Related Posts Plugin for WordPress, Blogger...

Tuesday, July 2, 2013

စစ်ဘေးရှောင် ကျောင်းသူကျောင်းသားများ ပညာသင်ရန် အခက်အခဲများတွေ့ကြုံ



မြစ်ကြီးနား၊ ဇူလိုင် ၁

ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ဖွင့်လှစ်ထားသော အလဲန်းဘွမ် အထက်တန်းကျောင်းတွင် စစ်ရှောင် ကျောင်းသူ ကျောင်းသားများမှာ စာသင်ဆောင်များ မလုံလောက်မှု၊ ပုံနှိပ်စာအုပ်နှင့် စာရေး ကိရိယာ မလုံလောက်မှု၊ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ မလုံလောက်မှု စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း အလဲန်းဘွမ် အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးမရူခေါင်လွမ်းက ပြောကြားသည်။

လိုင်ဇာမြို့အနီး အလဲန်းဘွမ် အထက်တန်းကျောင်းတွင် စစ်ရှောင် ကျောင်းသူကျောင်းသားများကို ကျောင်းအိပ်ကျောင်းစား လက်ခံ၍ အခမဲ့ သင်ကြားပေးလျက်ရှိရာ လက်ရှိတွင် စာသင်ဆောင် အခက်အခဲကြောင့် ၉ တန်းနှင့် ၁၀ တန်းကိုသာ ဦးစားပေး ဖွင့်လှစ် သင်ကြားပေးနေပြီး ဆောက်လုပ်ဆဲ စာသင်ဆောင်များ ပြီးစီးမှသာ ၅ ၊ ၆၊ ၇ ၊၈ တန်းတို့ကို ဖွင့်လှစ် သင်ကြားပေးနိုင်မည် ဖြစ်ကြောင်း၊ ကျောင်း သားကျောင်းသူများအတွက် အဓိက လိုအပ်ချက်မှာ ပြဋ္ဌာန်းစာအုပ် အခက်အခဲ ဖြစ်ပြီး ပြဋ္ဌာန်းစာအုပ် မရှိသောကျောင်းသားမှာ ခန်းလုံးကျွတ်နီးပါး ဖြစ်ပြီး လုံးဝလုံလောက်မှု မရှိကြောင်း၊ ကျောင်းဝတ်စုံမှ အစ ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက် အားလုံးကို တာဝန်ယူထားရသည့် အတွက်လည်း လိုအပ်ချက်များ မြင့်မားရခြင်း ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးမရူခေါင်လွမ်းက ရှင်းပြသည်။

“ကျောင်းသားမိဘတွေ ကိုယ်တိုင်က ဒုက္ခသည်ဆိုတော့ သားသမီးပညာရေးအတွက် ဘာမှမထောက်ပံ့နိုင်ဘူး၊ ကျောင်းကပဲ အားလုံး တာဝန်ယူထားတာဖြစ်လို့ လိုအပ်ချက်တွေ အများကြီး ရှိတယ်” ဟု ဆရာကြီး ဦးမရူခေါင်လွမ်းက ဆိုသည်။

ကျောင်းသားဦးရေ များသောကြောင့် နေရေးထိုင်ရေးအတွက် အဆောင် အခက်အခဲ၊ အစားအသောက်နှင့် သောက်ရေသုံးရေ အခက်အခဲစသည့် အဆင်မပြေမှု များစွာနှင့် ကြံတွေ့ရကြောင်း အလဲန်းဘွမ် အထက်တန်းကျောင်းတွင် တက်ရောက်နေသူ ဂျေယန်း ဒုက္ခသည်စခန်းမှ မောင်ဘရန်ဆန်အောင်က ပြောကြားသည်။

“လူအရမ်းများတော့ တစ်ခါတလေ မျက်နှာသစ်၊ သွားတိုက်ဖို့အတွက်တောင် အရမ်းခက်ခဲတယ်” ဟု မောင်ဘရန်ဆန်အောင်က ဆိုသည်။

လတ်တလော အလဲန်းဘွမ် အထက်တန်းကျောင်းသို့ လိုင်ဇာ အနီးဝန်းကျင်ရှိ စစ်ရှောင်စခန်းများမှ ကျောင်းသားကျောင်းသူ ၇၀ ကျော်ခန့် ရောက်ရှိ ပညာသင်ကြားနေပြီး ဆောက်လုပ်ဆဲ စာသင်ဆောင်များ ပြီးစီးသွားပါက ကျောင်းသား ဦးရေ ၁၀၀၀ ကျော်ခန့် ထပ်မံရောက်ရှိလာမှာ ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးက ထပ်ဆင့်ပြောကြားသည်။

ကေအိုင်အိုက ဖွင့်လှစ်ထားသော စာသင်ကျောင်း အသီးသီးတွင် တက်ရောက်လျက် ရှိသော ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာ စုစုပေါင်းနှစ်သောင်းကျော် ရှိပြီး ၎င်းတို့ အထဲတွင် စစ်ရှောင် ကျောင်းသား၊ ကျောင်းသူ တစ်သောင်းကျော် ပါဝင်ကြောင်း ကေအိုင်အို ပညာရေးဌာန စာရင်းဇယားများအရ သိရှိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U