Related Posts Plugin for WordPress, Blogger...

Thursday, July 18, 2013

နန်းထိုက်တော်ဝင်ပိုင်ရှင်နှင့် ဦးထင်ကျော် တရားခွင်မှအပြန် ခိုက်ရန်ဖြစ်


မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ က ဆန္ဒပြမှုများ မကြာခဏ ပြုလုပ်လေ့ရှိသူ ဦးထင်ကျော်ကို အသရေဖျက်မှုဖြင့် စွဲဆိုထားသော အမှု၏တရားခွင်မှ အပြန်တွင် ၎င်းခေါင်းဆောင်သော ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့မှ ဒေါ်စိန်ထွေးနှင့် နန်းထိုက်တော်ဝင် စားသောက်ဆိုင်ပိုင်ရှင် ဦးအိုက်လင်း၏ လုံခြုံရေးဝန်ထမ်းတို့ ခိုက်ရန်ဖြစ်ပွားပြီး အပြန်အလှန် အမှုဖွင့်ထားကြောင်း မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

ဇူလိုင်လ ၁၆ရက်နေ့ နံနက် ၁၁ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှေ့တွင် လူတစ်ထောင်ခန့်က ဦးအိုက်လင်းကို ကျင့်ထုံးဥပဒေပုဒ်မ ၅၉ အရ ပြစ်မှုကျူးလွန်သူတစ်ဦးကို လူထုကဖမ်းဆီးပြီး ရဲစခန်းကို ပို့ဆောင်နိုင်သည်ဟုဆိုကာ ဝိုင်းဝန်းဖမ်းဆီးပြီး နီးစပ်ရာ ရဲစခန်းသို့ ပို့ဆောင်မည်ဟု ကြွေးကြော်ကာ တရားရုံးရှေ့တွင် ရောက်ရှိနေခဲ့ကြောင်း အဆိုပါ အုပ်စုလိုက် တောင်းဆိုမှုတွင် ပါဝင်ခဲ့သူ မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်မှ ဒေါ်စန်းစန်းမြင့်က The Voice သို့ပြောကြားသည်။

အသရေဖျက်မှုဖြင့် ဦးထင်ကျော်ကို တရားစွဲဆိုထားသူ ဦးအိုက်လင်းက တရားရုံးမှအပြန် ကားပေါ်တက်ချိန်တွင် ဒေါ်စိန်ထွေးကို ကြည့်ကာ “အဲဒီမိန်းမကို သတ်ပစ်၊ သတ်ပစ်လို့” ခြိမ်းခြောက်ပြောဆိုရုံမက ဦးအိုက်လင်း၏ လုံခြုံရေးဝန်ထမ်းခေါင်းဆောင် ဦးအောင်မျိုးဆန်းက ဒေါ်စိန်ထွေးကို လက်သီးနှင့် ထိုးကြောင်း ဒေါ်စန်းစန်းမြင့်က ဆိုသည်။

သို့ရာတွင် “ရဲတွေက မလုပ်ဖို့ ဝိုင်းတားနေတဲ့ ကြားကနေ လူ ၁၀ ယောက် ကျော်လောက်က ဦးအောင်မျိုးဆန်းကို ကြိုးတွေနဲ့ ဝိုင်းချည်ကြတယ်၊ ဒေါ်စိန်ထွေးကို လက်သီးနဲ့ ထိုးမထိုးတော့ ကျွန်တော်တို့ မသိဘူး” ဟု အခင်းဖြစ်ပွားရာသို့ လာရောက်ကြည့်ရှုသူ မြောက်ဥက္ကလာပ တွင် နေထိုင်သည့် မျက်မြင်တွေ့ရှိသူ အမျိုးသားနှစ်ဦးက ဆိုသည်။

တရားရုံးမှ ပြန်လည်ထွက်ခွာစဉ် ဒေါ်စိန်ထွေးကို ခြိမ်းခြောက်ခြင်းလည်း မရှိခဲ့ကြောင်း၊ မိမိနှင့်လိုက်ပါလာသူများကိုလည်း ၎င်းတို့ ရန်စတိုက်ခိုက်ပါက ပြန်မတိုက်ခိုက်ဘဲ ကိုယ်လွတ်ရုံးရန်မှာ ကြားထားကြောင်း၊ ပြစ်မှုဆိုင်ရာကျင့်ထုံးပုဒ်မ ၅၉ ဖြင့် ဖမ်းဆီးတုပ်နှောင်ကာ နီးစပ်ရာရဲစခန်းသို့ ပို့ဆောင်မည်ဟု ဦးထင်ကျော်၏ ပြောဆိုမှုကို ပြည်တွင်း ဂျာနယ်တစ်ခုတွင် ဖော်ပြထားမှုမှာ အဆိုပါလူထုကို ယင်းကဲ့သို့ ပြုလုပ်ရန် လှုံဆော်သကဲ့သို့ ဖြစ်စေခဲ့ကြောင်း ဦးအိုက်လင်းက The Voice သို့ပြောကြားသည်။

“သူတို့ လူ ၁၀၀၀ လောက်ကြားမှာ ရောက်နေတာ ဘယ်သူက ပြသနာဖြစ်အောင် ရန်စမလဲဗျာ။ အခင်းဖြစ်တဲ့နေရာမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ သတင်းတပ်ဖွဲ့တွေနဲ့ ဗီဒီယိုဖိုင် အထောက်အထားတွေ အများရှိပါတယ်၊ ဥပဒေဘောင်အတွင်းကနေဆက်ပြီး ကျွန်တော်ရင်ဆိုင်သွားပါမယ်” ဟု ဦးအိုက်လင်းက ထပ်မံပြောကြားသည်။

