Related Posts Plugin for WordPress, Blogger...

Thursday, July 18, 2013

ပင်လုံစာချုပ်ချုပ်စဉ် ဗိုလ်ချုပ်စီးခဲ့သောကား ရုပ်ရှင်အတွက်ငှားရန် မဆက်သွယ်သေးဟုဆို


မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမည့် ရုပ်ရှင်အတွက် ပင်လုံစာချုပ်ချုပ်စဉ်က ဗိုလ်ချုပ်စီးခဲ့သော မော်တော်ယာဉ်ကို ငှားရမ်းရန် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က ယခုချိန်ထိ ဆက်သွယ်ခြင်း မရှိကြောင်း ယင်းမော်တော်ယာဉ်ကို ပိုင်ဆိုင်သော ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့ ဆုံးကြီးလမ်းတွင် နေထိုင်သူဒေါ်အေးအေးက ဇူလိုင်လ ၁၇ရက်နေ့တွင် The Voice သို့ပြောကြားသည်။

“ခုထိဘယ်သူမှ မဆက်သွယ်သေးလို့ ဒီအတိုင်းပဲ ရှိနေပါတယ်။ ဒီမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ကို ဆက်သွယ်ထားတာလည်း ဘာမှမထူးသေးပါဘူး။ ဆက်သွယ်လာရင်တော့ ငှားမှာပါ” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

မိမိတို့မှာ ငြိမ်းချမ်းရေးပွဲတော်အတွက် ဇာတ်တိုက်နေ၍ မအားလပ်သေးကြောင်း ထိုယာဉ်ပိုင်ရှင်ကို မည်သို့ဆက်သွယ်ရမည်ကိုလည်း မသိသေးသောကြောင့် မဆက်သွယ်ဖြစ်ကြောင်း၊ ဆက်သွယ်ဖြစ်လျှင် အကြောင်းကြားမည် ဖြစ်ကြောင်းဦးသူရ (ဇာဂနာ) ကဆိုသည်။

ဗိုလ်ချုပ် အသုံးပြုခဲ့သော အဆိုပါမော်တော်ယာဉ်ကို ရုပ်ရှင်ရိုက်ကူးရန်အတွက် အသုံးပြု ခွင့်ပေးမည်ဆိုလျှင် ယာဉ်ပိုင်ရှင်ကို လွန်စွာကျေးဇူးတင်ကြောင်း၊ ဗိုလ်ချုပ်ရုပ်ရှင်အတွက် ယခင်ကဗိုလ်ချုပ် အသုံးပြုခဲ့သော အသုံးအဆောင်များကို လိုက်လံရှာဖွေ စုဆောင်းနေကြောင်း၊ ယခုတွင် ဗိုလ်ချုပ် အသုံးပြုခဲ့သော ဘောပင်၊ စာအုပ်၊ အင်္ဂလန်သွားစဉ်က ဝတ်ခဲ့သောကုတ်အင်္ကျီ၊ ရွှေတောင်တိုက်ပွဲမှ ဂျပန်တော်လှန်ရေးတွင် အသုံးပြုခဲ့သော မော်တော်ယာဉ်တို့ကိုလည်း ရရှိထားကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ဦးသူရ (ဇာဂနာ) က ပြောကြားသည်။

အဆိုပါ မော်တော်ယာဉ်ကို ယခုချိန်ထိ မိမိတို့အိမ်တွင် ရပ်ထားပြီးတစ်ခါမှ မစီးဖြစ်ကြောင်း၊ လွန်ခဲ့သောငါးနှစ်အထိ နိုင်ငံတော်သို့ အခွန်ငွေများ ပေးဆောင်ခဲ့ပြီး သိမ်းထားကြောင်း၊ အနည်းငယ် အိုဟောင်းနေသော်လည်း ပြန်လည်ပြုပြင် စီးမည်ဆိုလျှင် ရသေးကြောင်း၊ ယခုအချိန်တွင် စီးပွားရေးသမားများက လာရောက် ကမ်းလှမ်းနေကြောင်း ယင်းယာဉ်ပိုင်ရှင် ဒေါ်အေးအေးက ပြောကြားသည်။
 
Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U