Related Posts Plugin for WordPress, Blogger...

Thursday, July 11, 2013

မိန်းမလျာများ ဖမ်းဆီးခံရမှုနှင့် အရှက်ရစေအောင်ပြုလုပ်မှု လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားမည်



မန္တလေး၊

မန္တလေးကျုံးဘေး လမ်းတစ်လျှောက်တွင် ညအချိန် ရှိနေသည့် မိန်းမလျာ များကို ဖမ်းဆီးနေမှုနှင့် ရဲများက ဖမ်းဆီးခံရသည့် မိန်းမလျာများကို အရှက်ရစေမှုများ ပြုလုပ်ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံ လိင်တူ ချစ်သူများ ကွန်ရက်က လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း အဆိုပါ ကွန်ရက် အဖွဲ့ဝင် Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက The Voice သို့ ပြောကြားသည်။

ဇူလိုင်လ ၇ ရက်နေ့မှ စတင်ကာ ကျုံးဘေး ပတ်ဝန်းကျင် လမ်းမများတွင် ညအချိန် လာရောက် စုဝေးလေ့ရှိသည့် မိန်းမလျာများကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုနှင့် ပတ်သက်၍ အဖမ်းခံရသူများက မကျေနပ်သဖြင့် ယင်းသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“တရားဥပဒေထက် ကျော်လွန်ပြီး လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လုပ်ဆောင်တာတွေကို ထောက်ပြ မယ်၊ လူသားအချင်းချင်း ရိုင်းပြတဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြမှာပါ” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ရဲများက ဖမ်းဆီးခဲ့ရာတွင် လူထုကြားထဲတွင် ဆံပင် အတုများကို ဆွဲဖြုတ်ခြင်း၊ ရိုင်းပျသည့် အမူအရာ များဖြင့် ဆက်ဆံခြင်း၊ ပါးရိုက်ခြင်း၊ မော်ဒယ်ရှိုး လျှောက်ခိုင်းခြင်း၊ လှောင်ပြောင် ရယ်မောခြင်း စသည် များကို ပြုလုပ်ခဲ့ကြကြောင်း ဖမ်းဆီးခံရသူများတွင် ပါဝင်သူ မိန်းမလျာ တစ်ဦးက ပြောကြားသည်။

“အဲဒီလိုတော့ မလုပ်ပါဘူး၊ သူတို့က ယောက်ျားတွေလေ၊ အချုပ်ခန်းထဲကို ထည့်မှတော့ မလိုအပ်တဲ့ ပစ္စည်းတွေကို ချွတ်ခိုင်းရမှာပဲလေ၊ ရှာစရာ ရှိတာတွေကို ရှာရမှာပဲ၊ အချုပ်ခန်းထဲကို သွင်းမှတော့ လက်သည်း ညှပ်တောင် ပါလို့ မရဘူးလေ” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးစိုးငြိမ်းက ပြောဆိုသည်။

မိန်းမလျာများကို ရဲတပ်ဖွဲ့က ညပိုင်း ဖမ်းဆီးရာတွင် ထွက်ပြေးကြသဖြင့် လိုက်လံ ဖမ်းဆီးရာ ၎င်းတို့ ဝတ်ဆင်ထားသည့် ဆံပင်တုများ ကျွတ်သွားခြင်း များရှိကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“ညနေ မှောင်ရင်ကို ကျုံးဘေးကို မဖြတ်ရဲဘူး၊ ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီလို မြင်နေရတာကို ရှက်တယ်၊ မိန်းမလျာတွေ ဒီလို အုပ်စုဖွဲ့ လမ်းသွား လမ်းလာတွေကို အနှောင့်အယှက်ဖြစ်စေတာကို ရဲတွေက ဒီအတိုင်းပဲ ကြည့်နေသလား ထင်မိတယ်” ဟု မန္တလေးတောင်ခြေအနီးတွင် နေထိုင်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးက သုံးသပ် ပြောဆိုသည်။

မြန်မာနိုင်ငံ လိင်တူချစ်သူများ ကွန်ရက်၊ ဖမ်းဆီးခံရသူ မိန်းမလျာများနှင့် ဥပဒေပညာရှင်များက လာမည့် ဇူလိုင်လ ၁၄ ရက်နေ့တွင် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လိင်တူချစ်သူများ ကွန်ရက်မှ မန္တလေးတိုင်းဒေသကြီး ကိုယ်စားလှယ် တစ်ဦးက ပြောကြား သည်။
 
Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U