တရားရုံးမှ တရားရင်ဆိုင်ပြီး အပြန်တွင် တရားရုံးရှေ့၌ လူအုပ်ကြီး ရှိနေသဖြင့် ဦးအိုက်လင်းနှင့် လိုက်ပါလာသူနှစ်ဦးက လမ်းဖယ်ပေးရန် မေတ္တာရပ်ခဲ့ကြောင်း၊ ယင်းနောက် ကားတားပေးခဲ့သူနှစ်ဦးနှင့် အဆိုပါလူအုပ်တို့ အချင်းများခဲ့ပြီး ၎င်းတို့ နှစ်ဦးကို ထိုးကြိတ်နေကြကြောင်း၊ ယင်းဖြစ်စဉ်ကို တွေ့မြင်ခဲ့သည့် ဦးအောင်မျိုးဆန်းက ဦးအိုက်လင်း၏ ကားပေါ်မှဆင်း၍ သွားရောက် ဖျန်ဖြေတောင်းပန်စဉ် ဦးအောင်မျိုးဆန်းကို ဒေါ်စိန်ထွေးနှင့် လူတစ်စုက လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ခန္ဓာကိုယ်ကို တုပ်နှောင်၍ ဝိုင်းဝန်းထိုး ကြိတ်ခဲ့ကြောင်း တရားရုံးသို့ ဦးအိုက်လင်းနှင့် အတူလိုက်ပါခဲ့သည့် ဦးနေဝင်းဦးက The Voice သို့ ပြောကြားသည်။

“တရားခံပြေးဆိုတာ တကယ်ဟုတ်မဟုတ်နဲ့ ဦးအိုက်လင်းက တရားခံပြေးကို လက်ခံ၊ မခံဆိုတာ ရဲတပ်ဖွဲ့က စုံစမ်းရမှာပါ။ သူတို့ကြွေးကြော်နေတဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၉ကို ဦးထင်ကျော်အနေနဲ့ တိတိကျကျ သိဖို့တော့လိုလိမ်မယ်။ ဥပဒေ အသုံးအနှုန်းကို ကိုယ်လိုရာဆွဲပြီး နားမလည်တဲ့ ပြည်သူတွေကို ချပြလိုက်တော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ” ဦးနေဝင်းဦးက ထပ်မံပြောကြားသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ဥတ္တရခန်းမတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးအိုက်လင်းက မရမ်းကုန်း (၆) ရပ်ကွက်ရှိ အိမ်ခြေ ၂၉၃ လုံးကို လျော်ကြေးငွေကျပ် ၁၀ သိန်းပေး၍ အဓမ္မသိမ်းဆည်းခဲ့မှုနှင့် ပတ်သက်၍ လျော်ကြေးငွေ မယူခဲ့ကြသူငါးဦးနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ရှင်းလင်းပွဲတွင် စလိုဗက်ကီးယား သံရုံးမြေကို ဦးအိုက်လင်းက ၎င်းပိုင်ဆိုင်သည်ဟုဆိုကာ စာရွက်စာတမ်းအတုနှင့် ရယူထားမှုတို့ကို ရှင်းလင်းခဲ့ကြောင်း၊၂၀၀၉ ခုနှစ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၄၂၀/ ၄၆၈/ ၅၁၂ ဖြင့် အရေးယူခံထားပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဒေါ်ခိုင်ခိုင်အောင်ကို နန်းထိုက်တော်ဝင် စားသောက်ဆိုင်တွင် မန်နေဂျာအဖြစ် ခန့်အပ်ကာ တရားခံပြေး လက်ခံထားမှုနှင့် ပတ်သက်၍ ထည့်သွင်း ရှင်းလင်းခဲ့သည့်အတွက် ဦးအိုက်လင်းက ၎င်းတို့ကို အသရေဖျက်မှု ပြစ်မှုပုဒ်မ-၅၀၀ ဖြင့် ပြန်လည် အမှုဖွင့်ထားကြောင်း ဦးထင်ကျော်က The Voice သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ ဦးအိုက်လင်းနှင့် လိုက်ပါလာသူများထဲမှ ဦးအောင်မျိုးဆန်း၊ ဦးနန်းဝင်း၊ ကိုစအိုက်ဖန်းတောင်တို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် ၎င်းသုံးဦးက ဒေါ်စိန်ထွေး၊ ဦးမြင့်နိုင်၊ ဦးထင်ကျော်တို့နှင့် ပါလာသော လူတစ်စုကို အရေးယူပေးရန် တိုင်တန်းမှုကို ( ပ ) ၅၇၇/၂၀၁၃၊ ပုဒ်မ- ၃၄၁/ ၃၄၂/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ဦးအိုက်လင်းက ဒေါ်စိန်ထွေးကို ‘အဲဒီမိန်းမကိုသတ်’ ဟု ပြောဆိုခဲ့ပြီး ဦးအိုက်လင်းနှင့် လိုက်ပါလာသူတစ်စုက ၎င်းတို့ကို ရိုက်နှက်ခဲ့သည်ဟု တိုင်ကြားမှုကို ( ပ ) ၅၇၆/၂၀၁၃၊ ပုဒ်မ- ၃၅၄/၃၂၃/၅၀၆ /၁၁၄ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
 
https://www.facebook.com/sayarchanbloger

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U