည် ၂ဝဝဝ ပြည့်နှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း ကရာကက်လက်အောက်ခံ အုပ်ချုပ်ရေးနယ်ချာချောင်၏ မြို့တော်ဝန်အဖြစ် သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့ဖူးသည်။ ထိုစဉ်က ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုဖြင့် စွပ်စွဲခံခဲ့ရပြီး လိုပက်ဇ်က ချားဗက်ဇ်အစိုးရသည် နိုင်ငံရေးအရ ဖိနှိပ်ရန် စွပ်စွဲခဲ့ခြင်း ဖြစ်သည်ဟုဆိုကာ ယင်းစွပ်စွဲချက်များကို ပယ်ချခဲ့သည်။ လိုပက်ဇ်သည် ၂ဝဝ၉ ခုနှစ်တွင် လက်ယာအလယ်အလတ်ဝါဒီ ပြည်သူ့ဆန္ဒပါတီကို ထူထောင်ခဲ့ပြီး ယင်းပါတီသည် ဗင်နီဇွဲလားတွင် ချားဗက်ဇ်သေဆုံးပြီးနောက် ဆန္ဒပြမှုများကို ရှေ့တန်းမှ ဦးဆောင်ခဲ့သည့် ပါတီဖြစ်သည်။

ကျောင်းသားများနှင့် ရဲများအကြား ညစဉ်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် တစ်ပတ်အကြာတွင် အစိုးရက ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ပြီး အမေရိကန် သံတမန်သုံးဦးကိုလည်း နှင်ထုတ်ခဲ့သည်။

ခြစားမှုများထူပြောပြီး လူနေမှုအရည်အသွေး ယိုယွင်းလာကြောင်း ဆန္ဒပြသူများက သမ္မတနီကိုလက်မာဒူရို၏ အစိုးရကို ဝေဖန်ထားသည်။ မာဒူရိုက ကရာကတ်ရှိ Plaza Brion တွင် ဆန္ဒပြမှုကို တားမြစ်ထားသော်လည်း လိုပက်ဇ်က ဆန္ဒပြကြရန် ဖေဖော်ဝါရီ ၁၆ ရက်က ဗီဒီယိုမက်ဆေ့ခ်ျမှတစ်ဆင့် တောင်းဆိုခဲ့ပြီး အစိုးရက ၎င်းကိုဖမ်းဆီးလျှင် အဖမ်းခံမည်ဟု ကတိပြုထားသည်။

Plaza Brion ဆန္ဒပြပွဲတွင် လိုပက်ဇ်က လူအုပ်အတွင်းမှ ရုတ်တရက် ပေါ်လာခဲ့ပြီး ဗင်နီဇွဲလားအလံကိုင်ကာ ကျူးဘားလွတ်လပ်ရေးသူရဲကောင်း ဟိုဆေးမာတီရုပ်တုအနီးသို့ တက်ရောက်သွားခဲ့သည်။ ထို့နောက် ထောက်ခံသူများကို စကားအနည်းငယ်ပြောပြီးနောက် လုံခြုံရေးတပ်ဖွဲ့များထံ အဖမ်းခံလိုက်ခြင်းဖြစ်သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U